မြန်မာအမည် – ထောပတ်သီး
အင်္ဂလိပ်အမည် – AVOCADO
ရုက္ခဗေဒအမည် – Persea Americana
မျိုးရင်းအမည် – LAURACEAE
၁။ မူရင်းဒေသ
မူရင်းဒေသမှာ အမေရိကတိုက်အလယ်ပိုင်း မက်ဆီကိုနိုင်ငံဖြစ်သည်။
၂။ ရာသီဥတု
ပျမ်းမျှအပူချိန် (၁၂-၂၈ံ) စင်တီဂရိတ်၊ မိုးရေချိန် (၂၆-၅၈) လက်မ အတွင်းဖြစ်ထွန်းသည်။ ထောပတ်ပွင့်သည် မိုးဒဏ်ကိုခံနိုင်ရည်ရှိသည်။ သို့ရာတွင် ထောပတ်ကိုင်းများသည် ကျိုးလွယ်သဖြင့် လေဒဏ်ကိုသတိပြုရန် လိုအပ်သည်။ ပင်လယ်ပြင်မှအမြင့်ပေ(၁၅၀၀)မြင့်သည့် အခါတိုင်း အသီးပေါ်မှု (၂)လနောက်ကျကြောင်း တွေ့ရှိရသည်။
၃။ မြေအမျိုးအစား
ထောပတ်စိုက်ပျိုးမည့်မြေသည် ရေမ၀ပ်စေရပါ။ ရေသွင်းရေထုတ် လွယ်ကူရမည်ဖြစ်သည်။ ရေထုတ်ရန် လွယ်ကူပါက မြေစေး၊ သဲ၊ ကျောက်စရစ် မြေများတွင်လည်း စိုက်ပျိုးနိုင်သည်။ အောက်ခံကျောက်သား ခံနေလျှင်သော်လည်းကောင်း၊ မြေအောက်ရေမျက်နှာပြင် သုံးပေအတွင်း ဖြစ်နေလျှင်သော်လည်းကောင်း၊ နှစ်အနည်းငယ်အတွင်း အပင်ကိုသေစေပါသည်။ မြေအချဉ်အငံဓာတ် pH (၅-၇) အတွင်းဖြစ်ထွန်းသည်။
၎။ အပင်ကြီးထွားမှု နှင့် ဖွံ့ဖြိုးမှု
ထောပတ်ပင်သည် အပင်ကြီးမျိုးဖြစ်သည်။ အမြစ်များ၏ ၈၀-၉၀% ကိုမြေကြီး အပေါ်ယံမှ (၂)ပေအနက်တွင် တွေ့ရပြီး ၆၅-၈၀ %ကို မြေအပေါ်ယံမှ (၁၅)ပေတွင် တွေ့ရသည်။ အစေ့မှအပင်ပေါက်ရန် တစ်လခန့်ကြာသည်။ အပင်တစ်ပေခန့်အမြင့်တွင် အရွက်စထွက် သည်။ လိင်မဲ့မျိုးပွါးပင်ဖြစ်ပါက (၃)နှစ်သက်တန်းတွင် ပန်းစပွင့်သော်လည်း အစေ့စိုက်ပင်များတွင်မူ (၇-၈)နှစ်ကြာမှ ပန်းပွင့်သည်။
၅။ မျိုးပွားခြင်း
မြန်မာနိုင်ငံ၏ လက်ရှိအသီးထွက်နေသော ထောပတ်ပင်များမှာ အစေ့စိုက်ပျိုးထားခဲ့သော အပင်များဖြစ်သည်။ သို့ရာတွင် အောက်ခံပင်စိုက်ပြီး ကိုင်းကူးစိုက်ပါက အကောင်းဆုံးဖြစ်သည်။ ပိုးမွှားရောဂါကင်းသောအပင်မှ အသီးမှည့်ကိုယူ၍ (၅၀ံ)စင်တီဂရိတ် ရေနွေးတွင် နာရီဝက်စိမ်ပြီး အအေးခံခြောက်သွေ့စေရမည်။ ထို့နောက်အစေ့ခွံကို ခွာ၍ အစေ့၏ထိပ်နှစ်ဖက်ကို အနည်းငယ်ဖြတ်ကာ မြေချစိုက်ရသည်။ အသီးညှာဖက်ကို အပေါ်တွင်ထားရပါသည်။ အောက်ခံပင် ပျိုးရာတွင် ပင်ကြားတန်းကြား(၁-၂)ပေထားကာ သဲကိုလက်မ၀က်ခန့်ဖုံးပေးပြီး အရိပ်ပြုလုပ်ပေး ရပါမည်။ တစ်လခန့်အကြာ အပင်ပေါက်လာပါက အောက်ခံပင်(၄)လက်မခန့်တွင် အဖူးကိုင်းယူလာပြီး ဆက်ပေးရပါသည်။
၆။ စိုက်ပျိုးနည်း
စိုက်ကျင်းကို တစ်ပေအကျယ်ထားပြီး အမြစ်အရှည်ရှိသ၍ ကျင်းအနက်ရှိရန် လိုအပ်ပါသည်။ မြေကြီးမှာ ရေ၀င်ရေထွက်၊ လေ၀င်လေ ထွက်၊ ကောင်းရန်လိုအပ်ပါသည်။ ပင်ကြားတန်းကြား အကွာအဝေးကို ရာသီဥတု မြေ နှင့် မျိုးပေါ်မူတည်၍ ပင်ကြားတန်းကြား (၂၅×၂၅)ပေ သို့မဟုတ် (၃၀×၃၀)ပေ ထားသင့်ပါသည်။ ထောပတ်မစိုက်ပျိုးမီ တစ်နှစ်အလိုတွင် လေကာပင်များ စိုက်ပျိုးထားရန် လိုအပ်ပါသည်။ တစ်ဧကလျှင်အပင်ရေ(၄၈-၇၀)ပင် ၀င်ဆန့်ပါသည်။
မြေမျက်နှာပြင်မှ မြေအနက်အနည်းငယ်အတွင်း အမြစ်ဖြာလေ့ရှိသဖြင့် ပေါင်းရှင်းရာတွင် ပေါင်းသတ်ဆေး သုံးသင့်ပါသည်။ ထယ်၊ ထွန်၊ ကရိယာများ သုံးစွဲပါက အမြစ်ကိုထိခိုက် နိုင်ပါသည်။ ပေါင်းရှင်းပြီးပါက အစိုဓာတ်ရအောင် မြေကိုဖုံးအုပ်ပေးရန် လိုအပ်ပါသည်။
၇။ ရေသွင်းခြင်း
အရွယ်ရောက်သော ထောပတ်ပင် တစ်ပင်အတွက် ရေ(၅၀)ဂါလံလိုအပ်ပါသည်။
၈။ မြေသြဇာကျွေးခြင်း
အပင်သက်တန်းအလိုက် ဓာတ်မြေသြဇာကျွေးရန် လိုအပ်ပါသည်။ အရွက်များသေးရှည်ကာ ရွက်ကြောကြားတွင် အ၀ါရောင်အပြောက် များ ဖြစ်လာပါက ဇင့်ချို့တဲ့မှုကြောင့်ဖြစ်သဖြင့် ဇင့်ဓာတ်ပါသော ရွက်ဖျန်းမြေသြဇာတစ်မျိုးမျိုးအား ဖျန်းပေးသင့်ပါသည်။
၉။ အပင်ပြုစုခြင်း
အပင်ငယ်များကို ကိုင်းရှင်းခြင်း အနည်းငယ်သာပြုလုပ်သင့်ပါသည်။ အပင်၏ထိပ်ဖူး၊ အညွန့်များ ထောင်မတ်မလာမီ ဖြတ်ပေးသင့်ပါ သည်။ ကိုင်းရှင်းမှုများ လွန်သွားပါက အသီးထွက်နောက်ကျပြီး အသီးထွက်လျော့သွားပါသည်။ အပင်အမြင့်(၁၅-၂၅) ပေသာထားသင့် ပါသည်။ သို့မှသာ အသီးခူးရန် လွယ်ကူပြီး လေဒဏ်ခံနိုင်ကာ အပင်ပြုစုရန်လွယ်ကူမည်ဖြစ်ပါသည်။ အပင်ကြီးများတွင် အသီးခူးပြီး သည်နှင့် ကိုင်းရှင်းသင့်ပါသည်။ အပင်စိပ်စိပ်စိုက်ခဲ့သည့် အခင်းများတွင် တစ်ဧကအပင်(၁၁၀)ထားပြီး အသီးသီးပြီးသော မသန်စွမ်း သည့်အပင်များကို ရှင်းပြစ်ကာ အပင်ရေ(၇၀)အထိ လျှော့ချနိုင်ပါသည်။
အပင်လျှော့ချရာတွင် ပထမနှစ်တွင် (၁၈×၁၈)ပေ။ ဒုတိယ(၆)နှစ်တွင် (၃၆×၃၆)ပေအထိ အပင်ရေ လျှော့ချနိုင်ပါသည်။
၁၀။ ပိုးမွှားနှင့်ရောဂါ
ထောပတ်တွင် Seedling Blight သည်အဆိုးရွားဆုံး ဖြစ်ပါသည်။ အရွက်ကြွေခြင်း အပင်ခြောက်ခြင်းမှ အပင်တပင်လုံးသေသွားသည် အထိ ထိခိုက်စေပါသည်။ ကောပါးပါသော ကျူပရိုမက် ကဲ့သို့သောမှိုသတ်ဆေးများဖြင့် ကာကွယ်ရန်ဖြစ်ပါသည်။ ထို့အပြင် –
- အောက်ခံပင်အဖြစ် စိုက်ပျိုးမည့်အစေ့များကို သေချာစွာပိုးသန့်ရန်
- အမြစ်ပုပ်ရောဂါ ခံနိုင်ရည်ရှိသော အောက်ခံပင်များကိုရွေးရန်
- ပျိုးခင်းကို ရောဂါမှကာကွယ်ရန်
- အပင်ကိုနက်နက်စိုက်ပြီး ရေသွင်းရေထုတ်ကောင်းအောင် ဆောင်ရွက်ပေးရန်
- ရေသွင်းခြင်း မြေသြဇာကျွေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ရန် အရေးကြီးပါသည်။
အသီးသီးနေသည့် ထောပတ်ပင်များတွင် ကိုင်းခြောက်သေရောဂါသည် အဓိကဖြစ်သည်။ယင်းရောဂါသည် အမြစ်ပုပ်ရောဂါ ( Phytopthara )ကြောင့်ဖြစ်ကာ Trichoderma မှိုကိုမြေတွင် ထည့်ပေးပြီး ကာကွယ်နိုင်သည်။
၁၁။ အထွက်နှုန်း
တစ်ဧကလျှင် ထောပတ်သီး နှစ်တန်မှ ငါးတန်အထိ ထွက်နိုင်ပါသည်။ ထောပတ်သီးသည် ရင့်လာသည့်တိုင် အပင်ပေါ်တွင် ရက်သတ္တပတ်ကြာကြာ ရှိနေနိုင်ပါသည်။ အသီးရင့်များကို (၂၇ံ) စင်တီဂရိတ်တွင်ထားပါက တစ်ပတ်အတွင်းမှည့်ပြီး ၅ံစင်တီဂရိတ် တွင်ထားမည်ဆိုပါက တစ်လကြာမှ ရင့်မှည့်ပါသည်။ မရင့်မီခူးပါက ကောင်းစွာမမှည့်လာတော့ပေ။ ။
မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း
The post ထောပတ်သီးပင် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.