သခွားမွှေးသီး၏ မူရင်းဒေသမှာ အိန္ဒိယနှင့် အာဖရိကဖြစ်သည်။ Cantaloup, Mushmelon, Muskmelon, Cantalope, Rockmelon or Spanspeak ဟုလည်းခေါ်တွင်သော သခွားမွှေးသီးဆိုသည်မှာ သခွားသီးနှင့် ဖရဲသီးကဲ့သို့သော သစ်သီးဝလံမျိုးစုံ ပါဝင်သည့် Cucurbitace မျိုးရင်းဝင် Cucumismelo မျိုးစိတ်မှ အသီး တစ်မျိုးကို ဆိုလိုသည်။ မျိုးကွဲများမှာ ကမ္ဘာနေရာ အနှံ့အပြားတွင် ပေါက်ရောက်သော်လည်း အနောက်တိုင်း တွင် ပေါက်ရောက်ရာ ဒေသကို အစွဲပြု၍ အမည်တွင် ကျော်ကြားသည့် မျိုးစိတ်မှာ ၂ မျိုးသာရှိသည်။ တစ်မျိုး မှာ အီတလီရှိ ပုပ်ရဟန်းမင်းကြီးနှင့် သက်ဆိုင်သော ရွာတစ်ရွာဖြစ်သည့် Cantalup ရွာကို အစွဲပြုမှည့်ခေါ်ထား သည့် European Cantaloup ဖြစ်ပြီး အစိမ်းဖျော့ရောင်ရှိ၍ အစင်းကြောင်း အနည်းငယ်သာရှိကာ North America သခွားမွှေးနှင့် အနည်းငယ်ကွဲပြားသည်။ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံရှိ အချို့ ဒေသများ တွင် လူကြိုက်များလှသည့် The North America သခွားမွှေးကို ပိုက်ကွန်ကဲ့သို့ အကွက်များပေါ်နေသော ၄င်း ၏ အပေါ်ယံအခွံများကြောင့် ပိုက်သခွားမွှေး (Reticulatus) ဟုခေါ်ကြသည်။ Honeydew melon မှာ ချိုမြ၍ အရည်ရွှမ်းပြီး အစိမ်းဖျော့ရောင် အသားများရှိသည်။
ယေဘုယျအားဖြင့် သခွားမွှေးတို့မှာ အလုံးအဝိုင်း (သို့) လေးထောင့်သဏ္ဍာန် အလုံးရှိပြီး အချင်း ၄.၅ လက်မရှိ ကာ ၄၅၀ မှ ၈၅၀ ဂရမ်အထိ အလေးချိန်စီးသည်။ အတွင်းသားမှာ လိမ္မော်ရောင်မှ ပန်းရောင်အထိရှိတတ်ပြီး နှုး ညံ့၍ အရည်ရွှမ်းကာ ရင့်မှည့်ချိန်တွင် စိမ်းရွှေချိုမြသောရနံ့ရှိသည်။ အတွင်း၌ရှိသည့် အဝါဖျော့ရောင် အစေ့များ ကို ကာရံထားသည့် အစေ့အိမ်မှာ စေးကပ်၍ ပိုက်ကွင်းကဲ့သို့ အလွှာများကပ်နေသည်။
သခွားမွှေး ရင့်မရင့် အရသာ ရှိမရှိ ဆိုသည်ကို ခွဲစိတ်မကြည့်ဘဲ သိနိုင်ရန် မလွယ်ကူချေ။ အရွယ်အစားနှင့်မ လိုက်အောင် လေးလံပြီးသန့်ရှင်းလျက် အရောင်မနုလွန်း မရင့်လွန်းသော အခွံရှိကာ သယ်သူပို့ဆောင်စဉ် ထိ ခိုက်တတ်သည့် အနာအဆာကင်းသော အသီးကိုသာ ရွေးချယ်သင်သည်။ သခွားမွှေး၏ စူးရှမွှေးပျံ့ သောရနံ့မှာ အတော်ဝေးဝေး ကပင် ရှုရှိုက်၍ ရနိုင်သည်။ သို့သော် သခွားမွှေး၏ ပြင်ပအကာတွင် Salmonella ဗက်တီးရီး ယားပိုးများ ရှိတတ်သဖြင့် ခွဲစိတ်စားသုံးခြင်းမပြုမီ ရေသွက်ရေအေးတွင် သေချာစွာ ဆေးကြောသင့်သည်။ များ သောအားဖြင့် သခွားမွှေးကို အစိမ်းလိုက်အဖြစ်၊ ကျောက်ကျောအဖြစ်၊ အသုပ်အဖြစ်၊ ရေခဲမုန့်နှင့် တွဲဖက်အစာ အဖြစ် စားသုံးလေ့ရှိသည်။
ရနံ့အလွန်မွှေးကြိုင်သည့် သခွားမွှေးတွင် ကယ်လိုရီနှင့် အဆီဓာတ်အလွန်နည်းပါးပြီး ကျန်းမာရေးကိုအထောက် အကူပြုနိုင်သည့်အပြင် ဗက်တီးရီးယားများကို သေစေနိုင်သည့် ကာဘောလစ်အက်ဆစ်များ၊ ဗိုက်တာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်သည်။ ၄င်းပြင် ဗိုက်တာမင်အေ၊ ဓာတ်တိုးဆန့်ကျက်ပစ္စည်းများဖြစ်သည့် ဘီ တာကယ်ရိုတင် (Beta carotenea) နှင့် ဇီဇန်သင် (Zeaxanthin) တို့လည်းပါဝင်သည်။
လူ (၂၀) ဦးစာ
ပါဝင်အမယ်များ အချိုးအဆ
ကျောက်ကျောမှုန့် ၂ ထုပ်
သကြား ၂၅ ကျပ်သား
ဆား ၁ လက်ဖက်ရည်ဇွန်း
သခွားမွှေးသီး(အလုံးကြီး) ၁ လုံး
အုန်းသီး (ခြစ်ပြီး) ၂ လုံး
အစိမ်းရောင်အစာဆိုးဆေး ၁/၄ လက်ဖက်ရည်ဇွန်း
ရေ (အရောင်ဖျော်ရန်) ၁ လက်ဖက်ရည်ဇွန်း
ရေနွေး ၈ ခြင်တွယ်ခွက်
ကြိုတင်ပြင်ဆင်ခြင်း
- သခွားမွှေးသီးကို ထက်ခြမ်းခြမ်းပြီး အတွင်းမှ အစေ့များကို ခပ်ထုတ်ပစ်ပါ။
- အသားများကို ဇွန်းဖြင့်ခြစ်၍ ဇလုံထဲထည့်ပါ။
- အားလုံးခြစ်ယူပြီးလျှင် ကြိတ်ခြေစက်ထဲသို့ ထည့်ကာ ကြိတ်ခြေပါ။
- သကြား၊ ဆားနှင့် ကျောက်ကျောမှုန့်များကို ဇလုံတွင်ထည့်ပြီး သမအောင်ရောထားပါ။
- အုန်းသီးဖတ်များကို ဦးရည်ညှစ်ယူစစ်ထားပြီး ကျန်အုန်းသီးဖတ်များကို ခြင်တွယ်ခွက် (၈) ခွက်စာရေနွေးဖြင့် နှောင်းရည်ညှစ်ထားပါ။ အမှိုက်စစ်ထားပါ။
ပြုလုပ်နည်းအဆင့်ဆင့်
- အုန်းနို့နှောင်းရည်အိုးတွင် ကျောက်ကျောအရောထည့်ပြီး မီးအနေတော်တွင် မမွှေဘဲနှင့် ပွက်လာ အောင်တည်တည်ပါ။
- ပွက်လျှင် မီးရှိန်လျှော့ပြီး ကျောက်ကျောနှင့် သကြားများ ပျော်လာသည်အထိ ကျိုရာတွင် တချက်တ လေ မွှေပေးပါ။
- ကျောက်ကျောပျော်လျှင် သခွားမွှေးများထည့်ပါ။
- ပွက်စပြုလျှင် ဖိုမှချပြီး ခြင်တွယ်ခွက် တစ်ဝက်စာစီ အညီအမျှခွဲပါ။
- ကျောက်ကျောရည်တစ်ဝက်တွင် အုန်းနို့ဦးရည်ရောပါ။
- ကျန်ကျောက်ကျောရည် တစ်ဝက်တွင်အစိမ်းရောင် အစာဆိုးဆေးကိုရေဖျော်ပြီး ထည့်၍ နှံ့အောင်မွှေပါ။
- မွှေပြီးနောက် အဖုံးလုံအောင် အုပ်ထားပါ။
- မုန့်ဗန်းထဲသို့ အုန်းနို့ဦးရေရော ကျောက်ကျောရည်တစ်ဝက် ဖြန့်လောင်းထည့်ပါ။
- မျက်နှာပြင်တင်းစပြုလျှင် အဖြူရောင်ကျောက်ကျောပေါ်သို့ အစိမ်းရောင်ကျောက်ကျောရည်ကို မျက် နှာပြင်မပေါက်အောင် ယောက်မခံပြီး ခပ်ဖြည့်ဖြည်း ဖြန့်လောင်းပါ။
- “သခွားမွှေးကျောက်ကျောဗန်း” ကို အခန်းအပူချိန်တွင်ပင် အအေးခဲခံပါ။
ပြင်ဆင်ရန်
- “သခွားမွှေးကျောက်ကျော” ကို မုန့်ကော်တံပြားဖြင့် ကော်ထုတ်ကာ ကျောက်ကျောလှီးဓားဖြင့် နှစ် သက်သလို လှီးစိတ်၍ ပန်းကန်ထဲထည့်ပြီး ပြင်ပေးပါ။
- လက်ဖက်ရည်ကြမ်းအိုး ပြင်ဆင်ပေးပါ။
သိမှတ်ရန်
- ၁၃” × ၁၀”×၂” ဒန်လေးထောင့်ဗန်းကို အသုံးပြု၍ အချိုးအဆ ပေးထားသည်။
- တတ်နိုင်သလောက် အစိမ်းရောင်ကို ပြေပြစ်သည့် အရောင်ပေါ်ရုံသာထည့်လျှင် ပို၍ကောင်းသည်။
- ကျောက်ကျောရည်ကို ထက်ဝက်အညီအမျှ လောင်းထည့်မှသာ မုန့်သားအထူအပါးညီမည်။
- သကြားပျော်လျှင် မြည်းကြည့်ပြီး အချိုကြိုက်နှစ်သက်ပါက သကြားထပ်ထည့်နိုင်သည်။
- ပြည်တွင်းသခွားမွှေးဖြစ်စေ ပြည်ပသခွားမွှေးဖြစ်စေ ထည့်ရမည့် အချိုးအဆမှာ အတူတူပင်ဖြစ်သည်။
- အစာဆိုးဆေးသုံးရာတွင် ရေ (၁) လက်ဖက်ရည်ဇွန်းနှင့် အစာဆိုးဆေးအားလုံး ပျော်အောင်ဖျော်ရမည်။
- မပျော်ဘဲကျန်နေသော အခဲများသည် ကျောက်ကျောမျက်နှာပြင်၏ အလှအပကို ထိခိုက်စေနိုင်သည်။
- လက်ညှစ်အုန်းနို့သုံးလျှင် ရေနွေးနှင့် ခြင်တွယ်ခွက် (၈) ခွက်စာ ညှစ်ရမည်။
- အုန်းနို့ဘူးကို သုံးလျှင် ၄၀၀ml ဘူးကြီး (၁) ဘူးသုံးပါ။
- ၄၀၀ml တစ်ဘူးစာထဲသို့ ရေနွေးခြင်တွယ်ခွက် ၆ ၁/၂ ခွက်စာ ရောထည့်လိုက်လျှင် ခြင်တွယ်ခွက် (၈) ခွက်စာရမည်။
Pissaya_Info
The post သခွားမွှေးကျောက်ကျော ပြုလုပ်နည်း appeared first on Myanmar Farmers' Portal.