အိတ်စွပ်ခြင်း၏ ရည်ရွယ်ချက်
၁။ ပိုးမွှားရောဂါ ကျရောက်မှုမှ ကာကွယ်ရန်
၂။ အပွန်းအပဲ့ဒဏ်ရာ ကင်းစေရန်
၃။ အရောင်အသွေးကောင်းမွန်တောက်ပသည့် သရက်သီးများ ရရန်
၎။ မိုးဒဏ်၊ လေဒဏ်နှင့် နေလောင်မှုကို ကာကွယ်ရန်
၅။ အလေအလွင့်နည်းပြီး အရောင်အဆင်း တောက်ပခြင်း၊ ပိုးမွှားရောဂါ မပါဝင်ခြင်း၊ အနာအဆာကင်းခြင်းတို့ကြောင့် ဈေးကွက်တွင် ယခင်ကထက် ဈေးကောင်းရသဖြင့် သရက်ခြံရှင်များ ၀င်ငွေတိုးတက်ရရှိစေရန်
အိတ်အမျိုးအစားများ
သရက်သီးအိတ်စွပ်ခြင်းဆောင်ရွက်မှု၏ မူလရည်ရွယ်ချက်မှာ ပိုးမွှားရောဂါ ကာကွယ်ရန် ဖြစ်သည့်အတွက် အိတ်အမျိုးမျိုး ပြုလုပ် အသုံး ပြုခဲ့ကြပါသည်။ သို့ပါသော်လည်း နည်းပညာတိုးတက်လာသည်နှင့် အမျှ အိတ်စွပ်မှုကြောင့် သရက်သီး၏ အရောင် အသွေးကိုပါ ပြောင်း လဲစေသောအိတ်များ ထုတ်လုပ်ခဲ့ကြသည်။
အိတ်အရွယ်အစားမှာ အလျား (၃၀)စင်တီမီတာ၊ အနံ (၂၀) စင်တီမီတာ ဖြစ်ပါသည်။ အိတ်၏ အောက်ခြေတွင် ရေထွက်စေရန်နှင့် လေ ၀င်လေထွက်ဖြစ်စေရန် အပေါက် (၁)ပေါက် ပါဝင်ပါသည်။ အိတ်၏ အထက်ဘက်၌ သရက်သီးအညှာတွင် အလွယ်တကူ ချိတ်ဆွဲ ချည်နှောင် ရန် နန်းကြိုးပါရှိသည်။ အိတ်မှာ (၂)ထပ် ဖြစ်သည်။ အပေါ်တစ်ထပ်မှာ အညိုရောင်စက္ကူဖြင့် ပြုလုပ်၍ မိုးရေလျှောသွားစေရန် ဖယောင်းလွှာပါဝင်ပါသည်။ အတွင်းအထပ်မှာ ဆီစိမ်စက္ကူနှင့် တူသော အနက်ရောင် စက္ကူဖြင့် ပြုလုပ်ထားပါသည်။ အသုံးပြုသည့် အိတ် များ မှာ နေရောင်စိမ့်ဝင်မှု (၁၃-၁၇)% ဖြစ်ကြောင်း သိရှိရပါသည်။ စမ်းသပ်မှုများအရ အိတ်စွပ်ပေးခြင်းဖြင့်
- အိတ်အတွင်းအပူချိန် (၂) မှ (၃) ဒီဂရီစင်တီဂရိတ် ပိုမြင့်၍ အသီးအ၀ါရောင်သို့ ပြောင်းလဲတောက်ပလာပါသည်။ ဤဖြစ်စဉ်မှာ အ သီးရှိ အစိမ်းရောင်ချယ် ကလိုရိုဖီးများလျော့နည်းသွားပြီး အ၀ါရောင်ဆဲလ် (Carotenoids) များပိုမိုဖွဲ့စည်းလာခြင်းဖြစ်ကြောင့် ဖြစ် ပါသည်။
- အသီးမှ အနီရောင်ချယ်ဆဲလ် (Anthocyanin) လျော့နည်း၍ အနီရောင် ပျောက်ခြင်း ဖြစ်စေပါသည်။
- အသီးရင့်မှည့်မှု (၃-၅) ရက် ပိုစောနိုင်ပါသည်။
- ဗီတာမင်စီပါဝင်မှုနှင့် အချိုဓါတ်ပါဝင်မှုမှာ မကွာခြားပါ။
- အမွှေးနံ့ထွက်စေသော ဓါတ်ပေါင်း (dacalactase , decalactone) ပမာဏ ပြောင်းလဲမှုမရှိပါ။
- အနီရောင်၊ ပန်းရောင်ရှိသော အသီးများအား မူလအရောင် ပြန်လည်ရရှိစေရန် ခူးရမည့်ရက်ထက် (၁၂)ရက်စော၍ အိတ်ဖြုတ်ထားရပါမည်။
အိတ်စွပ်သင့်သည့် အချိန်
- သရက်ပန်းပွင့်ပြီးရက်ပေါင်း (၅၅)မှ (၆၀)ရက် ၌ သရက်သီး အရွယ်အစားကြက်ဥအရွယ် ရှိလာချိန်တွင် အိတ်စွပ်ရပါမည်။ အိတ် မစွပ်မီ သရက်ခင်းအားရောဂါ ပိုးမွှားကျရောက်မှု ရှိ/မရှိ စစ်ဆေးရမည်။ မရှိပါက အရွယ်ညီသောအသီးများကို ရွေးချယ်၍ စွပ်ရ မည်။ ရောဂါပိုးမွှား ကျရောက်မှုရှိပါက ပိုးသတ်ဆေး/မှိုသတ်ဆေးဖျန်းပြီး (၃)ရက် ကျော်မှ အိတ်စွပ်ရမည်။
အိတ်စွပ်ခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများ
- အရောင်အသွေးတောက်ပပြီး အသီး၏ အရေခွံနူးညံ့ကာ ဈေးကွက်တွင် ရောင်းပန်းလှသဖြင့် ဈေးပိုရ၍ ၀င်ငွေတိုးခြင်း။
- အစေ့ထိုးပိုး၊ အသားထိုးပိုး၊ သီးထိုးယင် ကျရောက်မှုကို ကာကွယ်နိုင်ခြင်း၊
- အနာအဆာ၊ အပွန်းအပဲ့ ကင်းခြင်း၊
- ပိုးသတ်ဆေး၊ မှိုသတ်ဆေးများလျော့သုံးရ၍ ကုန်ကျစရတ် သက်သာခြင်း၊
- ပိုးသတ်ဆေးဓာတ်ကြွင်း အာနိသင်နည်းသဖြင့် စားသုံးသူအတွက် အန္တရာယ်ကင်းခြင်း၊
- လေးပြင်းဒဏ်၊ မိုးဒဏ်ကို ခံနိုင်ပြီး နေလောင်မှု မရှိခြင်း၊
- ခူးယူရရှိမည့် အသီးအရေအတွက် ကြိုတင်ခန့်မှန်းနိုင်ခြင်း၊
- အသီးအလေအလွင့်နည်းသဖြင့် ၀င်ငွေပို ရရှိခြင်း တို့ဖြစ်ပါသည်။
သရက်သီးခူးဆွတ်ခြင်း
သရက်သီးအိတ်မစွတ်မီ အိတ်ပေါ်တွင် အမှတ်စဉ်နှင့် ရက်စွဲ ထိုးထားခြင်း (သို့မဟုတ်) အမှတ်စဉ်နှင့် အိတ်စွပ်သည့် ရက်အလိုက် သင်္ကေတတစ်ခု မှတ်သားထားပြီး ရွယ်တူ သရက်သီးများအား စွပ်ထားခြင်းဖြင့် ဆွတ်ခူးရမည့်ရက်နှင့် အရေအတွက်ကို သိရှိနိုင်ပါသည်။
သရက်သီးသည် အမျိုးအစားပေါ် မူတည်၍ လည်းကောင်း၊ ဒေသပေါ်မူတည်၍ လည်းကောင်း ရင့်မှည့်ချိန် အနည်းငယ် ကွာခြားမှုရှိ သည်။ မျိုးအပေါ်မူတည်၍ ပန်းပွင့်ပြီး (၉၅)ရက်တွင် ခူးဆွတ်နိုင်သည်။ ခူးဆွတ်ချိန်တွင် အသီးရင့်မှည့်မှုသေချာစေရန် အသီးကို ရေတွင် ချကြည့်ပါက နစ်မြှုပ်သွားလျှင် ခူးသင့်သောအဆင့် ဖြစ်ပါသည်။
Source by – မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း
The post အိတ်စွပ်ခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ appeared first on Myanmar Farmers' Portal.