မြန်မာအမည် – ဖာလာ
အင်္ဂလိပ်အမည် – CARDAMON
ရုက္ခဗေဒအမည် – ELETTARIA CARDAMOMUM MATON
မျိုးရင်း – ZINGIBERACEAE
မူရင်းဒေသ။ ။ အိန္ဒိယပြည်တောင်ပိုင်း၊ သီဟိုဠ်ကျွန်း။
အမျိုးအစား။ ။ ထင်ရှားသောဖာလာမျိုးများ (တနည်းကမ္ဘာ့ဈေးကွက်တွင် အရောင်းအဝယ်ပြု နေသော ဖာလာမျိုးများ) မှာ-
(၁) Mysore or Ceylon Mysore
(၂) Malabar or Ceylon Malabar
(၃) Mangalore
(၄) Aleppi or Alleppy တို့ဖြစ်ပြီး၊ ဒေသကိုလိုက်၍ တမျိုးနှင့်တမျိုး အနည်းငယ်စီသာ ကွာခြား၏။
စိုက်ပျိုးသည့်ဒေသ။ ။ အိန္ဒိယနိုင်ငံနှင့် သီဟိုဠ်ကျွန်းတို့တွင်အများအပြား စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် စိုက်ပျိုးကြသည်။
ပုံသဏ္ဍာန်။ ။ နှစ်ရှည်ခံ အမြဲစိမ်းလန်းသော အပင်ဖြစ်သည်။ မြေအောက်ပင်စည်ရှိသည်။ အရွက်သည်လှံစွပ်ပုံသဏ္ဍာန်ရှိပြီး အလျား (၁)ပေမှ (၃)ပေအထိ ရှိသည်။ အနံ(၃) လက်မမှ (၆) လက်မအထိကျယ်သည်။ ရွက်ပြားအစိမ်းရောင်ရှိသည်။ အချို့ မျိုးတွင် အရွက် အပေါ်နှင့်အောက် မျက်နှာနှစ်ဘက်လုံး၌အမွှေးရှိသည်။ အချို့ ပြောင်ချောနေသည်။ ပန်းပွင့်မှာလိင်စုံပွင့်ဖြစ်၍ အဖြူရောင် ရှိပြီး နှုတ်ခမ်း သားဝါသည်။ အပင်ရင်း မြေကြီးနားထိကပ်၍ ပွင့်ကြသည်။ အသီးသုံးမြှောင့်ပုံဆန်ဆန် ဖြစ်၍ အကန့်(၃) ကန့်ရှိသည်။ အကန့်များထဲတွင် စူးရှမွှေးကြိုင်သော အနံ့ရှိသည့် အစေ့များပါရှိသည်။ အသီးတစ်ခုတွင် အစေ့ (၁၀)စေ့မှ (၁၅)စေ့ထိပါရှိသည်။
မြေအမျိုးအစား။ ။ မြေဆွေးဓာတ်များပြီး အစိုဓာတ်ထိန်းနိုင်သောမြေမျိုးကို နှစ်သက်သည်။ မြေသားထုနက်၍ နုံးဆန်သောမြေမျိုးတွင် ကောင်းစွာစိုက်ပျိုးနိုင်သည်။ ရေဝပ်ခြင်းကိုလုံးဝမကြိုက်သ ဖြင့် စိုက်မည့်နေရာသည် ဆင်ခြေလျောဖြစ်လျှင် ပိုကောင်း၏။ အမြင့်ပေ (၂၅၀၀) မှ (၄၀၀၀) အတွင်း စိုက်ပျိုးပေါက်ရောက်နိုင်၏။
ရာသီဥတု။ ။ အပူချိန် (၆၀) ဒီဂရီဖာရင်ဟိုက်နှင့် မိုးရေချိန် (၆၀) လက်မမှ (၁၅၀) လက်မအတွင်း ရှိသော ပူအိုက်စွတ်စိုသည့် ရာသီဥတုကို ကြိုက်နှစ်သက်၏။
မြေပြုပြင်နည်း။ ။အရိပ်ရှိသော နေရာမျိုးကိုရွေးချယ်ပြီး မြေပြုပြင်ရ၏။ မြေပြုပြင်ရာတွင် စိုက်ပျိုး မည့်စနစ်ကိုလိုက်၍ မြေပြုပြင်မှုကွာခြား သည်။ ကျင်းစနစ်ကို အသုံးပြုမည်ဆိုပါက တကျင်းနှင့်တကျင်း (၃)ပေ သို့မဟုတ် (၄)ပေခွာ၍ (၃)ပေပတ်လည်အကျယ် ကျင်းများတူးရမည်။ အတန်းလိုက်စိုက်စနစ် ကို သုံးမည်ဆိုပါက တတန်းလျှင်(၃)ပေမှ (၄)ပေခွာ၍ ထယ်ကြောင်းပေးပြီး ထယ်ကြောင်းတွင် မြေသြ ဇာများထည့်၍ မြေပြုပြင်ပေးရ၏။
အစေ့မှပျိုးထောင်စိုက်ပျိုးနည်းကိုသုံးမည်ဆိုပါက ပျိုးဘောင်ကို (၉)လက်မမှ (၁)ပေအထိ အမြင့် ထား၍ အကျယ်(၂)ပေ၊ အရှည်(၁၂)ပေမှ (၁၅)ပေ ထားရ၏။ ရေထုတ် ရေသွင်းမြောင်းများ ပြုလုပ်ရန် လိုသည်။ ကောင်းစွာဆွေးမြေ့ ပြီးပွသောမြေဆွေး ထူထူခင်းပေးရ၏။ ပျိုးဘောင်ကိုအရိပ်ရစေရန်အ တွက် (၅)ပေခန့်မြင့်သော စင်ထိုးပြီး အကိုင်းအခက်များကို မိုးပေးရ၏။
စိုက်ပျိုးချိန်။ ။ အသီးအများဆုံးခူးရသော စက်တင်ဘာလနှင့် အောက်တိုဘာလတွင်စိုက်ပျိုး သည်။ အစေ့ကိုပျိုးလျှင် (၄၅) ရက်ကြာ အညှောင့်ပေါက်၍ တစ်နှစ်ကြာလျှင်(၁ ၁/၂)ပေမြင့်လာ သည်။
ပျိုးထောင်နည်း။ ။ ပျိုးပင်ကို အစေ့မှလည်းကောင်း၊ အတက်မှလည်းကောင်း ပျိုးယူနိုင်သည်။ အစေ့များမှ ပျိုးထောင်ရာတွင် အသီးခူးပြီး ချက်ခြင်းစိုက်မှသာ အပင်ပေါက်နှုန်းကောင်း၍ (၁ ၁/၂) လခန့်ကြာမှစိုက်သော် အညှောင့်ထွက်မှု ၆၀%ထိခိုက်၍ (၄)လခန့်ကြာပါက ၉၆% ထိခိုက်နိုင်သည်။
အစေ့မှပျိုးထောင်နည်း။ ။ စိုက်ပျိုးမည့်မျိုးစေ့သည် ကောင်းစွာရင့်၍ထွားကြိုင်းလတ်ဆတ်ပြီး ပိုး မွှားကင်းရန်လိုသည်။ အစေ့တွင် ကပ်နေသော ချွဲကျိသည့် အရည်များကို ပြာဖြင့်ပွတ်၍ နေရိပ်တွင်အ ခြောက်လှမ်းပြီး ချက်ခြင်းစိုက်ရ၏။ အစေ့မှအပင်ပေါက်ရန် (၂)လမှ (၃)လအထိ ကြာတတ်သသည်။ အစေ့များကို လက်နှင့်ကြဲပြီး ထွန်ခြစ်နှင့်ဆွဲပေးရမည်။ အပေါ်မှ မြက်ခြောက်၊ ကောက်ရိုးခြောက်များ အုပ်ပေးရမည်။
အတက်ဖဲ့၍ စိုက်ပျိုးနည်း။ ။ ပင်တက်များအားဖဲ့၍စိုက်ပျိုးလျှင် မြေမှဖော်ပြီးပြီးချင်းစိုက်ရ၏။ အတက်စိုက်ရာတွင် လေဒဏ်ခံနိုင်ရန် တုတ်ချောင်းနှင့် ချည်ပေးရ၏။ အမြစ်ထွက်က စိုက်ထူထား သောတုတ်ကိုဖယ်ပစ်နိုင်သည်။
စိုက်ပျိုးနည်း။ ။ ကျင်းစနစ်ဖြစ်ပါက အသင့်တူးထားသော ကျင်းများထဲသို့ ဧပြီလ၊ မေလ ခန့်တွင် ပျိုးပင်များချ၍ စိုက်ရသည်။ ကျင်းထဲသို့ အပေါ်မြေတခြား၊ အောက်မြေတခြား သစ်ဆွေးမြေနှင့်ရော၍ ထည့်ရသည်။ အိန္ဒိယပြည်တောင်ပိုင်းတွင် အမြင့်ပေ (၂၀၀၀) မှ (၅၀၀၀) အထိ တောင်ကုန်းတောင် တန်းများတွင် တောရှင်းထားသောနေရာများ၌ အရိပ်ရအောင် ပြုလုပ်ပြီး ဖာလာပင်များကို စိုက်ပျိုးကြ သည်။
အပင်ပြုစုနည်း။ ။ လေကာပင်များစိုက်ပျိုးပေးရမည်။ ပေါင်းပင်များကို ရှင်းပေးပြီး မြေမကြာခဏ ဆွပေးရ၏။ မြေကိုဆွရာတွင် မြေအပေါ်ယံတွင်သာ ဆွရ၏။ ရေကိုဂရုစိုက် သွင်းပေးရန်အရေးကြီး၏။
ဆွတ်ခူးနည်း။ ။ ပျိုးပင်များ စိုက်ခင်းသို့ရွေ့ စိုက်ပြီး (၃)နှစ်၊ မျိုးစေ့ချပြီး (၄-၅)နှစ်အကြာ ပန်းစ ပွင့်၏။ သီဟိုဠ်တွင် တနှစ်ပတ်လုံးနီးပါး အပွင့်ပွင့်သည်။ အဓိကအားဖြင့် ဇန်နဝါရီလမှ မေလအထိပွင့် သည်။ သြဂုတ်လကုန်တွင် စတင်ခူးပြီး ဧပြီလမတိုင်မီအထိ ဆက်လက်ဆွတ်ခူးသွားသည်။ အောက် တိုဘာလမှ ဒီဇင်ဘာလအတွင်း အသီးအများဆုံးဆွတ်ခူးရရှိ၏။ အသီးများမမှည့်မှီ ကပ်ကျေးဖြင့် အညှာကို ဖြတ်ယူရသည်။ မှည့်သွားပါက အက်ကွဲသွားသည်။ အဝါရောင်သို့ ပြောင်းခါစတွင် စောစော ခူးဆွတ်လျှင် သာလွန်ကောင်းမွန်သော အသီးများရသည်။
အထွက်နှုန်း။ ။ တဧကအသီး ခြောက်ပေါင် (၁၂၀)မှ (၂၅၀) အထိထွက်၍ ပျမ်းမျှ (၁၁၂)ပေါင်မှ (၁၆၈) ပေါင်ရနိုင်သည်။ ၄င်းအောက် အထွက်နှုန်းကျက မကောင်းချေ။ ရေ၊ မြေ ရာသီဥတုအဆင်ပြေ ပါကတဧက ပေါင်(၇၀၀)ထိ ထွက်နိုင်၏။ အရုံတရုံလျှင် ဖာလာခြောက် အနည်းဆုံး (၂.၃) ပေါင်ရနိုင် ၏။
အသုံးပြုနည်း
အစေ့ – ၁။ မီးယပ်ငုပ်ခြင်း၊ ထိန်ကျန်ခြင်းနှင့် မီးယပ်သွေးဆုံးရောဂါများအတွက် ဖော်စပ်သောသွေး ဆေးများတွင်လည်းကောင်း၊ ကျောက် ငန်း၊ ကျောက်ရူးရောဂါအတွက် ဖော်စပ်သော ကျောက်ဆေးများ တွင် လည်းကောင်း၊ အပူအပွင့်ဆေး၊ အစာကြေဆေးနှင့် လေဆေးများ ဖော်စပ်ရာတွင်လည်းကောင်း ဖာလာကို ထည့်သွင်းဖော်စပ်သုံးသည်။
၂။ ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်း၊ လည်ချောင်းနာခြင်းစသော ရောဂါများအတွက် ဖာလာစေ့ကိုကြိတ် ပြီး ပျားရည်နှင့်ရော၍ လျှက်ပေးရသည်။
၃။ အစားအသောက်အနေနှင့် ဒန်ပေါက်ထမင်းချက်ရာ၌လည်းကောင်း၊ ဟင်းမွှေးမဆလာတွင်လည်း ကောင်း ထည့်သွင်းအသုံးပြုကြသည်။
Source – မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း
The post ဖာလာ စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.