သစ်ခွကို အခြားသော ပန်းပင်များကဲ့သို့ အောင်မြင်စွာ စိုက်ပျိုးနိုင်ပါသည်။ အဓိကသည်အပင်၏ အထာ၊ သဘာဝနှင့် ကြိုက်နှစ်သက်မှုကို သိထားဖို့လို ပါသည်။ သစ်ခွသည် သဘာဝတွင် ပေါက်ရောက်ခဲ့သော အလေ့အထနှင့် ရာသီဥတုကို မူတည်ပြီး ပြောင်းလဲစိုက်ပျိုးရမည်ဖြစ်သည်။ သစ်ခွအားလုံးကို တစ်တန်းတစ်စားတည်းထားကာ ပြုစု စိုက်ပျိုး၍ မရပေ။ အပူ – အအေး ကြိုက်ခြင်း၊ အလင်းရောင်၊ ရေ စသဖြင့် သစ်ခွ၏ အကြိုက်ချင်းမတူသည့် သဘာဝကို အထူးအလေးထား၍ သိထားရန် လိုအပ်ပါသည်။
ဥပဒေသ (၁)
သစ်ခွသည် နေရောင်၊ သို့မဟုတ် အလင်းရောင်ကို အပင်အား မထိခိုက်စေဘဲ ရနိုင်သမျှရရန် လိုအပ်ပါသည်။
နေရောင်သည် သစ်ခွပင်အစာချက်ရန်နှင့် ကြီးထွားရန်အတွက် လိုအပ်ပါသည်။ နေရောင် အထိများလွန်းသောအခါ အရွက်များ ၀ါဖျော့ သွားခြင်း၊ နေလောင်သွားခြင်းများ ဖြစ်တတ်ပါသည်။ နေရောင်အရနည်းပါက အရွက်များပျော့လာခြင်း၊ စိမ်းညှို့နေခြင်း၊ ကြီးထွားမှုနည်းလာခြင်း၊ အပွင့် မပွင့်တော့ခြင်း စသည်ရလဒ်ကို ဖြစ်ပေါ်စေပါသည်။ နေရောင်ခြည်အလုံအလောက်ရရှိမှသာလျှင် သစ်ခွပင်သည် အရှိန်ရရနှင့် လန်းဆန်းကြီးထွား သန် မာလာမည် ဖြစ်ပါသည်။ အရွက်သည်လည်း စိမ်းညှို့ မည်းမှောင်ခြင်းမရှိဘဲ ဖက်ဖူးရောင်သန်းနေမည် ဖြစ်သည်။
သစ်ခွသည် နေရောင်ကြိုက်အပင်များ ဖြစ်သည်။ မည်သည့်သစ်ခွမဆို တိုက်ရိုက်ကျလာသော မနက်နေရောင်ကို ခံနိုင်စွမ်းရှိကြ၏။ စိုက်ပရပီဒီယမ် နှင့် ဖဲလီယာနော့ပ်ဆစ် တို့ကဲ့သို့ အလွန်နူးညံ့သော သစ်ခွများပင်လျှင် မနက်နေရောင်ကို ခံနိုင်ကြ၏။ ဗင်ဒါ၊ စတစ်၊ စပိုင်ဒါ၊ ကတ်တဲလီယာ အစရှိသော သစ်ခွများသည် နေရောင် ကြိုက်ကြသည်။ ရာသီဥတုကို လိုက်ပြီး အပူချိန်၊ ရေငွေ့ နှင့် အခြားအချက်အလက် ကို ပြောင်းလဲပြီး ပြုပြင်ဖန်တီးပေး သွားရမည် ဖြစ်ပါသည်။
ဥပဒေသ (၂)
သစ်ခွသည် ယေဘုယျအားဖြင့် နေ့အပူချိန် ၅၅ မှ ၉၀ ဒီဂရီဖာရင်ဟိုက်အတွင်း၊ ညအပူချိန် ၅၀ မှ ၇၀ ဒီဂရီဖာရင်ဟိုက်အတွင်း ထားရှိပြီး စိုက်ပျိုးရန် လိုအပ်ပါသည်။
ရာသီဥတု၊ စိုက်ပျိုးသော အမျိုးအစားနှင့် အရွယ်အစားပေါ် မူတည်၍ အပူချိန်ကို ပြောင်းလဲသတ်မှတ်ထားရန် လိုအပ်ပါသည်။
အအေးကြိုက်သစ်ခွများဖြစ်သည့် စင်ဗီဒီယမ်၊ အိုးဒွန်တို ဂလော့ဆမ်၊ အွန်စီဒီယမ်နှင့် စိုက်ပရပီဒီယမ်များသည် နွေရာသီတွင် နေ့အပူချိန် ၆၀ မှ .၇၀ ၊ ညအပူချိန် ၅၅၊ ဆောင်းရာသီတွင် နေ့အပူချိန် ၅၅ မှ ၆၀ ၊ ညအပူချိန်တွင် ၅၅ ဒီဂရမ်ဖာရင်ဟိုက်အထိ ရှိနေရန် လိုအပ်ပါသည်။
အပူကြိုက်သစ်ခွများဖြစ်သည့် ဗင်ဒါ၊ ဖဲလီယာနော့ဗဲဆစ်၊ ဒင်ဒရိုဗီယမ်အချို့ တို့နှင့် ကတ်တဲလီယာအချို့ တို့ကို နေ့အပူချိန် ၇၀ မှ ၈၅ ၊ ညအပူချိန် ၆၅ မှ ၇၀ ဒီဂရီဖာရင်ဟိုက်အထိ ရာသီမရွေးထားရှိပေးရန် လိုအပ်ပါသည်။
ပူပြင်းလွန်းသည့် အညာဒေသလို နေရာများတွင် နွေရာသီ၌ အောင်ခြေကို ရေဖျန်းပေးပြီး အပူချိန်ချပေးရန် လိုအပ်ပါသည်။ အရိပ်အကာ အရံများကို လည်း ပြုလုပ်ပေးရန် အထူးလိုအပ်ပါသည်။
ဥပဒေသ (၃)
သစ်ခွသည် အပူချိန်၊ အလင်းရောင် အမျိုးအစားနှင့် အရွယ်အစားပေါ်မူတည်ပြီး ရေငွေ့ကို ၄၀ ရာခိုင်နှုန်းအထိ ထားရှိပေးရန် လိုအပ်ပါသည်။
သစ်ခွပင်သည် ယေဘုယျအားဖြင့် ရေငွေ့ကို အလင်းရောင်နှင့် အပူချိန်များသည့်အခါ အနည်းဆုံး ၅၀ ရာခိုင်နှုန်းနှင့် အထက် လိုအပ်ပါသည်။
ညတွင် လျော့နည်းထားရှိရန် လိုအပ်ပါသည်။ ရာသီဥတုပြင်းလျှင် ရေငွေ့များများလိုပြီး အေးလျှင် နည်းနည်းသာလိုအပ်၏။ ရေငွေ့များလွန်းပါက အပင်သည် ရေလွန်ရောဂါ၊ အမြစ်ပုပ် ရောဂါ၊ အရွက်/ပင်စည်ပုပ် ရောဂါကို ရလွယ်စေပါသည်။ ရေငွေ့ကို လေအ၀င်အထွက်နှင့် ထိန်းထားပေးနိုင်ပါသည်။
ဥပဒေသ (၄)
သစ်ခွသည် အပူချိန်၊ ရေငွေ့၊ နေရောင်ပေါ် မူတည်ပြီး လေအ၀င်အထွက်ကို ထိန်းသိမ်းထားရန် လိုအပ်ပါသည်။
ရာသီဥတု ပူပြင်းပြီး လေတိုက်များသော နေရာများတွင် သစ်ခွကို စိုက်ပျိုးထားပါက သစ်ခွပင်သည် အမြဲတမ်းခြောက်သွေ့နေပြီးအရွက်သည် လည်း နွမ်း နေခြင်း၊ ပျော့ဖပ်ခြင်းများလည်း ရှိတတ်ပါသည်။ လေအ၀င်အထွက်နည်းပြီး အမြဲ စွတ်စိုနေပါကလည်း အပင်သည် ထိုင်းမှိုင်းနေပြီး မှို၊ ရောဂါ ပိုးမွှားများ ကျရောက်လွယ်တတ်ပါသည်။ ပုပ်လွယ်၊ ပျက်စီးလွယ်ပါသည်။ အပင်များကို ကျပ်သိပ်နေအောင် မစိုက်ပျိုးရပေ။ လေအ၀င် အ ထွက် ကောင်း အောင် ပြုလုပ်ပေးရပါမည်။
ဥပဒေသ (၅)
သစ်ခွသည် အမြစ်ကို မထိခိုက်စေဘဲ ရေနှင့်အစားအစာကို အထောက်အပံ့ပေးနိုင်သည့် ပျိုးခံပစ္စည်းများ ရှိရန် လိုအပ်ပါသည်။
သဘာဝတွင် သစ်ခွသည် သစ်ပင်၊ ကျောက်ဆောင်၊ မြေကြီး စသည်တို့အပေါ်အမှီသဟဲပြု၍ ပေါက်ရောက်ကာ လေ၊ ရေထဲမှ အစားအစာကို ချက်ယူသော သဘာဝရှိ၏။ လူတို့ပြုပြင်ပြောင်းလဲ စိုက်ပျိုးရာတွင်လည်း မြေအိုး၊ သစ်သားခြင်း၊ တိုင် စသည်တို့နှင့် တွဲဖက် စိုက်ပျိုးသည့်အခါ မီးသွေးခဲ၊ အုန်းဆံဖတ်၊ အုတ်နီခဲ အစရှိသည်တို့ကို ထည့်၍ စိုက်ပျိုးလာခဲ့ကြ၏။ ယင်းပစ္စည်းများသည် သစ်ခွပင်အတွက် အစာရေစာများကို စုပ်ယူသိုမှီးထားပြီး ယင်းတို့မှ အမြစ်များက စုပ်ယူစားသုံးကြ၏။ အသုံးပြုသော ပျိုးခံပစ္စည်းများသည် မိမိအထိုက်အလျောက် အကျိုးရှိစွာ အကူအပံ့ပေးကြသည်သာ ဖြစ်သည်။ သို့ရာတွင် ပျိုးခံပစ္စည်းများသည် ရေဆင်းကောင်းသော၊ ခြောက်သွေ့လွယ်သောပစ္စည်းများ ဖြစ်ရန် အထူးလိုအပ်ပါသည်။
ယင်းဥပဒေသ ငါးရက်ကို နားလည်သဘောပေါက်ထားမှသာ သစ်ခွပင်များကို အသေအပျောက်နည်းနည်းနှင့်အပွင့်များများ ထုတ်ယူ စိုက်ပျိုးနိုင် မည် ဖြစ်ပါသည်။
Source – စီးပွားဖြစ်သစ်ခွ စိုက်ပျိုးရေး
The post သစ်ခွစိုက်ပျိုးရေးဥပဒေသ ငါးချက် appeared first on Myanmar Farmers' Portal.