(ဃ) အပင်ခြေတွင် သစ်ရွက်၊ ပေါင်းမြက်စသည်တို့ စုသိမ်း၍ ပုံပေးခြင်း
မက္ကဒေးမီးယားစိုက်ခင်းတွင် အပင်ကြီးထွားသန်စွမ်းရေးနှင့် အထွက်နှုန်းပိုမိုကောင်းမွန်ရေးအတွက် အစိုဓာတ်ထိန်းခြင်း၊ (Mulching) လုပ်ငန်းကို ဆောင်ရွက်ရမည်။ အစိုဓာတ်ထိန်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် မြေမှအစိုဓာတ်ဆုံးရှုံးမှုကို ကာကွယ်သည့်အပြင် မြေ၏ အပူချိန်ကို မျှတစေသည်။ ထို့အပြင် အပေါ်ယံမြေတိုက်စားမှုကို ကာကွယ်နိုင်ပြီး မြေသားတည်ဆောက်မှု ပိုမိုကောင်းမွန်စေပါသည်။ ပေါင်းမြက်များကိုလည်း နှိမ်နင်းစေနိုင်ပါသည်။ အစိုဓာတ် ထိန်းရန်အတွက် မက္ကဒေးမီးယား အသီးခွံ ဆွေးများနှင့် မြက်ခြောက်ဆွေး များအသုံးပြုနိုင်ကြောင်း သိရှိရပါသည်။ အစိုဓာတ်ထိန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် အပင်ခြေပင်စည်ကို တိုက်ရိုက်မထိတွေ့ စေရပါ။ ပင်စည်ရောဂါကျရောက်စေနိုင်၍ ဖြစ်ပါသည်။ အစိုဓာတ်ထိန်းသိမ်းမှုကို အပင်တန်းများကြား မြက်များထားရှိပေးပြီး မှန်မှန် ရိတ်ပေးခြင်းဖြင့်လည်း ဆောင်ရွက်နိုင်ပါသည် ။
(င) ပေါင်းမြက်များနှိမ်နင်းခြင်း
ပေါင်းမြက်များကို နှိမ်နင်းရာတွင် လူအားအသုံးပြု၍ လည်းကောင်း၊ ဂလိုဖိုဆိတ်ကဲ့သို့ ပေါင်းသတ်ဆေးများကို ပေါင်းမြက် အထူအပါး အလိုက် ထောက်ခံထားသော နှုန်းထားပြောင်း၍ သုံးစွဲခြင်းဖြင့်လည်းကောင်း၊ ကျောပိုးမြက်ဖြတ်စက်ငယ်များကို ဓါးသွားအစား ပလပ် စတစ် ကြိုးမာတပ်၍ လည်းကောင်း၊ အသုံးပြုနှိမ်နင်းနိုင်ကြောင်း သိရှိရပါသည်။ ပေါင်းမြက်နှိမ်နင်းခြင်းကို မည်သည့်နည်းကို အသုံးပြု သည်ဖြစ်စေ အရေးကြီးသော အချက်မှာ ပင်စည်နှင့် အောက်ခြေကိုင်းများကို မထိ ခိုက်စေရေးပင် ဖြစ်ပါသည်။ ထိခိုက်မိပါက ရောဂါ ရရှိနိုင်ပြီး သေဆုံးနိုင်၍ ဖြစ်ပါသည်။
(စ)ရေလိုအပ်မှု
သာမန်အားဖြင့် မိုးေ၇ချိန် လုံလောက်စွာ ရရှိနိုင်ပြီး အစိုဓာတ် ထိန်းခြင်းကို နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်ထားရှိပါက မက္ကဒေးမီးယား စိုက်ခင်းကို ရေသွင်းရန်မလိုအပ်ဟု သိရှိရပါသည်။ သို့ရာတွင် ခြောက်သွေ့ရာသီများ သို့မဟုတ် မိုးရေချိန် လုံလောက်စွာ မရရှိသော အခြေအနေများတွင် ရေသွင်းပေးခြင်းဖြင့် ပိုမိုကြီးထွားသန်စွမ်းပြီး အထွက်နှုန်းနှင့် အရည်အသွေးကို တိုးတက်စေနိုင်ပါသည်။ အထူးသဖြင့် အပင်ငယ်စဉ် ကာလများနှင့် အပင်ကြီးပန်းပွင့်ချိန်မှ ရင့်မှည့်ချိန်ကာလများတွင် အစိုဓာတ်လုံလောက်စွာ ရရှိမည်ဖြစ်ရာ ယင်းကာလများတွင် ခြောက်သွေ့လွန်းပါက ရေသွင်းပေးရန်လိုအပ်ပါမည်။ ရေလိုအပ်ချက်အနေဖြင့် အပင်ငယ်စဉ်တစ်နှစ်သားတွင် တစ်ပင်လျှင် (၄၀)လီတာ (၁၀ဂါလံ) နှုန်းဖြင့် တစ်ပတ်တစ်ကြိမ်သွင်းပေးရမည်ဟု သိရှိရပါသည်။ ရေပန်းများကိုလည်း တပ်ဆင် အသုံးပြုနိုင်ပါသည်။ (၄) နှစ်သား အရွယ်ဖြစ်လျှင် အနည်းဆုံး တစ်ပင်လျှင် (၂၀၀၀) လီတာ (၅၀၀) ဂါလံ ခန့် တစ်ပတ်တစ်ကြိမ် ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရှိရပါသည်။
တန်းကြားသီးနှံ စိုက်ပျိုးခြင်း
မက္ကဒေးမီးယား စိုက်ပျိုးရာတွင်၊ စိုက်ပျိုးရာဒေသအခြေအနေ၊ မြေအမျိုးအစား၊ စိုက်ပျိုးသော မျိုးစသည်တို့ အရအကွာအဝေး အပင် ၀င်ဆန့်မှုတို့ အနည်းငယ်ကွဲပြားကြသော်လည်း အပင်ငယ်စဉ်၌ ပင်ကြားတန်းကြား မြေနေရာလွတ်ရှိနေပါသည်။ အဓိက သီးနှံ မက္ကဒေးမီယား မှ ၀င်ငွေမရမီ ၀င်ငွေအထိုက်အလျောက် ရရှိေ၇းအတွက်လည်းကောင်း၊ မြေတိုက်စားပြီး မြေဆီလွှာကုန်ဆုံးမှုမှ ကာကွယ်ရန် လည်းကောင်း၊ လေကာပင်အဖြစ် အထောက်အကူရရှိရန် လည်းကောင်း၊ တန်းကြားတွင် အခြားသီးနှံအချို့ကို သင့်လျော်သော အကွာအဝေး ဖြင့် တွဲညှပ်စိုက်ပျိုးနိုင်ပါသည်။ တွဲညှပ်စိုက်ပျိုးနိုင်သော သီးနှံများမှာ ရာသီသီးနှံများအနေဖြင့် ပဲအမျိုးမျိုး၊ ပြောင်း၊ မြေပဲ၊ စသည်တို့နှင့် တွဲဖက်စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ မူရင်းဒေသ သြစတေးလျနိုင်ငံ နှင့် အချို့သော မက္ကဒေးမီးယား စိုက်ခင်းများတွင် တန်ကြား၊ ပင်ကြားများကြား၌ မြက်များ စိုက်ပျိုးထားရှိပြီး ပုံမှန်ရိတ်ပေးခြင်းဖြင့် မြေဆီလွှာမှအစိုဓာတ် ဆုံးရှုံးမှုနှင့် မြေဆီလွှာတိုက်စားမှုတို့ကို ကာကွယ်နိုင်ကြောင်း သိရှိရပါသည်။ အဓိက သတိပြုရန် အချက်မှာ တန်ကြား သီးနှံအနေဖြင့် မည်သည့် သီးနျံ ကို တွဲဖက်စိုက်ပျိုးသည်ဖြစ်စေမိမိ အဓိက စိုက်ပျိုးသော မက္ကဒေးမီးယား သီးနှံ၏ ကြီးထွားမှု၊ အထွက်နှုန်း အရည်အသွေးတို့ကို ထိခိုက်မှု၊ အနှောက်အယှက်ဖြစ်မှု မရှိစေရန်ပင် ဖြစ်ပါသည်။
Source – လယ်/ဆည်
The post မက္ကဒေးမီးယား အပင်ပြုစုထိန်းသိမ်းခြင်း အပိုင်း (၂) appeared first on Myanmar Farmers' Portal.