၁။ သင့်လျော်သော စပါးမျိုးရွေးချယ်ခြင်း
စားသုံးမှုအရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်သော ဆားငန်ခံ သက်လျင်စပါးမျိုးသန့်များကို စိုက်ပျိုးပါ။ ဒေသအလိုက် ဆားငန် ရေ၀င်ချိန်တွင် နွေစပါးရိတ်သိမ်းပြီးစီးရန်အတွက် သီးနှံပုံစံနှင့် သက်တမ်းကို ကြိုတင်စီမံ စိုက်ပျိုးပါ။
ဒီရေအတတ်အကျ ရေချို ရေငန်စပ်လယ်မြေများတွင် နွေစပါး စိုက်ပျိုးခြင်းအတွက် အသင့်တော်ဆုံးစပါးမျိုးများမှာ ပြည်မြန်မာစိန် ၁၀၀- ၁၂၀တင်း အထွက်နှုန်း၊ ရွှေအာဆီယံ ၈၀-၁၂၀တင်း အထွက်နှုန်း၊ အိုင်အာ ၁၀တီ ၁၀၈ ၉၀-၁၂၀တင်း အထွက်နှုန်း၊ အိုင်အာ ၁၀တီ ၁၀၉ ၉၀-၁၂၀တင်း အထွက်နှုန်း၊ အိုင်အာ ၁၀တီ ၁၁၁ ၈၀-၁၂၀တင်း အထွက်နှုန်း၊ စေလိုင်းနက် (စ်) ၁၁ ၁၀၀-၁၂၀တင်း အထွက်နှုန်း နှင့် စေလိုင်းနက်(စ်) ၁၂ ၁၀၀-၁၂၀တင်း အထွက်နှုန်း တို့ဖြစ်ပါသည်။
၂။ ပျိုးဘောင်ပြင်ဆင်ခြင်း
- ပျိုးခင်းနေရာအတွက်ဆားငန်ရေမ၀င်သောနေရာကို ရွေးပါ။သွင်းရေအတွက် ရေချိုအရင်းအမြစ်နှင့်နီးသော၊လမ်းမီးရောင်နှင့်ဝေး သော ၊ ရောဂါနှင့် ပေါင်းမြက်တို့ကင်းစင်သော၊ မြေဆီသြဇာထက်သန်သော၊ မြေနေရာကိုရွေးချယ်ပါ။
- အရည်အသွေးကောင်း မျိုးသန့်မျိုးစေ့ကို ပြာတီးသန့်စင်၍ ဆားရည်စိမ် ရွေးချယ်ပြီးမှ အသုံးပြုပါ။
- မျိုးစေ့အား ၁ရက် ရေစိမ်ပြီးမှ ၁ရက် (သို့) ၂ရက် စာပါးစပ်ပြူချိန်အထိမျိုးအုပ်ပါ။ မျိုးစေ့မချမီ ၂-၃ ရက်အလိုတွင် ပျိုးဘောင်ပြင်ဆင်ပါ။
- တစ်ဧကစိုက်ခင်းအတွက် မျိုးစေ့ ၁ တင်းခွဲနှင့် ပျိုးဘောင် ဧရိယာ ၀.၁၅ဧက (စိမ့်မြောင်း မြေဧရိယာမပါ) လိုအပ်ပါသည်။
- မြေပြင်ချိန်တွင် ပျိုးခင်း ၀.၁၅ ဧကအတွက် မြေဆွေး (သို့) နွားချေးဆွေးလှည်းတစ်စီးခွဲ ညီညာစွာ ထည့်ပါ။ ၃ ပေခြားတိုင်း ၁ပေ (သို့) ၁ ပေခွဲ အကျယ် စိမ့်မြောင်း တစ်ကြောင်းဖော်ပါ။ ပျိုးဘောင်မြေမျက်နှာပြင်ကို ညီညာအောင်ညှိပါ။
- ပျိုးဘောင်ဧရိယာ ၀.၁၅ ဧကအတွက် ၁၅ ပတ်လည် (N 15:P2O5: K2O 15) ကွန်ပေါင်းမြေသြဇာ ၂ပြည် နို့ဆီဘူး ၅ ဘူး ညီညာစွာထည့်ပါ။
- အညှောင့်ဖောက်ထားသော မျိုးစေ့များအား ပျိုးဘောင်ပေါ်သို့ ညီညာစွာ (၃ပေ ပတ်လည် ပျိုးဘောင်ပေါ်တွင် မျိုးစေ့နို့ဆီဗူး၊ ၁ဘူး ခွဲနှုန်း)ကြဲပက်ပြီး မြေဆွေး/ နွားချေးဆွေး/ စပါးခွံဖွဲပြာ ခပ်ပါးပါးဖုံးအုပ်ပါ။
- ပျိုးဘောင်ကို အမြဲစိုအောင် ရေထိန်းထားပါ။ ပျိုးကြဲပြီး ၂-၃ရက်မှစ၍ ပျိုးပင်သက်တမ်းတစ်လျှောက် အပင်မြင့်ပေါ် မူတည်၍ ရေ ခပ်ပါးပါးထား၍ ရေသွင်းရေထုတ်ပြုလုပ်ပါ။ ဆားငန်ရေ မဟုတ်သော ရေချိုသွင်းပေးရန် ဖြစ်ပါသည်။
- လိုအပ်ပါက ပိုးမွှား၊ ရောဂါကို စနစ်တကျ ကာကွယ်နှိမ်နင်းပါ။
- ပျိုးမနှုတ်မီ ၇-၁၀ရက်ခန့်အလိုတွင် ပျိုးဘောင်ဧရိယာ ၀.၁၅ဧကအတွက် ယူရီးယားဓာတ်မြေသြဇာ ၂ပြည် နို့ဆီဘူး ၂ဘူး နှင့် ဇီဖာ ၁.၅ ကီလိုဂရမ်ကိုရေဖျော်လောင်း (သို့) ကြဲပက်ကျွေးပါ။
- ရွှေ့ပြောင်းမစိုက်မီ ပျိုးဘောင်ကို ပေါင်းကင်းစင်အောင်ဆောင်ရွက်ပါ။
- ပျိုးနှုတ်ခါနီးအချိန်တွင် ရေသွင်းပေးခြင်းဖြင့် ပျိုးနှုတ်ရလွယ်ကူစေပြီး ပျိုးပင်များဒဏ်ရာရမှု သက်သာစေပါသည်။
- ပျိုးနှုတ်ရာတွင် အမြစ်များမပြတ်ရန် သတိထားရမည်။ ဒဏ်ရာရသော အမြစ်များမှ တစ်ဆင့်စပါးပင်အတွင်းသို့ဆားရည် အလွယ် တကူ စုပ်ယူဝင်ရောက်နိုင်သောကြောင့် ဖြစ်ပါသည်။
၃။ စိုက်ခင်းမြေပြင်ခြင်း
- ထယ်အနက် (၆” – ၈” ) ခန့်ထား၍ ရိုးပြတ်များနှင့် သီးနှံ အကြွင်းအကျန်များကို မြေမြှပ်ပါ။
- ထယ်ထိုးပြီး တစ်ပတ်အကြာတွင် ထွန် ၂စပ်မွှေပါ။
- ပထမအကြိမ်ထွန်မွှေပြီး တစ်ပတ်ခန့်ကြာတွင် ဒုတိယအကြိမ်ထွန် ၂စပ် မွှေပါ။
- ဒုတိယအကြိမ်ထွန်မွှေပြီး တစ်ပတ်ခန့် (သို့) ပြောင်းရွှေ့မစိုက်မီ ၁ရက် အလိုတွင် နောက်ဆုံးအကြိမ်ထွန် ၂စပ် မွှေပါ။
- နောက်ဆုံးထွန် ၂ စပ်၏ ကြားတွင် မြေခံမြေသြဇာကို ညီညာစွာ ကြဲပက်ပါ။
- ကြမ်းတုံးရိုက်၍ မြေကို ညီညာအောင် ညှိပါ။
၎။ စိုက်စနစ်
(က) ရွှေ့ပြောင်းစိုက်ပျိုးခြင်း
- သက်လတ်စပါးမျိုးများအတွက် ပျိုးသက် ၃၀ရက်သား၊ ရေငန်ဒဏ်ခံနိုင်ရန် ၂၅-၃၀ ရက်သားပျိုးပင်များ အသုံးပြုပါ။
- ပျိုးနှုတ်ပြီး တစ်ရက်အတွင်း ရွှေ့ပြောင်းစိုက်ပျိုးပါ။
- ကောက်ကွက် ၁ကွက်လျှင် ပျိုးပင်လက်ဆ ၂-၃ ပင်သုံး၍ သမန်းအတွင်းသို့ ၁-၁.၅လက်မထက်ပိုမနက်စေပဲ စိုက်ပျိုးပါ။
- ပင်ပွားအထွက်နည်းခြင်းမှကာကွယ်မိစေရန် တန်းကြားပင်ကြားကို ၆လက်မ x ၆ လက်မ (သို့မဟုတ်) ၈ လက်မ x ၆ လက်မ ထား၍ အတန်းလိုက် စိုက်ပါ။
- စိုက်ပြီး တစ်ပတ်အတွင်း ကောက်ပင်ဖာပါ။
(ခ) အစိုသမန်းပြင်တွင် တိုက်ရိုက်အစေ့ချခြင်း
- တစ်ဧကမျိုးစေ့နှုန်း ၂တင်းမှ ၂တင်းခွဲနှုန်း အသုံးပြုပါ။
- မျိုးစေ့အား ၁ရက် ရေစိမ်ပြီးမှ ၁ရက် (သို့) ၂ရက်၊ စာပါးစပ်ပြူချိန်အထိ မျိုးအုပ်ပါ။
- ကြဲပက်စိုက်ပျိုးရာတွင် သမန်းကောင်းအောင်ပြုပြင်ပြီး ရေထုတ်ပြီးစ (သို့) ရေစပ်စပ်အခြေအနေတွင် ကြဲပက်ပါ။
- စပါးပန်းပွင့်ချိန်၊ အနှံတည်ချိန်နှင့် ဆားငန်တက်ချိန်၊ လွတ်အောင်ချိန်ကိုက်စိုက်ပျိုးပါ။
- မျိုးစေ့ချကိရိယာအသုံးပြုရာတွင် သမန်းပြင်ညီညာအောင်ပြုလုပ်ပါ။ သင့်လျော်သော မျိုးစေ့နှုန်းထားရရှိရန် မျိုးစေ့ချ ကိရိယာအား ချိန်ညှိ စိုက်ပျိုးပါ။
၅။ မြေသြဇာကျွေးခြင်း
- သီးနှံအကြွင်းအကျန်များ၊ ကောက်ရိုး၊ ပဲရိုး၊ စပါးခွံများနှင့် နွားချေးကို မြေဆွေးပြုလုပ်၍ မြေပြင်ချိန်တွင် အသုံးပြုပါ။
- သွပ်ဓာတ် (ဇင့်) ချို့တဲ့ပါက ဇီဖာကို တစ်ဧကလျှင် ၄-၆ ကီလိုဂရမ်အသုံးပြုပါ။
အသုံးပြုရမည့်အချိန် | တစ်ဧကအတွက် မြေသြဇာနှုန်းထား |
မြေပြင်ချိန် | ပိုတက်ရှ် ၁/၄ အိတ် မှ ၁/၂ အိတ် (၁၂.၅ မှ ၂၅ကီလို) |
ရွှေ့ပြောင်းစိုက်ပြီး၇-၁၄ ရက် (သို့) တိုက်ရိုက်အစေ့ချပြီး ၂၀-၂၅ ရက်အတွင်း |
ယူရီးယား ၁/၂ အိတ် (၂၅ ကီလို) |
အပင်ပွားစည်းချိန် | ယူရီးယား ၁/၂ အိတ် (၂၅ ကီလို) |
မှို့ကပ်ချိန် | ယူရီးယား ၁/၂ အိတ် (၂၅ ကီလို)
ပိုတက်ရှ် ၁/၄ အိတ် (၁၂.၅ ကီလို)
|
၆။ ရေသွင်းရေထုတ် ပြုလုပ်ခြင်း
- တာရိုး၊ တမံနှင့် ရေသွင်းရေထုတ်ရေတံခါးများကို လယ်တစ်ကွင်း တစ်စပ်အတွင်းရှိ တောင်သူများအားလုံး ပူးပေါင်းပြုလုပ်၊ ပြင် ဆင်မွန်းမံပါ။
- ရေငန်ထား၍ ရေချိုသိုလှောင်ရန်အတွက် ရေတံခါး အပိတ်၊ အဖွင့်လုပ်ငန်းများကို တောင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ပါ။
- ရေသွင်း ရေထုတ်လွယ်ကူစေရန် လယ်ကြားမြောင်းများပြုလုပ်ပါ။
- စိုက်ကွင်းရှိရေသွင်းရေထုတ်ကို လိုအပ်သလိုဆောင်ရွက်နိုင်ရန်အတွက် စိုက်ကွင်းမြေမျက်နှာပြင်ကို ညီအောင်ညှိပါ။
- ကန်သင်းများကိုခိုင်ခန့်အောင်ပြုလုပ်ပြီး ကြွက်တွင်းများမရှိစေရန်အတွက် စိုက်ကွင်းမြေမျက်နှာပြင်ကို ညီအောင်ညှိပါ။
- ချောင်း၊ မြောင်းတို့မှ အသုံးပြုမည်ဆိုပါက ဒီရေကျချိန်တွင် ရေသွင်းပါ။
- စိုက်ကွင်းအတွင်း ရေသွင်းပေါက်မှ ရေချိုသွင်း၍ ရေထုတ်ပေါက်မှ ဆားရေကို ထုတ်ပစ်ပါ။
- စိုတစ်ခါ ခြောက်တစ်လှည့် ရေပေးစနစ်ကို ပင်ပွားအများဆုံးထွက်ချိန်တွင် ကျင့်သုံးပါ။ မရိတ်မီ ၂ပတ်အလိုတွင် ရေဖောက်ထုတ် ပါ။
၇။ ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း
- မြေကို ကောင်းစွာပြုပြင်ခြင်းဖြင့် ပေါင်းနှိမ်နင်းပါ။ ပထမအကြိမ်ထယ်ထိုးထွန်ယက်ပြီးနောက် ပေါင်းပင်ငယ်များ ပေါက်ကာစတွင် ဒုတိယအကြိမ်ထယ်ထိုးထွန်မွှေခြင်းဖြင့် ပေါင်းမြက်နှိမ်နင်းပါ။
- ရွှေ့ပြောင်းမစိုက်မီ သမန်းပြင်ပြီး မြက်ခေါင်းကောက်ပါ။
- စပါးပင်သက်တမ်းအစောပိုင်းတွင် စိုက်ကွင်းအတွင်း ရေထားရှိခြင်းနှင့်ကောက်ကွက်စိပ်စိပ်စိုက်ခြင်းသည် ပေါင်းပင်ကျရောက်မှု ကို သက်သာစေပါသည်။
- အတန်းလိုက်စိုက်ပါက ရေထုတ်ပြီး သမန်းနိုးကိရိယာဖြင့် ကြားပေါင်းလိုက်ပါ။
- ပေါင်းနှိမ်နင်းခြင်းနှင့် လက်ပေါင်းလိုက်ခြင်းကို စပါးစိုက်ပြီး ၃၀-၄၅ ရက် မတိုင်မီ အပြီးဆောင်ရွက်ပါ။
- တိုက်ရိုက်အစေ့ချစနစ်ကို အသုံးပြုပြီး ပေါင်းမြက်ဆိုးရွားစွာ ကျရောက်လေ့ရှိပါက ကျရောက်သော ပေါင်းသတ်ဆေး ကို ဆေးညွှန်း တွင် ပါဝင်သော ညွှန်ကြားချက်များနှင့် ထောက်ခံနှုန်းထားအတိုင်း စနစ်တကျ အသုံးပြုပါ။
- ဥပမာ အဓိကကျရောက်သော ပေါင်းအမျိုးအစားသည် မြက်နှင့် မြက်မုန်ညင်းမျိုးရင်းများဖြစ်ပါက အောက်ဖော်ပြပါ ပေါင်းသတ် ဆေးတို့ကို အသုံးပြုနိုင်ပါသည်။
– ပေါင်းပင်မပေါက်မီအသုံးပြုရသော ပေါင်းသက်ဆေးမှPretilachlor+safener ဖြစ်ပြီးစပါးစိုက်ပြီးသုံးရက်အကြာတွင်အသုံး ပြုရမည်။
-ပေါင်ပင်ပေါက်ပြီး အသုံးပြုသော ပေါင်းသတ်ဆေး Fenoxaprop + Ethoxy Sulfuron ဖြစ်ပြီး စပါးစိုက်ပြီး ၁၀-၂၀ ရက် အကြာ တွင် အသုံးပြုရမည်။
-ပေါင်းပင်ပေါက်ပြီးမှ အသုံးပြုရသော ပေါင်းသတ်ဆေး Bispyribic –sodium ဖြစ်ပြီး စပါးစိုက်ပြီး ၁၄-၂၂ ရက်အကြာတွင် အသုံးပြု ရမည်။
၈။ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း
- ပိုးမွှားရောဂါ ကျရောက်မှုရှိ၊ မရှိကို အမြဲမပြတ် ကွင်းဆင်း၊ ကင်းထောက်၊ စစ်ဆေးပြီး ပိုးသတ်ဆေးကို လိုအပ်မှသာ အသုံးပြုပါ။
- စပါးပင်ဖြစ်ထွန်းမှုအစောပိုင်းကာလ (၃၀-၄၀)ရက်အတွင်း ပိုးမွှားကျရောက်မှုကြောင့် အရွက်များ ပျက်စီးမှုဖြစ်ပေါ်ပါက စပါးပင်မှ အစားထိုးပြန်လည်ရှင်သန်နိုင်ပါသည်။
- ပိုးမွှားရောဂါများ ရှင်သန်ခိုအောင်းရာ နေရာဖြစ်သော ပေါင်းပင်များနှင့် ပင်ကြွင်း၊ ပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။
- ကြွက်ကြောင့် သီးနှံလေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်
(က) ပတ်ဝန်းကျင် သီးနှံခင်းများနှင့် စိုက်ချိန်/ ရိတ်ချိန် ညီအောင် ဆောင်ရွက်ပါ။
(ခ) စိုက်ခင်းနှင့် ဘေးပတ်ဝန်းကျင်တွင် ပေါင်းမြက်ကင်းစင်အောင် ရှင်းလင်းပါ။
(ဂ) ကြွက်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို သားမပေါက်ခင် အချိန်တွင် တစ်ကြိမ် သီးနှံမပေါ်ခင်တွင်တစ်ကြိမ် မဖြစ်မနေဆောင် ရွက်သင့်ပါသည်။
(ဃ) ကြွက်ထောင်ချောက်ထောင်ခြင်း၊ ကြွက်ကျင်းများ တူးဖော်၍ ကြွက်ဖမ်းခြင်း၊ ကြွက်များအားလူအင်အားဖြင့် ခြောက်လှန့်ဖမ်းဆီးခြင်း၊ ကြွက်ကာပစ္စည်းများအသုံးပြုခြင်း၊ ထောင်ခြောက်သီးနှံဖြင့် ကြွက်ကာကွယ်နှိမ်နင်းခြင်း၊ ကြွက်တို့၏သားရဲကောင်များမွေးမြူခြင်း၊ ကြွက် မုဆိုးများ၏အကူအညီအရ ကြွက်ဖမ်းခြင်း၊ ကြွက်ဆေးချခြင်းလုပ်ငန်းများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် တစ်ကွင်းတစ်ဆက်တည်း ဆောင်ရွက်သင့်ပါသည်။
၉။ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းချိန်လွန်နည်းစနစ်များ
- မောင်းညိုချိန် (စပါးအနှံ၏ ၈၀-၈၅ % ရင့်မှည့်ချိန်)တွင် ရိတ်သိမ်းပြီး ချက်ချင်းခြွေလှေ့ပါ။
- ၂-၃ ရက်နေဖြင့် အခြောက်လှန်းပါ။ လိုအပ်ပါက အခြောက်ခံ ကိရိယာ အသုံးပြုပြီး အပူချိန်ကို ၄၃ ဒီဂရီ စင်တီဂရိတ် ခန့်ထား၍ အခြောက်ခံပါ။
- ကွန်ကရစ်တလင်း (သို့) မိုးကာခင်းတွင် နေလှန်းပါက အထူ ၂ လက်မထက်မပိုပဲ ခပ်ပါးပါးလှန်းပါ။ ခြောက်သွေ့မှု ညီညာစေရန် နာရီဝက်ခြားတစ်ကြိမ် အထက်အောက်လှန်ပေးပါ။
- မြင့်မားသော အပူချိန် (၅၄.၄ ဒီဂရီစင်တီဂရိတ်နှင့် အထက်) တွင်အခြောက်မခံသင့်ပါ။
- စပါးစေ့အစိုဓါတ်သည် မျိုးစပါးအတွက် ၁၂% နှင့် ကြိတ်ခွဲစားသုံးမည့် စပါးအတွက် ၁၄% ထား၇ှိရန် လိုအပ်ပါသည်။
- မျိုးစေ့များကို သန့်စင်ပြီး လေလုံစွာ ပိတ်ထားနိုင်သော ပုံး၊ ပေပါ၊ အိတ် စသည်ပစ္စည်းများ (ဥပမာ ဟာမက်တစ်အိတ်) ထဲသို့ ထည့်သွင်းပါ။
- ထို့နောက် လေ၀င်လေထွက်ကောင်းပြီး ပိုးမွှား၊ ကြွက်၊ ငှက် တို့မှ ကာကွယ်ထားသော သိုလှောင်ရုံအတွင်း စနစ်တကျသိုလှောင် ပါ။
- စပါးသိုလှောင်ထားရာ ပတ်ဝန်းကျင်တွင် ဖိတ်စင်ကျန်ရစ်ခဲ့သော စပါးစေ့များကို ချက်ချင်းသန့်စင်ဖယ်ရှားပါ။
- သိုလှောင်ရုံကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။
စိုက်ပျိုးရေးဦးစီးဌာန
The post ရေချို ရေငန်စပ် လယ်မြေများအတွက် သင့်လျော်သော နွေစပါးစိုက်ပျိုးနည်းစနစ်များ appeared first on Myanmar Farmers' Portal.