အပင်စိုက်ပျိုးခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်း
အရည်အသွေးကောင်း နှမ်းသီးနှံစိုက်ပျိုးထုတ်လုပ်ရန် အောက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာဆောင်ရွက်သင့်သည်။
နှမ်းသီးနှံကို မိုးကြိုရာသီ၌ ဖေဖော်ဝါရီ၊ မတ်လ) မိုးရာသီ၌ (မေ၊ ဇွန်) ဆောင်းရာသီ၌ (စက်တင်ဘာလ) များတွင် စိုက်ပျိုးသင့်သည်။
မျိုးစေ့နှုန်းထားမှာ တစ်ဧကလျှင် (၁.၅ ပြီ မှ ၂ပြီနှုန်း) သုံးစွဲသင့်ပြီး အပင်ပေါက် (၈၀%) အထက် နှင့် မျိုးစေ့သန့်စင်မှု (၉၈%) ရှိသင့်သည်။
မြေဆောင်ရောဂါများကာကွယ်ရန် မျိုးစေ့ကိုမှိုသတ်ဆေးတစ်မျိုးမျိုး နှင့် လူးနယ်စိုက် ပျိုးသင့်သည်။
စိုက်ပျိုးမြေပြုပြင်ရာတွင် မြေအနက် (၆ံ) အထိ ထယ်ရေးထွန်ေ၇းညက်အောင် ပြုပြင်သင့်သည်။
တစ်ပင်တိုင်မျိုးအတွက် တန်းကြား၊ ပင်ကြားမှာ (၁၂” x ၄”) ကိုင်းဖြာမျိုးအတွက် တန်းကြား ပင်ကြား (၁၅” x ၄”) အကွာထား၍ အနည်းဆုံးတစ်ဧက အပင်ဦးရေ (တစ်သိန်း) ရှိသင့်သည်။
နှမ်းစိုက်ပျိုးရာတွင် မျိုးစေ့အတိမ်အနက်မှာ (၁.၅” -၂”)အတွင်းရှိသင့်သည်။
ရာသီဥတုနှင့်ရေရရှိမှု အခြေအနေအရ ရေသွင်း ရေထုတ်မြောင်းကို သေချာစွာ ပြင်ဆင်ထားရှိသင့်သည်။
အတန်းလိုက်စိုက်ထားသော နှမ်းခင်းအား မူမှန်ရွက် (၆)ရွက်ထွက်ချိန် ဖြစ်သည့် အပင် သက်တမ်း (၂) ပတ်သားတွင် သားခွဲခြင်းလုပ်ငန်းကို ဆောင်ရွက်သင့်သည်။
မြေသြဇာမကျွေးခင် စိုက်ခင်းအတွင်းရှိပေါင်းမြက်များကို ရှင်းလင်းသင့်သည်။
မြေသြဇာကျွေးချိန်တွင် မြေကြီးထဲတွင် လုံလောက်သော အစိုဓာတ်ရှိသင့်သည်။
ထည့်သွင်းသည့်မြေသြဇာ အကျိုးသက်ရောက်မှုရှိစေရန် စိုက်ခင်းမြေပြင်စဉ်တွင် တစ်ကြိမ်၊ (အစိုဓါတ်ရှိချိန်) အပင်ဖြစ်ထွန်းချိန်တွင် တစ်ကြိမ်၊ ပန်းပွင့်ချိန်/ အသီးစတင်ဖြစ်ပေါ်ချိန်များတွင် ထည့်သွင်းပေးသင့်သည်။
ဘတ်ပေါင်းစုံ ကာကွယ်နှိမ်နင်းရေးနည်းစနစ်များ လုပ်ဆောင်သင့်သည်။
ပန်းစပွင့်ချိန်နှင့် အပွင့်တိတ်စအချိန်တွင် ရေလိုအပ်ပါက တစ်ကြိမ်စီသွင်းပေးသင့်သည်။
နှမ်းသီးနှံ၏ သက်တမ်းအလိုက်သော်လည်းကောင်း၊ နှမ်းခင်းတစ်ခုလုံးအ၀ါရောင်ပြောင်းချိန်၌သော်လည်းကောင်း အချိန်ကိုက်ရိတ်သိမ်းပြီး နှမ်းစည်း၊ နှမ်းထောင်ခြင်း များ ပြုလုပ်သင့်သည်။
နှမ်းခါခြင်းကို သန့်ရှင်းခြောက်သွေ့သော ချည်စောင်ကြမ်း (သို့မဟုတ်) မိုးကာများပေါ်တွင် အလေအလွင့် နည်းပါးအောင် ဆောင်ရွက်သင့်သည်။
စိုက်ပျိုးရေး နှင့် အခြားဆက်စပ်ပစ္စည်းများ
လယ်ယာသုံးကိရိယာများ၊ နှမ်း အဆင့်အတန်းခွဲခြားသန့်စင်စက် ၊ ကြိတ်ခွဲစက်များကို သန့်ရှင်းစွာထားရှိရမည်။
နှမ်းသီးနှံစိုက်ပျိုးရေးအတွက် အသုံးပြုသော ပစ္စည်းကိရိယာများ၊ သိုလှောင်ပစ္စည်းများ နှင့် အခြားပစ္စည်းများကို သန့်ရှင်းစွာထားရှိရမည်။
မြေသြဇာများ၊ ဓါတုဆေးများနှင့် အခြားအန္တရာယ်ဖြစ်စေသည့် အရာများ ထုပ်ပိုးထားသည့် ထုပ်ပိုးခွံများဖြင့် ထွက်ကုန်သီးနှံများထည့်ခြင်း၊ သိုလှောင်ခြင်း ကိုရှောင်ရမည်။
ရိတ်သိမ်းခြင်း နှင့်ထွက်ကုန်ပြုပြင်ခြင်း
နှမ်းစိုက်ခင်းတစ်ခုလုံး အ၀ါရောင်သန်းလာချိန် (သို့မဟုတ်) နှမ်းပင်စည်ရှိ အလယ်သီးတောင့် ကိုခွဲကြည့်၍ တစ်ညထား (နှမ်းနက်မျိုး – နှမ်းစေ့အရောင်ပြောင်း၊ နှမ်းဖြူမျိုး၌ နှမ်းစေ့ အရောင်မပြောင်းပါက) ရင့်မည့်ချိန်ရောက်၍ ရိတ်သိမ်းသင့်သည်။ မရင့်မှည့်ခင် ရိတ်သိမ်းခြင်း၊ နောက်ကျ၍ ရိတ်သိမ်းခြင်းကို ရှောင်သင့်သည်။
ရိတ်သိမ်းပြီး နှမ်းရွက်များကြွေစေရန်အတွက် (၅ – ၆) ရက်ပုံထားခြင်းသည် အရည်အသွေး ကျဆင်းစေသောကြောင့် ရိတ်သိမ်းပြီးချိန်တွင် နှမ်းများကို ချက်ချင်းထောင်ရမည်။ မထောင်နိုင်လျှင် ခပ်ပါးပါးဖြန့်ပေးထားရမည်။
နှမ်းရိတ်သိမ်းပြီး နှမ်းဂျပိုးမည်းကျရောက်နိုင်သဖြင့် နှမ်းထောင်သော နေရာများသန့်ရှ င်းခြောက်သွေ့ရန် လိုအပ်သည်။
နှမ်းဂျပိုးမည်း ကာကွယ်နှိမ်နင်းရန် ဓာတုဆေးများ အသုံးပြုပါက ဓာတ်ကြွင်းအာနိသင်နည်းသည့် ဓာတုဆေးများကိုသာ အညွှန်းအတိုင်း သုံးစွဲသင့်သည်။
နှမ်းစေ့များအစိုဓာတ် (၉%) ရှိချိန်တွင် နှမ်းမျိုးရောများသန့်စင်ခြင်း၊ ဖုန်ခဲသဲများ သန့်စင်ခြင်းတို့ကို စက်အားဖြင့်လည်းကောင်း၊ လူအားဖြင့်လည်းကောင်း၊ ဆောင်ရွက်ရသည်။
ရိတသိမ်းပြီးသော သီးနှံများအားထည့်ရာတွင် အသုံးပြုမည့် ထည့်စရာ၊ အိတ်ခွံစသည်တို့ကို သန့်ရှင်းခြောက်သွေ့အောင် ပြုလုပ်ထားရမည်။
နိုင်ငံခြားသို့တင်ပို့မည်ဆိုပါက တင်ပို့မည့်နိုင်ငံအလိုက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်ကိုက်ညီရန် သိုလှောင်ကာလအတွင်း သိုလှောင်ပိုးကာကွယ်ဆေးများ အသုံးပြုရာ၌ ညွှန်ကြားချက်များကို လိုက်နာရမည်။
သိုလှောင်ခြင်း နှင့် သယ်ယူပို့ဆောင်ခြင်း
အမြဲတမ်းသိုလှောင်ရုံမရှိပါက အထူးသိုလှောင်အိတ် (Super Bags) /သံပုံးများ၊ ပုတ်များဖြင့် သိုလှောင်ရမည်။
လောင်စာဆီ၊ ပိုးသတ်ဆေး နှင့် ဓာတ်မြေသြဇာများကို ထွက်ကုန်များ နှင့် ရောနှောသိုလှောင်ြ ခင်းမပြုရ။
သိုလှောင်ပိုးများ ကာကွယ်ရန်အတွက် သိုလှောင်ကာလအတွင်း သတ်မှတ်ဆေးအမျိုးအစား အား သတ်မှတ်နှုန်းထားအတိုင်း သုံးရမည်။
သယ်ယူပို့ဆောင်မည့်ယာဉ်များကို အသုံးမပြုမီ သန့်ရှင်းမှု၊ ဓာတုဆေး၊ ဖိတ်စင်မှု၊ အခြားပစ္စည်းများ နှင့် ပိုးမွှားကျရောက်မှု ရှိ/ မရှိ ကို စစ်ဆေးရမည်။
ကုန်တင်ယာဉ်များသည် မည်သည့်ငွေရည်ဖွဲ့မှု မရှိဘဲ ခြောက်သွေ့နေရန်လိုအပ်သည်။
သယ်ယူပို့ဆောင်ရာတွင် ပတ်ဝန်းကျင်မှ ရောဂါဝင်ရောက်ခြင်း မရှိစေရန် ကုန်တင်ယာဉ်များကို အလုံပိတ်ထားရန် လိုအပ်ပါသည်။
ထွက်ကုန်များကို ဓါတု၊ ဇီဝဗေဒ နှင့် ရုပ်ဝတ္ထုဆိုင်ရာ ညစ်ညမ်းမှု အန္တရာယ်ဖြစ်စေရန် အလားအလာရှိသော ကုန်ပစ္စည်းများနှင့် သီးခြားခွဲ၍ သိုလှောင်သယ်ဆောင်မှု ပြုသင့်သည်။
အဆောက်အဦးဆောက်လုပ်ထားခြင်း
အဆောက်အဦးများကို တိရစ္ဆာန်များထားသော နေရာ၊ မြေဆွေးထားသော နေရာ၊ တိရစ္ဆာန်အစာများထားသော နေရာများနှင့် ဝေးသည့်နေရာတွင် တည်ဆောက်ရန် လိုအပ်သည်။
အဆောက်အဦးအောင်ခံအခင်းကို အသုံးမပြုမီသန့်ရှင်းမှု၊ ဓါတုဆေးများဖိတ်စင်မှု အခြားပစ္စည်းများနှင့် ပိုးမွှားကျရောက်မှုစသည်တို့ ရှိ / မရှိ ကိုစစ်ဆေးရမည်ဖြစ်ပြီး သန့်စင်အောင် ပြုလုပ်ကာ အကာအကွယ်ပစ္စည်းများဖြင့် ဖုံးအုပ်ထားရမည်။
နှမ်းအိတ်များကို နံရံ၊ ကြမ်းပြင်၊ အစိုဓါတ်တို့ နှင့် တိုက်ရိုက်ထိတွေ့မှုမရှိစေရန် ၀ါးကပ် (သို့) သစ်သားအခင်းများ ခင်းပေးသင့်ပါသည်။
တိရစ္ဆာန် နှင့် ဖျက်ပိုးများ ထိန်းချုပ်ခြင်း
သန့်စင်ပြီးသော နှမ်းများကို ကိုင်တွယ်ပြုပြင်၊ ထုပ်ပိုး၊ သိုလှောင်သည့် နေရာများ အနီးတစ်ဝိုက်တွင် အင်းဆက်ပိုးများ ကြွက်၊ ငှက်များ မဖျက်ဆီးနိုင်ရန် ကြိုတင်စီမီကာကွယ်ထားရမည်။
ထွက်ကုန်များ၊ ထုပ်ပိုးခွံပစ္စည်းများနှင့် အခြားပစ္စည်းများကို ညစ်ညမ်းမှု အန္တရာယ် အနည်းဆုံးဖြစ်စေရန်အတွက် မျှားစာများ၊ ထောင်ခြောက်များကို သတ်မှတ်နေရာတွင် ထားရှိရမည် ဖြစ်ပြီး ကြပ်မတ်ကြည့်ရှုသင့်သည်။
မျှားစာများ ထောင်ခြောက်များထားရှိသည့်နေရာကိုလည်း မှတ်သားထားသင့်သည်။
အထောက်အထားနှင့် မှတ်တမ်းများ
အသုံးပြုခဲ့သည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းမှတ်တမ်းများကို လိုအပ်လာပါက စစ်ဆေးနိုင်ရန်အနည်းဆုံး (၂ နှစ်) စာသိမ်းဆည်းထားရမည်။
နှစ်ဟောင်းမှတ်တမ်းဟောင်းများကို သိမ်းဆည်း၍ လက်ရှိအသုံးပြုလျက်ရှိသော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို ဆက်လက်ကျင့်သုံးသင့်သည်။
နောက်ကြောင်းပြန်စစ်ဆေးခြင်း နှင့် ပြန်လည်သိမ်းဆည်းခြင်း
သီးနှံစိုက်ပျိုးထုတ်လုပ်သည့်နေရာအား နောက်ကြောင်းပြန်စစ်ဆေးနိုင်ရန် အတွက် ထုပ်ပိုးပစ္စည်းများအပေါ်တွင် သိသာထင်ရှားသည့် အမှတ်အသားနှင့် မှတ်ပုံတင် အမှတ်အသား ပြုလုပ်ထားရှိရမည်။
သီးနှံထွက်ကုန်တင်ပို့ရာ နေရာ၊ ပမာဏနှင့် ပေးပို့သည့် ရက်စွဲကို မှတ်တမ်းထားရှိရမည်။
သင်တန်း
ဝန်ထမ်းများ၊ တောင်သူများ၊ စားသုံးသူများ၊ ကုန်သည်များ၊ ပွဲစားများ နှင့်နိုင်ငံခြား တင်ပို့သူများသည် ကောင်းမွန်သည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို သိရှိဆောင်ရွက်နိုင်ရန် သင်တန်းများ ပို့ချပေးသင့်သည်။
ဘက်စုံ ပိုးမွှားရောဂါ ကာကွယ်နှမ်နင်းရေး အခြေခံသော သင်တန်းများကိုလည်း တက်ရောက်ထားသင့်ပါသည်။
မိမိတို့တာဝန်ယူရမည့် လုပ်ငန်းနယ်ပယ်အလိုက်အသိပညာနှင့် ကျွမ်းကျင်မှုများရှိရမည်။
စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာ သင်တန်းများအား ကျင်းပပေးသင့်သည်။
တက်ရောက်ခဲ့သည့် သင်တန်းများကို မှတ်တမ်းတင်ထားရမည်။
ဆောင်ရွက်ကျင့်သုံးမှုများကို ပြန်လည်သုံးသပ်ခြင်း
နှမ်းသီးနှံထုတ်လုပ်သူများအနေဖြင့် ကျင့်သုံးသည့်နည်းလမ်းများ မှန်ကန်မှု ရှိ/ မရှိ သိရှိရန် (ဆောင်ရွက်ချက်အားလုံးကို သက်ဆိုင်ရာကျွမ်းကျင်ပညာရှင် အဖွဲ့များ ပါဝင်သောအဖွဲ့များ ပါဝင်သော အဖွဲ့ မှ) အနည်းဆုံး တစ်ရာသီတစ်ကြိမ် ပြန်လည် သုံးသပ်သင့်သည်။
ချိုင့်ယွင်းမှုများ တွေ့ရှိပါက မှန်ကန်အောင် ပြုပြင်ဆောင်ရွက်ရမည်။
ပြန်လည်သုံးသပ်ခြင်းနှင့် ဆောင်ရွက်မှုများကို မှတ်တမ်းတင်သိမ်းဆည်းထားရမည်။ တင်ပြတိုင်ကြားချက်များကိုပြန်လည်ဖြေရှင်းရန် လုပ်ဆောင်ရမည်ဖြစ်ပြီး တိုင်တန်းချက်နှင့် ဆောင်ရွက်ချက်များကို မှတ်တမ်းတင်ထားသင့်ပါသည်။
လုပ်ငန်းများစတင်ဆောင်ရွက်သည်မှ နောက်ဆုံးထုတ်လုပ်ဖြန့်ဖြူးသည် အထိ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များပါဝင်သော အဖွဲ့ထံမှ အကြံဥာဏ်များရယူရမည်။
တစ်ကိုယ်ရည်သန့်ရှင်းနှင့် လုပ်သားများဘ၀သာယာဝပြောရေး
စားသုံးကုန်များကို ကိုင်တွယ်မည့် အလုပ်သမားများတွင် သင့်တော်သည့် တစ်ကိုယ်ရည်သန့်ရှင်းရေးစောင့်ရှောက်မှု ဗဟုသုတများရှိရမည်။
ယင်းအတွက်သင်တန်းများပို့ချပေးပြီး သင်တန်း၏ မှတ်တမ်းများကိုလည်း ထိန်းသိမ်းထားရမည်။
လုပ်ငန်းခွင်ရှိ သိသာထင်ရှားသောနေရာများတွင် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ပတ်သက်သည့် ညွှန်ကြားချက်များကို ချိတ်ဆွဲထားပြီး လက်တွေ့ကျသုံးရန် ဆော်သြပေးခြင်းနှင့် လုပ်သားများသိရှိအောင် ဖြန့်ဝေပေးခြင်းများ ပြုလုပ်ရမည်။
သန့်စင်ခန်းများ နှင့် ကိုယ်လက်ဆေးကြော သန့်စင်ရမည့် နေရာများကို အလွယ်တကူသုံးစွဲနိုင်အောင် ထားပေးရမည်။
သန့်ရှင်းရေးကိုလည်း အမြဲတမ်းပြုလုပ်ပေးထားရမည်။
မိလ္လာရေ နှင့် စွန့်ပစ်အညစ်အကြေးများကို အန္တရာယ်မရှိအောင်ဂရုတစိုက် စွန့်ပစ်ရမည်။
အလုပ်သမားများ၏ ဘ၀သာယာဝပြောရေး၊ ကျန်းမာရေး နှင့် ပတ်ဝန်းကျင်းထိခိုက်မှုကို ကာကွယ်သည့် အရည်အသွေးကောင်းမွန်သော ထွက်ကုန်များရရှိရန် သီးနှံအလိုက် နည်းလမ်းမှန်ကန်စွာ ပြုစုစောင့်ရှောက် ဆောင်ရွက်ရမည်။
လုပ်သားများ၏ လူနေမှုဘ၀ ဖွံ့ဖြိုးရေးအတွက် အသင်းအစုများဖွဲ့၍ ဆောင်ရွက်ပေးခြင်း နှင့် စာပေဟောပြောပွဲများ ကျင်းပပေးခြင်းတို့ကို ဆောင်ရွက်ပေးရမည်။
The post နှမ်းသီးနှံ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ အပိုင်း (၂) appeared first on Myanmar Farmers' Portal.