၆။ ရေသွင်းရေထုတ်ပြုလုပ်ခြင်း
- တာရိုး၊တမံနှင့် ရေသွင်းရေထုတ် ရေတံခါးများကို တစ်ကွင်းတစ်စပ်အတွင်းရှိ တောင်သူများပူးပေါင်း၍ တစ်နိုင်တစ်ပိုင် ပြုလုပ်၊ ပြင်ဆင် မွမ်းမံပါ။
- ရေသွင်း၊ ရေထုတ်လွယ်ကူစေရန် လယ်လယ်ကြားမြောင်းများ ပြုလုပ်ပါ။
- ရေစီမံခန့်ခွဲမှုကို လိုအပ်သလို ဆောင်ရွက်နိုင်ရန်အတွက် စိုက်ကွင်းမြေမျက်နှာပြင်ကို ညီအောင်ညှိပါ။
- ကန်သင်းများကို ခိုင်ခန့်အောင်ပြုလုပ်ပြီး ကြွက်တွင်းများ မရှိစေရန် ဂရုစိုက်ပါ။
- ရေလွှမ်းနေစဉ်အတွင်း ဒီရေကျချိန်တွင် ကွင်းအတွင်းမှ ရေထုတ်ပါ။ မရိတ်မီ ၂ ပတ်အလိုတွင် ရေဖောက်ထုတ်ပါ။
၇။ ပေါင်းမြက်ကာကွယ်နှိမ်နှင်းခြင်း
- မြေကိုပေါင်းကင်းစင်အောင် ထယ်ထိုးထွန်ယက်ပါ။ ပထမအကြိမ်နှင့် ဒုတိယအကြိမ် မြေပြင်ချိန်တွင် ပေါင်းမြက်များ စုံလင်အောင် ပေါက်ပါစေ၊ မြေကို ၇-၁၀ ရက်ခြား၍ ထယ်ထိုးထွန်မွှေပါ။
- ရွေ့ပြောင်းမစိုက်မီ သမန်းပြင်ပြီး မြက်ခေါင်းကောက်ပါ။
- အတန်းလိုက်စိုက်ပါက ရေထုတ်ပြီး သမန်းနိုးကိရိယာဖြင့် ကြားပေါင်းလိုက်ပါ။
- ပေါင်းနှိမ်နင်းခြင်းနှင့် လက်ပေါင်းလိုက်ခြင်းကို စပါးစိုက်ပြီး ၃၀-၄၅ ရက်အတိုင်မီ အပြီးဆောင်ရွက်ပါ။
- ရေလွှမ်းနစ်မြှပ်သော နေရာအများစုတွင် ပေါင်းပြဿနာကျရောက်မှု နည်းသော်လည်း တိုက်ရိုက်အစေ့ချစနစ်ကို အသုံးပြုပြီး ပေါင်းမြက်ဆိုးရွားစွာ ကျရောက်လေ့ရှိပါက ပေါင်းအမျိုးအစားပေါ် မူတည်၍ မှတ်ပုံတင်ထားသော ပေါင်းသတ်ဆေးကို ဆေးညွှန်းတွင် ပါဝင်သော ညွှန်ကြားချက်များနှင့် ထောက်ခံနှုန်းထားအတိုင်း စနစ်တကျအသုံးပြုပါ။ ဥပမာ -အဓိက ကျရောက်သော ပေါင်းအမျိုးအစားသည် မြက်နှင့် မြက်မုံညင်းမျိုးရင်းများ ဖြစ်ပါက အောက်ဖော်ပြပါ ပေါင်းသတ်ဆေးတို့ကို အသုံးပြုနိုင်ပါသည်။
ပေါင်းသတ်ဆေးအမည် | တစ်ဧကအတွက် ဆေးနှုန်းထား | အသုံးပြုရမည့်အချိန် |
ပေါင်းပင်မပေါက်မီ အသုံးပြုရသော ပေါင်းသတ်ဆေး Pretilachlor + safener | ၁၅၀-၃၀၀ ml EC a.i | စပါးစိုက်ပြီး (၃) ရက်အကြာ |
ပေါင်းပင်ပေါက်ပြီးမှ အသုံးပြုရသော ပေါင်းသတ်ဆေး Fenoxaprop+Ethoxy Sulfuron | ၃၁ ml EC a.i | စပါးစိုက်ပြီး ၁၀-၂၀ ရက်အကြာ |
ပေါင်းပင်ပေါက်ပြီးမှ အသုံးပြုရသော ပေါင်းသတ်ဆေး Bispyribic-sodium | ၅-၈ ml SL a.i | စပါးစိုက်ပြီး ၁၄-၂၂ ရက်အကြာ |
၈။ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း
- ပိုးမွှားရောဂါ ကျရောက်ဖျက်ဆီးမှု ရှိ/မရှိကို အမြဲမပြတ်ကွင်းဆင်း၊ကင်းထောက် စစ်ဆေးပြီး ပိုးသတ်ဆေးကို လိုအပ်မှသာ အသုံးပြုပါ။
- စပါးပင်ဖြစ်ထွန်းမှု အစောပိုင်းကာလ (၃၀-၄၀) ရက်အတွင်း ပိုးမွှားကျရောက်မှုကြောင့် အရွက်များ ဖျက်ဆီးမှု ဖြစ်ပေါ်ပါက စပါးပင် မှ ပြန်လည်အစားထိုးရှင်သန်နိုင်ပါသည်။
- ပိုးမွှားရောဂါများ ရှင်သန်ခိုအောင်းရာ နေရာဖြစ်သော ပေါင်းပင်များနှင့် ပင်ကြွင်းပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။
- ကြွက်ကြောင့် သီးနှံလေလွင့်မှု ဆုံးရှုံးမှုနည်းစေရန်
(၁) ပတ်ဝန်းပျင် သီးနှံခင်းများနှင့် စိုက်ချိန်/ရိတ်ချိန် ညီအောင်ဆောင်ရွက်ပါ။
(၂) စိုက်ခင်းနှင့် ဘေးပတ်ဝန်းကျင်တွင် ပေါင်းမြက်များကင်းစင်အောင် ရှင်းလင်းပါ။
(၃) ကြွက်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို သားမပေါက်ခင်အချိန်တွင် လက်ဦးမှုရယူနှိမ်နင်းရန်အတွက် စစိုက်ချိန်တွင် တစ်ကြိမ် သီးနှံမပေါ်ခင်တွင်တစ်ကြိမ် မဖြစ်မနေဆောင်ရွက်သင့်ပါသည်။
(၄) ကြွက်ထောင်ချောက်ထောင်ခြင်း၊ ကြွက်ကျင်းများတူးဖော်၍ ကြွက်ဖမ်းခြင်း၊ ကြွက်များအား လူအင်အားဖြင့် ခြောက်လှန့်ဖန်းဆီးခြင်း ကြွက်ကာပစ္စည်းများ အသုံးပြုခြင်း၊ ထောင်ချောက်သီးနှံဖြင့် ကြွက်ကာကွယ်နှိမ်နင်းခြင်း (Trap Barrier System) ကြွက်တို့၏ သားရဲကောင်များ မွေးမြူခြင်း၊ ကြွက်မုဆိုးများ၏ အကူအညီရာူ၍ ကြွက်ဖန်းခြင်း၊ ကြွက်ဆေးချခြင်း လုပ်ငန်းများကို လုထုလှုပ်ရှားမှု အသွင်ဖြင့် တစ်ကွင်းတစ်ဆက်တည်း ဆောင်ရွက်သင့်ပါသည်။
၉။ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းလွန်နည်းစနစ်များ
- မောင်းညိုချိန် (စပါးအနှံ၏ ၈၀-၈၅ % ရင့်မှည့်ချိန်)တွင် ရိတ်သိမ်းပြီး ချက်ချင်းခြွေလှေ့ပါ။
- ၂-၃ ရက် နေဖြင့် အခြောက်လှန်းပါ။ လိုအပ်ပါက အခြောက်ခံ ကိရိယာ အသုံးပြုပြီး အပူချိန် ၄၃ ဒီဂရီစတင်တီဂရိတ်ခန့် ထားင၍ အခြောက်ခံပါ။
- ကွန်ကရစ်တလင်း(သို့) မိုးကာခင်းတွင် နေလှန်းပါက အထူ ၂ လက်မထက်မပိုဘဲ ခပ်ပါးပါးလှန်းပါ။ ခြောက်သွေ့မှု ညီညာစေရန် နာရီဝက်ခြားတစ်ကြိမ် အထက်အောက် လှန်ပေးပါ။
- မြင့်မားသော အပူချိန် (၅၄-၄ ဒီဂရီစင်တီဂရိတ်နှင့်အထက် ) တွင် အခြောက်မခံသင့်ပေ။
- စပါးစေ့အစိုဓာတ်သည် မျိုးစပါးအတွက် ၁၂% နှင့် ကြိတ်ခွဲစားသုံးမည့် စပါးအတွက် ၁၄% ထားရှိရန် လိုအပ်ပါသည်။
- မျိုးစေ့များကို သန့်စင်ပြီး လေလုံစွာပိတ်ထားနိုင်သော ပုံး၊ ပေပါ၊ အိတ်စသည့် ပစ္စည်းများ (ဥပမာ ဟာမက်တစ်အိတ် ) ထဲသို့ ထည့်သွင်းပါ။
- ထို့နောက် လေ၀င်လေထွက်ကောင်းပြီး ပိုးမွှား၊ ကြွက်၊ ငှက်တို့မှ ကာကွယ်ထားသော သိုလှောင်ရုံအတွင်း စနစ်တကျသိုလှောင်ပါ။
- စပါးသိုလှောင်ထားရာ ပတ်ဝန်းကျင်တွင် ဖိတ်စင်ကျန်ရစ်ခဲ့သော စပါးစေ့များကို ချက်ချင်း သန့်စင်ဖယ်ရှားပါ။
- သိုလှောင်ရုံကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။
Source by – စိုက်ပျိုးရေးဦးစီးဌာန
The post ရေတက်၊ ရေကျနှင့် ရေလွှမ်းနစ်မြှပ်သော နေရာများအတွက် သင့်လျော်သော မိုးစပါးစိုက်ပျိုးနည်းစနစ်များ(ဒုတိယပိုင်း) appeared first on Myanmar Farmers' Portal.