တစ်နိုင်တစ်ပိုင်အနေဖြင့် ကွမ်းတိုင်အနည်းဆုံး (၅၀၀) စိုက်ပျိုးရမည်ဖြစ်ရာ မြေအကျယ်အ၀န်းဖြင့် ရင်ကွဲစိုက်မည်ဆိုလျှင် (၆၆ x ၃၃)ပေ လိုအပ်ပါသည်။ (၅၆၄)ပင် ၀င်ဆန့်ပါသည်။ တစ်ဖက်သတ် စိုက်မည်ဆိုပါက (၅၈ x ၃၆) ပေ လိုအပ်ပါသည်။
တွက်ချက်ဖော်ပြထားသော အကျယ်အ၀န်း အတိုင်းအထွာများမှာ အနည်းဆုံးအနေအထားကို ကိန်းဂဏာန်းသဘောအရ တိကျစွာ တွက်ချက်ထားခြင်း ဖြစ်ပါသည်။ မိမိတွင်ရှိသော မြေအကျယ်အ၀န်းဖြင့် ခန့်မှန်းချင့်ချိန်နိုင်ရန်အတွက် အနည်းဆုံးလိုအပ်ချက်ကို ဖော်ပြထားခြင်းသာဖြစ်ပါသည်။
မြေပြုပြင်နည်း
ကွမ်းခြံအတွက် မြေပြုပြင်ရာတွင် ရှေ့ပိုင်းတွင် ဖေါ်ပြထားသည့်အတိုင်း ပြုပြင်ရန်ပင် ဖြစ်ပါသည်။ စိုက်ကွက်ကျဉ်းသဖြင့် နွားထယ်/ ထွန်မ၀င်နိုင်ပါက လူအားနှင့်ပင်ပြုပြင်ရပါမည်။ ထည့်သွင်းပေးရမည့် နွားချေး၊ ဓါတ်မြေသြဇာများမှာ ဖော်ပြထားပြီးသော (၃၂ x ၃၀) ပေ အကျယ်အတွက် သတ်မှတ်ထားသော နှုန်းထားထက် (၂)ဆ ပိုထည့်ပေးရန်သာ ဖြစ်ပါသည်။
စိုက်စနစ်
ကွမ်းစိုက်မည့် ဘောင်ဟု သတ်မှတ်ထားသောအကျယ်မှာ (၂)ပေရှိ၍ ဘောင်အလျားမှာ (၂၈) ပေ ရှိပါသည်။ယင်းသို့သော ဘောင်မျိုး တစ်ဘောင်နှင့် တစ်ဘောင်ကြား လမ်းအဖြစ် (၃) ပေ ခွာထားပါသည်။ ရင်ကွဲစိုက်နည်းအသုံးပြုမည် ဆိုပါက ဘောင်တစ်နေရာ သတ်မှတ်ပြီးနောက် လမ်း (၄)ပေခြားကာ နောက်ထပ်ဘောင် (၆) ဘောင် ထပ်မံပြုလုပ်ရမည် ဖြစ်သည်။ ဘောင်များအားလုံး၏ ပတ်ပတ်လည်တွင် လမ်း (၃) ပေ အကျယ်ထားပေးပါသည်။ အလယ်လမ်း၏ ထိပ်တစ်ဖက်တစ်ချက်တွင် ကွမ်းခြံအတွင်း ၀င်ပေါက် ထွက်ပေါက်များ ထားပေးပါသည်။ (၆၆’ x ၃၃’)
တစ်ဖက်သတ်စိုက်နည်းအသုံးပြုမည်ဆိုပါက ဘောင်အရွယ်အစားမှာ (၂၈ x ၂) ပေပင်ဖြစ်ပြီး ဘောင် (၁၁) ဘောင်ကို (၃) ပေခြားကာ ဆက်တိုက်ပြုလုပ်ပေးရန် ဖြစ်ပါသည်။ စိုက်ကွက်အနံနှစ်ဖက်တွင် လမ်း (၃) ပေ ချန်ထားမည်ဖြစ်ပြီး ဘောင်များထိပ်ဖက်တွင် လမ်း (၄)ပေ ချန်ထားသည်။ ၀င်ပေါက်ကို စိုက်ကွက် အလျားဖက်အလယ်တွင် (၄) ပေကျယ်ထား ပေးရမည် ဖြစ်သည်။ (၅၈’ x ၃၆’)
ကွမ်းစိုက်ရန်အတွက် သတ်မှတ်ထားသော (၂၈ x ၂)ပေ အကျယ်ရှိ ဘောင်နေရာတွင် (လောလောဆယ် ဘောင်မပေါ်သေးပါ) ဘောင်အလျားလိုက် ဘောင်နှုတ်ခမ်းမှ (၆) လက်မစီ ခွာ၍ စိုက်ကြောင်း (၂)ကြောင်း ဆွဲပေးရမည်။ ယင်းစိုက်ဘောင် (၂) ကြောင်းသည် (၁၂) လက်မ ကွာနေပါလိမ့်မည်။
စိုက်ကြောင်းနှစ်ကြောင်းဆွဲပြီးပါက စိုက်ကြောင်းတစ်ကြောင်းပေါ်တွင် ဘောင်ထိပ်မှ (၇) လက်မခွာ၍ မှတ်တိုင်စိုက်ပေးရမည်။ ဆက်လက်၍ ၄င်းမှတ်တိုင်မှ (၁၄) လက်မခွဲ၍ မှတ်တိုင်များ စိုက်ပေးရမည်ဖြစ်ရာ မှတ်တိုင်ပေါင်း (၂၄)တိုင် စိုက်ပြီးဖြစ်ပါလိမ့်မည်။ နောက်ဆုံးတိုင်သည် ဘောင်ထိပ်နှင့် (၇) လက်မကွာနေလိမ့်မည်။ နောက် ဒုတိယစိုက်ကြောင်းပေါ်တွင် မှတ်တိုင်များစိုက်ရာတွင် ပထမ စိုက်ကြောင်းပေါ်မှ မှတ်တိုင်များ၏ အလယ်ကောင်ကျသောနေရာမျိုးတွင် စိုက်ပေးရန်ဖြစ်ပါသည်။ မှတ်တိုင်များတစ်ခုနှင့် တစ်ခု (၁၄) လက်မကွာ ရရှိမည်ဖြစ်ပြီး မှတ်တိုင်ပေါင်း (၂၃) တိုင် စိုက်ပြီး ဖြစ်နေပါလိမ့်မည်။ ဘောင်တစ်ခုတွင် မှတ်တိုင်ပေါင်း (၄၇) တိုင်ရှိနေပါ လိမ့်မည်။
ဤကဲ့သို့ ပုံစံများစိုက်နည်းကို ဇရက်ခုန်စိုက်နည်းဟု ခေါ်ဆိုကြပါသည်။ အကွာအဝေး အနေအထားအရ မှတ်တိုင်များသည် သုံးနားညီ တြိဂံပုံ ရှိနေသည်။ စိုက်တန်း တစ်တန်းနှင့် တစ်တန်း ၁၂ လက်မစီ ကွာထားသော်လည်း ဘောင်ပေါ်တွင် ကွမ်းပင်များသည် တစ်ပင် နှင့်တစ်ပင် (၁၄) လက်မစီ ကွာနေပါမည်။
မှတ်တိုင်များမှတ်ပြီးပါက (၉) ပေရှည် ၀ါးခြမ်းပြား သို့မဟုတ် ၀ါးလုံးငယ်များကို မှတ်တိုင်နေရာတွင် ခိုင်ခိုင်မြဲမြဲ မတ်မတ်စိုက်ထူ၍ ကွမ်းစင်ပေါ်မှ ၀ါးတန်းများနှင့် တွဲ၍ အခိုင်အမာချည်နှောင်ပေးရပါမည်။ ၀ါးခြမ်းပြားသုံးပါက တိုင်များ နွဲ့နေနိုင်သောကြောင့် မြေပြင်မှ (၄) ပေ အမြင့်တွင် ၀ါးခြမ်းပြားအရှည်ဖြင့် တိုင်များကို တွဲကာ ချည်ပေးရပါမည်။ ဤသို့ ပြုလုပ်ပေးခြင်းဖြင့် ကွမ်းတိုင်များတောင့်တင်းသွား မည်ဖြစ်သည့်အပြင် စိုက်ပြီးကာစ ကွမ်းပင်များကို အရိပ်ရရန် ကောက်ရိုးတုံးများ ခွတင်ပေးနိုင်မည် ဖြစ်ပါသည်။
ကွမ်းတိုင်များစိုက်ပြီးပါက မျိုးကွန်းညွန့်ကို ဒေါင်လိုက်ဖြစ်စေ၊ လှဲ၍ ဖြစ်စေ ဒေသနှင့် ဆီလျော်စွာ စိုက်ပျိုးနိုင်ပါသည်။သတိပြုရန်မှာ ကွမ်းတိုင်၏ ဘယ်ဖက်တွင်သော်လည်းကောင်း၊ ညာဖက်တွင် သော်လည်းကောင်း တစ်ဖက်သတ်စိုက်ပျိုးသွားရန်ဖြစ်ပါသည်။
ပြုစုနည်း
ရှေ့ပိုင်းတွင်ဖော်ပြပြီးသည့်အတိုင်း ပြုစုပေးရန်ဖြစ်ပါသည်။ ရေပေးရာတွင် ရေအစက်ချ စနစ်ကို အသုံးပြုစေလိုသည်။ ကွမ်းဘောင် တစ်ဘောင်တွင် ပိုက်တစ်ချောင်းသာ ချပေးရန် လိုအပ်သည်။ ယင်းပိုက်လိုင်းများမှာ ရေအစက်ရေအစက်ချပိုက်များကို (၇) လက်မခြား တပ်ဆင်ပေးပြီး စိုက်တန်းနှစ်တန်းအလယ်တွင် ချထားပေးရန် ဖြစ်ပါသည်။ (၃) ရက်တစ်ကြိမ်ခန့် အစက်ချပိုက်ကို ဖြုတ်၍ ရိုးရိုးပိုက် ပြောင်းတပ်ကာ ဘောင်ပေါ်တွင်ဖုံးအုပ်ထားသော ကောက်ရိုးများ စိုရွဲစေရန် ရေဖျန်းပေးသင့်ပါသည်။ ကွမ်းပင်ကိုလည်း ပက်ဖျန်းပေးခြင်း ဖြင့် ကွမ်းရွက်ပေါ်တွက် တင်နေသော ဖုန်မှုန့်များကိုလည်း ဆေးကြောပြီးသား ဖြစ်စေပါသည်။
လုပ်ကိုင်ဆောင်ရွက်ရမည့် နည်းစနစ်တစ်ခုမှာ ကွမ်းညွန့်များအမြစ်စွဲ၍ အပင်များ လန်းဆန်းကြီးထွားပြီး အရွက်သစ်နှစ်ရွက်ထွက် ကာစအချိန်တွင် ကွမ်းညွန့်၏ ထိပ်ဖျားဖူးကို ဓားထက်ထက်ဖြင့် တဇောင်းဖြတ်ပစ်ရပါမည်။ ဤသို့ ဖြတ်ပစ်လိုက်ခြင်းဖြင့် မကြာမီအောက် အဆစ်များမှ ဘေးတက် (စလင်းတက်)များ ထွက်ထာမည်ဖြစ်ပါသည်။ ယင်းဘေးတက်များမှ ကျန်းမာသန်စွမ်းသော ဘေးတက် ( ၃-၄) ပင် ရသကဲ့သို့ ဖြစ်စေပါသည်။ ၄င်းအပင်များမှ့ အရွက်များကို ခူးယူရန်ဖြစ်ပါသည်။ အညွန်း ထိပ်ပိုင်းတွင် ကွမ်းရွက် (၄-၅) ရွက်ချန်၍ အောက်ရွက်ကို (၁၅)ရက် တစ်ကြိမ် ခူးဆွတ်ရန် ဖြစ်ပါသည်။ သို့ဖြစ်၍ ကွမ်းပင်များမှာ အောက်လက်များရှင်း၍ ရိုးတန် သဖွယ်ဖြစ် နေပါလိမ့်မည်။ ၄င်းတို့ ကို စုစီး၍ ကွမ်းတိုင်တွင် ချည်ပေးသွားရမည် ဖြစ်ပါသည်။
ကွမ်းပင်ကို ရွက်ဖျန်းမြေသြဇာ ပတ်ဖျန်းမည်ဆိုပါက အရွက်ကိုလည်း ဖျန်းပေးရမည် ဖြစ်သကဲ့သို့ ပင်စည်ရိုးတန်များကိုလည်း ပတ်ဖျန်းပေးရန် လိုအပ်ပါသည်။
သို့ဖြစ်၍ (၁၅)ရက် တစ်ကြိမ်ခူးတိုင်းကွမ်းတိုင် တစ်တိုင်မှ ကွမ်းရွက် (၄) ရွက် ရရှိမည်ဖြစ်ပြီး ရင်ကွဲ စိုက်နည်းစနစ်မှ ကွမ်းရွက် (၂၂၀၀) ကျော် ရရှိမည်ဖြစ်ရာ (၄.၅)ပိဿာကျော် ရရှိနိုင်ပါသည်။
တစ်ဖက်သတ်စိုက်နည်းမှ ကွမ်းရွက် (၂၀၀၀) ကျော် ရရှိမည်ဖြစ်ရာ (၄) ပိဿာ ရရှိနိုင်ပါသည်။
အရွက်သေး ၅၀ရွက် = ၁၀ ကျပ်သား
အလယ်အလတ် ၄၅ရွက် = ၁၀ ကျပ်သား
အရွက်ကြီး ၄၀ရွက် = ၁၀ ကျပ်သား
ဖော်ပြပါ ပျမ်းမျှနှုန်းထားမှ ကွမ်းရွက် ၅၀ ရွက်လျှင် ၁၀ ကျပ်သားရှိသည်ကို အခြေခံတွက်ချက်ဖော်ပြခြင်း ဖြစ်ပါသည်။
ကွမ်းခွေခြင်း
ရာသီဥတုအခြေအနေကြောင့်လည်းကောင်း၊ ကွမ်းစင်အမိုးကို ထိနေ၍ လည်းကောင်း၊ ကွမ်းပင်များရောဂါကင်းကင်းနှင့် အခြေအနေ ကောင်း၍လည်းကောင်း ကွမ်းခွေနိုင်ပါသည်။ ဂရုပြုရန်အချက်မှာ ကွမ်းပင်များကို စိပ်စိပ်စိုက်ထားသောကြောင့် ကွမ်းတိုင်တွင် တွယ်ကပ် နေသော ကွမ်းပင် (၄)ပင်စလုံးကို ခွေချရန် မဖြစ်နိုင်ပါ။ သို့ဖြစ်၍ အသန်စွမ်းဆုံးအပင်တစ်ပင်ချန်၍ ကျန် (၃)ပင်ကို အရင်းမှဖြတ်ပစ်ကာ ကျန်တစ်ပင်ကိုသာ ခွေချရမည် ဖြစ်ပါသည်။ ခွေထားသော ကွမ်းပင်ကို မြေမြှပ်ရန်အတွက် ကွမ်းပင်တန်းနှစ်တန်းကြား ကွမ်းပင်နှင့် တည့်တည့်နေရာတွင် ကျင်းရှည်တူး၍ မြှပ်ပေးနိုင်ပါသည်။
ချန်ထားသည့် ကွမ်းပင်ကို ထိပ်ညွန့်ဖြတ်၍ထွက်လာသော ဘေးတက် (၃-၄)တက်ကို ပြန်မွေးမြူရန် ဖြစ်ပါသည်။
Source by – မောင်ဌေးအန့် (ကွမ်းစနစ်တကျ စိုက်ပျိုးနည်း)
The post ကွမ်းတစ်နိုင်တစ်ပိုင် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.