စပျစ်ပင် စိုက်ပျိုးနည်းစနစ်
မြန်မာအမည် – စပျစ်
အင်္ဂလိပ်အမည် – Grape
ရုက္ခဗေဒအမည် – Vitis vinifera, Vitis Labrusca
မျိုးရင်းအမည် – Vitaceae
၁။ မူရင်းဒေသ
အာရှနှင့် အာရှမိုင်းနားဖြစ်သည်။
၂။ စပျစ်မျိုးများ
စပျစ်ကို မျိုးခွဲရာတွင်-
(က) အသီးပုံသဏ္ဍာန်ကိုလိုက်၍လည်းကောင်း၊
(ခ) ဒေသပေါ်မူတည်၍လည်းကောင်း
(ဂ) လူတို့အသုံးပြုမှုပေါ်မူတည်၍လည်းကောင်း အမျိုးမျိုးခွဲခြားထားပါသည်။
(က) အသီးပုံသဏ္ဍာန်ပေါ်မည်တည်ပြီး (၂)မျိုး ခွဲခြားထားပါသည်။
(၁) သီးချွန် နှင့်
(၂) သီးဝိုင်း ဟူ၍ဖြစ်ပါသည်။
(ခ) ဒေသပေါ်မူတည်ပြီး (၂)မျိုးခွဲခြားထားပါသည်။
(၁) ပြည်တွင်းမျိုးမှာ ရွှေနီစပျစ်
(၂)ပြည်ပမျိုးမှာ အီတလီ။ သီးချွန်
(ဂ) လူတို့အသုံးပြုမှုပေါ်မူတည်ပြီး (၂)မျိုး ခွဲခြားထားပါသည်။
(၁) စား စပျစ်မျိုး (Table type)
(၂) ၀ိုင် စပျစ်မျိုး (Wine type)
(၃) သီးခြောက် စပျစ်မျိုး (Rasisin type)
၃။ စိုက်ပျိုးသည့်ဒေသ
မြန်မာနိုင်ငံတွင် စပျစ်ကို ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ၊ ရေနံချောင်း၊ ရမည်းသင်း၊ ပျော်ဘွယ် စသည့် မြို့နယ်များတွင် အများအပြား စိုက်ပျိုးလျှက်ရှိပါသည်။မြန်မာပြည်အလယ်ပိုင်းဒေသများတွင် ရေကို လိုအပ်သလို ပေးသွင်းနိုင်ပါက အကျိုး ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ပါသည်။
၎။ ရာသီဥတုအခြေအနေ
စပျစ်သည် အပူအအေးကို များစွာ ဂရုမပြုချေ။ တစ်နှစ်တွင် မိုးရေချိန် လက္မ(၄၀)ထက် မပိုဘဲ ရွာသွန်းသည့်ဒေသများတွင် အကျိုးဖြစ်ထွန်း စွာ စိုက်ပျိုးနိုင်ပါသည်။ အထူးသဖြင့် သီးပွင့်ချိန်တွင် မိုးရွာခြင်း၊ ဆီနှင်းကျခြင်း၊ စွတ်စိုထိုင်မှိုင်းခြင်းတို့ရှိလျှင် ပိုးမွှားရောဂါ ကျရောက်မှု များစေပြီး အပင်၊ အပွင့်၊ အသီးများကို ပျက်စီးစေပါသည်။ စိုထိုင်းဆ(၇၀)ရာခိုင်နှုန်းထက်များပါကမစိုက်ပျိုးသင့်ပါ။ပင်လယ်ရေမျက်နှာ ပြင် အထက် ပေ (၄၅၀၀)အမြင့်ထိ စိုက်ပျိုးနိုင်ပါသည်။
၅။ မြေအမျိုးအစား
စိမ့်စိုနေသောမြေ၊ ဆားငန်မြေမှအပ မြေမရွေး စိုက်ပျိုးနိုင်ပါသည်။ အောက်မြေလွှာသည် သဲ၊ ကျောက်စရစ်၊ ထုံးကျောက် တစ်ခုခုရှိပြီး အပေါ်ယံမြေသားထူသော သဲနုန်းမြေမျိုးသည် စပျစ်စိုက်ပျိုးရန် အကောင်းဆုံးဖြစ်၍ အပင်ကြီးထွားမှုမြန်ခြင်း၊ အသီးမြန်ခြင်း၊ အသီးတွင် အချိုဓါတ်များခြင်း စသည့်အကျိုးများ ရရှိနိုင်ပါသည်။
မြေအချဉ် အငန်ဓာတ်အနေဖြင့် PH- ၅- ၈ အထိ စပျစ်အတွက် အသင့်တော်ဆုံးဖြစ်ပါသည်။
၆။ စိုက်ပျိုးနည်းစနစ်များ
စပျစ်စိုက်ပျိုးရာတွင် အကြမ်းအားဖြင့် ပင်ထောင်စိုက်နည်း၊ ချုံပုတ်သဏ္ဍာန်စိုက်နည်း၊ ကြိုတန်တင် စိုက်နည်းနှင့် စင်တင် စိုက်နည်းဟူ၍ (၄) မျိုးရှိပါသည်။
(က) ပင်ထောင်စိုက်နည်း
များစွာကြီးထွားခြင်းမရှိသော စပျစ်မျိုးများကိုသာ စိုက်ပျိုးသည်။ စပျစ်ပင်များကို တစ်တန်းနှင့် တစ်တန်း (၃ – ၁၀)ပေအထိ လည်းကောင်း၊ တစ်ပင်နှင့် တစ်ပင် သုံးပေ ဆယ်ပေထိလည်းကောင်း ခွာပြီး မျိုးကို လိုက်၍ စိုက်ပျိုးကြပါသည်။ စပျစ်ပင်အမြင့် (၅)ပေခန့်ရှိလျှင် တစ်ပင် လျှင် တိုင်တစ်တိုင်စ်ီထူ၍ကပ်ပြီး ချည်ထားရသည်။
(ခ) ချုံပုတ်သဏ္ဍာန်စိုက်နည်း
ကောင်းစွာကြီးထွားခြင်းမရှိသော စပျစ်မျိုးကိုသာ အသုံးပြုသည်။ စပျစ်ပင်များကို တစ်တန်းနှင့် တစ်တန်း၊ တစ်ပင် နှင့် တစ်ပင် မျိုးကိုလိုက် ၍ (၃)ပေမှ (၁၀)ပေအထိ ထားပြီးစိုက်သည်။ အပင်ငယ်စဉ်တွင် တိုင်ထောင်ပေးရပြီး ပင်စည်များတုတ်လာလျှင် တိုင်များကို ဖယ်ထုတ်ပေးရသည်။
(ဂ) ကြိုးတန်းတင်စိုက်နည်း
ကြိုးတန်းတင်စိုက်နည်းတွင် လေးကိုင်း တန်းတင်စနစ်၊ သုံးကိုင်း တန်းတင်စနစ် နှင့် ယပ်တောင်သဏ္ဍာန် တန်းတင်စနစ်ဟူ၍ (၃)မျိုးရှိ ပါသည်။
စပျစ်မျိုးများ၏ ကြီးထွားမှုကိုလိုက်၍ အတန်းကြား (၃)ပေ (၁၂)ပေအထိလည်းကောင်း၊ အပင်ကြား(၃)ပေ (၁၀)ပေအထိ လည်းကောင်း စိုက်ပြီး တိုင်များကိုပေ (၃၀)တွင် တစ်တိုင်စီစိုက်၍ သွပ်ကြိုးတန်းကို တစ်တန်း၊ နှစ်တန်း စသည်ဖြင့်တန်းပြီး စပျစ်ကိုင်းများကို သွပ်ကြိုး တန်းပေါ်တင်၍ စိုက်နည်းများဖြစ်ပါသည်။
(ဃ)စတင်စိုက်ပျိုးနည်း
စပျစ်ပင်များကို ဘူးစင်ကဲ့သို့ စင်များကို ထိုးပေးပြီး စပျစ်ကိုင်းများ တင်စိုက်သော နည်းစနစ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဤနည်းဖြင့် အောင်မြင်စွာ စိုက်ပျိုးလျှက်ရှိသည်။ မြန်မာနိုင်ငံတွင် လေးကိုင်းတန်းတင် စိုက်နည်းနှင့် စင်တင်စိုက်နည်းကို အသုံးပြုလျှက်ရှိသည်။
၇။ မြေပြုပြင်ခြင်း
ရွေးချယ်ထာသော မြေနေရာကို တစ်ပေခန့် အနက်ရရှိအောင်ကောင်းစွာ ထွန်ယက်ပေးပြီး ၊ မြေညှိပေးရပါသည်။ သစ်ရွက်စိမ်းမြေသြဇာ အဖြစ် ပဲတစ်နှစ်စိုက်ပြီးမှ စပျစ်ပင်များ စိုက်ပျိုးလျှင် ပိုကောင်းပါသည်။လေးကိုင်းတန်းတင်စနစ်အရ စပျစ်ပင်များသည် တစ်ပင်နှင့် တစ်ပင် (၆)ပေခြားပြီး သွပ်ကြိုးထိန်မည့် တိုင်များသည် တစ်တိုင်နှင့် တစ်တိုင် ပေ (၃၀) ခြားမည်။ တစ်တန်းနှင့် တစ်တန်းသည် (၁၂)ပေခြားရ မည်။စပျစ်စိုက်ကွက်များ ဖော်ရာ နောက်တွင်ရှင်းလင်းလွယ်ကူစွာဝင်နိုင်ရန်စပျစ်ခင်းပတ်လည်တွင်(၁၀) ပေခန့်အကျယ်ရှိသော မြေကွက်များ ချန်ထားရန်လိုအပ်ပါသည်။ (၃)ပေ ပတ်လည်ရှိသော စိုက်ကျင်းမျာ တူးရပါသည်။ စပျစ်ကျင်း (၁)ကျင်းလျှင် အရိုးမှုန့်မြေသြဇာ (၄) ပြည်နှင့် ပြာ (၄)ပြည်ခန့် ထည့်ပေးပါက ပိုကောင်းသည်။ အကယ်၍ မြေစေးလွန်းပါက သဲနှုန်းမြေ သို့မဟုတ် သဲမြေများကို (၁)ကျင်း လျှင် (၂)တင်းခန့် ရောစပ်ထည့်ပေးရပါမည်။
ပျိုးပင် မြေချစိုက်ရာတွင် အမြစ်များ နေသားတကျ ဖြန့်ကားပြီးမှ မြေပြန်ဖို့ပေးပါ။ (၁)နှစ်သားအရွယ်တွင် ပျိုးပင်သည် မြေချစိုက်ရန် အကောင်းဆုံးအရွယ်ဖြစ်ပါသည်။
၈။ အပင်ပြုစုနည်း
စပျစ်ပင်ငယ်များကို မြေချစိုက်ပျိုးပြီးနောက် အောက်ပါအတိုင်းဆက်လက်ပြုစုစောင့်ရှောင့်ပေးရမည်။စပျစ်ပင်များကို ခြဖျက်ဆီးပါက မြေ အောင်းပိုးသတ်ဆေး တစ်မျိုးမျိုး (ဥပမာ- ဖျူရာဒါန်) ထည့်ပြီး မြေပြန်ဖုံးပေးပါ။ ပင်ခြေတွင် ပေါင်းလိုက်ပါ။ စပျစ်ပင်ငယ် မြေချ စိုက်ပြီး နောက် (၁၀)ရက်အတွင်း သစ်ဖူးထွက်ပြီး၊ တစ်လအတွင်း ကိုင်းတက်လေးများဖြာလာသည်။ ၄င်းကိုင်းတက်လေးများကို မဖြတ်တောက် ဘဲ မွေးယူပါ။ အသန်မာဆုံး၊ အထွားကျိုင်းဆုံး ကိုင်းတက်တစ်တက် ချန်ပြီး ကျန်ကိုင်းတက်အားလုံး ဖြတ်တောက်ဖယ်ရှားပါ။
(၁)သွပ်ကြိုးသွယ်တန်းခြင်း ။ တိုင်များစိုက်ပြီးပါက သွပ်ကြိုးများကို မြေမှ (၂)ပေခွဲ အကွာတွင် ပထမတန်း (အောက်သွပ်ကြိုးတန်း) ကိုလည်းကောင်း၊ (၄)ခွဲပေခွာ အကွာတွင် ဒုတိယတန်း (အပေါ်သွပ်ကြိုးတန်း)ကို လည်းကောင်း သွယ်တန်းပါ။
ကိုင်းတစ်ကိုင်းထဲကိုသာလျှင် မွေးယူခဲ့သော စပျစ်ပင်ငယ်များကို ပထမသွပ်ကြိုးတန်းအထက် (၃)လက္မအကွာတွင် ကတ်ကြေး ထက်ထက်ဖြင့် ဖြတ်တောက်ပြီး ခေါင်နှိမ်ပေးရမည်။
(၂)စပျစ်ကိုင်းများ ပြုပြင်ပေးခြင်း ။ နောက် (၁၅)ရက်ခန့်ကြာလျှင် ထွက်ပေါ်လာသော ကိုင်းတက်လေးမျာအနက် အကြီးထွားဆုံး (၃) တက်ကို ရွေးချယ်ပြီး ကျန်ကိုင်းတက်များကို ဖြတ်တောက်ပါ။ ထို ကိုင်းတက် (၃)တက်အနက်မှ (၁)တက်ကို ၀ါးခြမ်းထောင်၍ အထက် သွပ်ကြိုးတန်းပေါ်သို့ ဦးတည်လွှတ်ပေးပါ။ ကိုင်းတက် (၂)ခုကို ပင်စည်၏ လက်ဝဲ နှင့် လက်ယာဘက်သို့ ဦးတည်စေလွှတ်ပြီး ပထမ သွပ်ကြိုးတန်းပေါ်တင်ပေးပါ။ထိုကိုင်းတက်လေးများကိုသွပ်ကြိုးတန်းပေါ်တွင် လျှော်ဖြင့် လျော့လျော့ချည်နှောင်ပေးပါ။ကိုင်းမကြီးအဖြစ် မွေးမည့် ကိုင်းပေါ်တွင် သားတက်လေးများ ထပ်မံထွက်ပေါ်လာပါက (၄)လက္မအကွာတွင် တစ်ကိုင်းကျစီ ရွေးချယ်၍ကျန် အတတ်များ ကို ဖြတ်တောက်ဖယ်ရှားပေးပါ။
ဧပြီ (မိုးဦး)တွင် တစ်ကြမ်၊ စက်တင်ဘာလ (မိုးနှောင်း)တွင် တစ်ကြိမ် ကိုင်းဖြတ်ပေးရပါသည်။မိုးဦးကိုင်းဖြတ်ရာတွင် ကိုင်မကြီး (၄) ကိုင်းပေါ်တွင် မွေးယူထားသော သီးကိုင်းများကို အခြေမှ တစ်ဆစ်သာကျန်၍ ကတ်ကြေးထက်ထက်ဖြင့် ဖြတ်တောက်ပေးရပါသည်။ အဆစ်ကလေးများသည် နောက်ထပ်သီးကိုင်းများ မွေးယူရမည့် သီးငုတ်များဖြစ်ပါသည်။
မိုးနှောင်း ကိုင်းချိုင်ပြီးနောက်ရက် (၂၀)ခန့်ကြာလျှင် ပွင့်ဖူးများထွက်လာသည်။ နောက်ထပ် ရက်(၂၀)ခန့်ကြာလျှင် အပွင့်များပွင့်လာသည်။ စပျစ်တစ်ကိုင်းမှ သီးခိုင် တစ်ခိုင် နှစ်ခိုင်ကို ချန်လှပ်ထားပြီး ကျန်သီးခိုင်များကို ဖြတ်တောက်ပေးရပါသည်။
Source by _ စိုက်ပျိုးရေးဦးစီးဌာန
The post စပျစ်ပင်အကြောင်း သိကောင်းစရာ နှင့် စပျစ်ပင်စိုက်ပျိုးနည်းစနစ်များ (အပိုင်း-၁) appeared first on Myanmar Farmers' Portal.