မြန်မာအမည် – သစ်တော်
အင်္ဂလိပ်အမည် – PEAR
ရုက္ခဗေဒအမည် – Pyrus persica
မျိုးရင်းအမည် – ROSACEAE
၁။ မူရင်းဒေသ
အာရှတိုက် အနောက်ပိုင်းဒေသများ။
၂။ မျိုးများ
မြန်မာနိုင်ငံတွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသော သစ်တော်မျိုးများမှာ အသီးရောင်အစိမ်းမျိုးများနှင့် အညိုမျိုးဟူ၍ အကြမ်းအားဖြင့် ခွဲခြား ထားပါသည်။ အစိမ်းမျိုးသည် သီးထွက်စော၍ ဇွန်လမှ သြဂုတ်လအတွင်း ဆွတ်ခူးနိုင်ပါသည်။ အညိုမျိုးသည် သီးထွက်နောက်ကျ၍ သြဂုတ်လမှ စက်တင်ဘာလအတွင်း ဆွတ်ခူးနိုင်ပါသည်။
၃။ စိုက်ပျိုးသည့် ဒေသများ
သစ်တော်ကို မြန်မာနိုင်ငံတွင် ၇ှမ်းပြည်နယ်၊ တောင်ကြီး၊ ကလော၊ ကွက်ခိုင် ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ကချင်ပြည်နယ် စိန်လုံတောင်တန်း၊ မန္တလေးတိုင်း၊ ပြင်ဦးလွင် နှင့် မိုးကုတ်နယ်များတွင် စိုက်ပျိုးလျက်ရှိပါသည်။
၎။ ရေမြေရာသီဥတု
သစ်တော်ပင်များသည် ရေမ၀ပ်သည့် သဲနုန်းမြေမျိုး၊ ရွှံ့စေး ၃၀% ခန့်သာပါဝင်သော မြေမျိုးကို နှစ်သက်ပါသည်။ သစ်တော်စိုက်ပျိုးရန် မြေသည် ရေစီးရေလာကောင်း၍ အလင်းရောင်တိုက်ရိုက်ရနိုင်သောနေရာ ဖြစ်ရပါမည်။ မြေဆီသြဇာများသည့် သစ်တောမြေများတွင် ကောင်းစွာဖြစ်ထွန်းနိုင်ပါသည်။ မြေ pH ၆-၇ ရှိသော မြေများတွင် စိုက်ပျိုးနိုင်ပါသည်။ အပူချိန် ၃၅ံ ဖာရင်ဟိုက် ၉၀ံ ဖာရင်ဟိုက်ရှိ၍ မိုးရေချိန် ၄၀-၆၀ လက်မထိ ရွာသွန်းသည့်ဒေသများကို နှစ်သက်ပါသည်။ သစ်တော်ကို ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃၅၀၀ ရှိသော ဒေသများတွင် စိုက်ပျိုးနိုင်ပါသည်။
၅။ မြေပြုပြင်ခြင်း
မြေဆီကြွယ်ဝသည့်မြေများတွင် ပင်ခြားအကွာအဝေးကို ၂၀×၂၀ ပေထားရှိ၍ နှစ်ပေ ပတ်လည် စိုက်ကျင်းများတူးရပါမည်။ စိုက်ကျင်းများ ကို မြေဆွေးနှင့် အပေါ်ယံမြေဆတူရော၍ ပြန်လည်ဖြည့်ထားရပါမည်။ တစ်ဧက ၀င်ဆံ့သောပင်ရေမှာ ၁၀၈ ပင်ဖြစ်ပါသည်။
၆။ မျိုးပွားခြင်း
သစ်တောပင်များကို မျိုးပွားနည်း သုံးနည်းရှိပါသည်။
၁။ မျိုးစေ့မှ မျိုးပွားနည်း
ဤနည်းကို လက်ခံပင်များ ပျိုးထောင်ရန်အတွက် သုံးပါသည်။
၂။ ကိုင်းကူးကိုင်းဆက်ခြင်းဖြင့် မျိုးပွားနည်း
ဤနည်းမှာ တစ်နှစ်သားအရွယ်ရှိ သစ်တော်ရိုင်း အောက်ခံပင်ပေါ်တွင် မျိုးကောင်းမျိုးသန့် မျိုးကိုင်းများဖြင့်ဆက်ယူမျိုးပွားနည်း ဖြစ်ပါသည်။
၃။ ကိုင်းဖြတ်ထိုး မျိုးပွားနည်း
ဤနည်းမှာ အမြစ် အလွယ်တကူ ထွက်နိုင်သည့် တောင်ကြီးသစ်တော်မျိုးများကို ပျိုးဘောင်များတွင် ကိုင်းထိုး၍ မျိုးပွားယူသည့်နည်း ဖြစ် ပါသည်။
သစ်တော်ပင်မျိုးပွားရာတွင် ပထမဦးစွာ သစ်တော်ရိုင်းမျိုးကို မြစ်ခံပင်အဖြစ် ပျိုးထောင်ထားပြီး အခြားသစ်တော်မျိုးသန့် အရွယ်တူ ကိုင်း များနှင့် ကိုင်းကူးဆက်ပါသည်။ သစ်တော်ရိုင်းမျိုးစေ့ကို စက်တင်ဘာ၊ အောက်တိုဘာလများတွင် မျိုးစေ့စုဆောင်းထားပြီး ဧပြီ၊ မေလ များတွင် ပျိုးထောင်ရပါသည်။ သစ်တော်မျိုးစေ့များကို မြေဆွေး နှစ်ဆ၊ သဲ တစ်စ၊ နုန်းမြေ တစ်ဆ ရောစပ် ထားသောမြေဖြင့် ပျိုးသေတ္တာ အတွင်း ပျိုးထောင်ရပြီး အပင်ကလေးများ လေးလက်မအရွယ် အမြင့်တွင် ပျိုးဘောင်သို့ပြောင်းရွှေ့စိုက်ပါ။ ယင်းပျိုးပင်များ ခဲတံချောင်း အရွယ်ခန့် (ဒီဇင်ဘာ၊ဇန်န၀ါရီ)တွင် သစ်တော် မျိုးကောင်းမျိုးသန့်နှင့် ဆက်ယူရပါသည်။
ကိုင်းဆက်ရာတွင် မြေခံပင်နှင့် အရွယ်တူကိုင်းများကို လျှာထိုးဆက်နည်း အသုံးပြု၍ မြေခံပင်အရွယ်ကြီးနေပါက အခေါက်တွင်း ဆက် နည်းကို အသုံးပြုပါသည်။ ကိုင်းဆက်ပင်များကို နှစ်နှစ်သားအရွယ်တွင် စိုက်ပျိုးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
၇။ စိုက်ပျိုးခြင်း
သစ်တော်ကိုင်းဆက်ပင်များကို စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း သို့မဟုတ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်းတွင် ရွှေ့ပြောင်း စိုက်ပျိုးပါသည်။ စိုက်ပျိုးရာတွင် ကိုင်းဆက်ထားသည့်နေရာကို မြေကြီးအတွင်း မမြှပ်စေရန် သတိပြုရပါသည်။
၈။ မြေသြဇာကျွေးခြင်း
စိုက်ပျိုးပြီးနောက် မိုးဦးရာသီတွင် အပင်ငယ်များကို ပင်ခြေမှ လေးပေအကွာ၌ ယူရီးယားမြေသြဇာ လေးအောင်စ၊ဖော့စဖိတ်မြေသြဇာ ရှစ်အောင်စ၊ နှင့် ပိုတက်ရှ်မြေသြဇာ လေးအောင်စကို ရော၍ထည့်ပေးရပါမည်။ သစ်တော်ပင်သည် ပိုတက်ရှ်မြေသြဇာ အထူးလိုအပ် သည့်အတွက်ကျင်းတူး ပြီးနောက် မြေဖုံးချိန်တွင် တစ်ကျင်းလျှင် ပိုတက်ရှ် ၁.၅ အောင်စ ထည့်ရန် လိုအပ်ပါသည်။ သစ်တော်ပင်များသည် ကြီးထွားနှုန်းမြန်သည့်အပင်မျိုးများဖြစ်၍ နိုင်ထရိုဂျင်ဓာတ်ကို လိုသည်ထက်ပို၍ မထည့်ရန် သတိပြုရပါမည်။
သီးပွင့်အရွက်ရောက်သည့် သစ်တောပင်ကြီးများကိုမူ ယူရီးယား ရှစ်အောင်စ၊ တီစူပါ ၁၆ အောင်စ၊ ပိုတက်ရှ် ၁၂ အောင်စရောစပ်၍ မိုးနှောင်းတွင် နှစ်ကြိမ် ခွဲကျွေးနိုင်ပါသည်။
၉။ အပင်ပြုပြင်နည်း
နှစ်ရှည်သစ်တော်ပင်များကို စိုက်ပျိုးသည့်ဒေသ၏ ရေမြေ နှင့် ကိုက်ညီစေရန်ပင်စည်မ အမြင့်ကို နှစ်ပေ၊ လေးပေ၊ခြောက်ပေ အမြင့် စသည့်ဖြင့်ထား၍ ကိုင်းမ ငါးခုထွက်စေသည့်နည်းကို အများဆုံး အသုံးပြုပါသည်။
ဥပမာ တောင်တန်းဒေသ လေပြင်းတိုင်ခတ်တတ်သည့် ဒေသများတွင် ပင်စည်မ၏အမြင့်ကို နှစ်ပေအမြင့်သာ ထားသင့်ပါသည်။ ဥယျာဉ် ခြံတွင် ကျွဲနွား၊ တိရစ္ဆာန်များ ၀င်ေ၇ာက်ဖျတ်ဆီးတတ်ပါက ပင်စည်မအမြင့်ကို ခြောက်ပေခန့် ထားသင့်ပါသည်။ အပင်များ သီးထွက် ကောင်းစေရန် အပင်အလယ်ဖွင့်ထားသောနည်း (Open center method) ကို အသုံးပြုရပါသည်။ ကိုင်းသေ၊ ကိုင်းခြောက်နှင့် ဘေး တက်များကို ဂရုတစိုက် ဖြတ်ပေးရန်လိုပါသည်။
၁၀။ ဆွတ်ခူးခြင်း နှင့် အထွက်
သီးခက်တစ်ခုတွင် တစ်လုံးချင်းခံယူပါက ကြီးထွားသောအသီးများ ရနိုင်ပါသည်။ အသီးများရင့်မှည့်ချိန်မှာ ပန်းပွင့်ပြီးရက်ပေါင်း ၁၄၀- ၁၅၀ရက်အတွင်း ဆွတ်ခူးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ သြဂုတ်လ မှ အောက်တိုဘာလအတွင်း အသီးများကြီးရင့်၍ အရောင်း အဆင်း ကောင်းသည်နှင့် ဆွတ်ခူးနိုင်ပါသည်။
သစ်တော်မျိုးနှင့် စိုက်ပျိုးနည်းကို လိုက်၍စတင် စိုက်ပျိုးသည်မှ သီးပွင့်ချိန်အထိ ငါးနှစ် ခုနှစ်နှစ်အထိ ကြာမြင့်ပါသည်။ ခုနစ်နှစ်သားအရွယ် မှစ၍ သီးထွက်များကို ရရှိနိုင်ပါသည်။ သစ်တော်တစ်ပင်လျှင် သီးထွက်လုံးရေ ၁၅၀-၃၀၀ ထိထွက်ရှိနိုင်ပါသည်။
လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန
The post သစ်တော်ပင် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.