၁။ သင့်လျော်သောစပါးမျိုးရွေးချယ်ခြင်း
- စားသုံးမှုအရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်သော ရေငတ်ခံ စပါးမျိုးသန့်များကို စိုက်ပျိုးပါ။
မိုးနည်းရေရှားဒေသ ပျိုးထောင်ရွေ့ပြောင်းစိုက်ပျိုးခြင်းအတွက် အသင့်တော်ဆုံးစပါးမျိုးများ
၂။ ပျိုးဘောင်ပြင်ဆင်ခြင်း
- ပျိုးခင်းနေရာကို သွင်းရေအတွက် မခက်ခဲသော၊ ရေချိုအရင်းအမြစ်နီးသော၊ လမ်းမီးရောင်နှင့်ဝေးသော ရောဂါနှင့် ပေါင်းမြက်တို့ ကင်းစင်သော၊ မြေဆီသြဇာထက်သန်သော မြေနေရာကို ရွေးချယ်ပါ။
- အရည်အသွေးကောင်း မျိုးသန့်မျိုးစေ့ကို ပြာတီးသန့်စင်၍ ဆားရည်စိမ်ရွေးချယ်ပြီးမှ အသုံးပြုပါ။
- မျိုးစေ့အား ၁ ရက် ရေစိမ်ပြီးမှ ၁ ရက်(သို့) ၂ရက် ၊ စာပါးစပ်ပြုချိန်အထိ မျိုးအုပ်ပါ။
- မျိုးစေ့မချမီ ၂-၃ ရက်အလိုတွင် ပျိုးဘောင်ပြင်ဆင်ပါ။
- တစ်ဧကစိုက်ခင်းအတွက် မျိုးစေ့ ၁၀ ပြည်မှ ၁ တင်းနှင့် ပျိုးဘောင် ဧရိယာ ၀.၁ ဧက (စိမ့်မြောင်းမြေ ဧရိယာမပါ) လိုအပ်ပါသည်။
- မြေပြင်ချိန်တွင် ပျိုးခင်း ၀.၁ ဧကအတွက် မြေဆွေး (သို့) နွားချေးဆွေးလှည်းတစ်စီး ညီညာစွာထည့်ပါ။
- ၃ ပေခြားတိုင်း ၁ ပေ (သို့) ဆ ပေခွဲ အကျယ် စိမ့်မြောင်း တစ်ကြောင်း ဖော်ပါ။
- ပျိုးဘောင်မြေမျက်နှာပြင် ညီညာအောင်ညှိပါ။
- ပျိုးဘောင်ဧရိယာ ၀.၁ ဧကအတွက် ၁၅ ပတ်လည် (N15:P2O5 15:K2O 15) ကွန်ပေါင်းမြေသြဇာ ၁ ပြည်ခွဲ ညီညာစွာထည့်ပါ။
- အညှောင့်ဖောက်ထားသော မျိုးစေ့များအား ပျိုးဘောင်ပေါ်သို့ ညီညာစွာ (ပျိုးဘောင် ၃ ပေပတ်လည် ပေါ်တွင် မျိုးစေ့ နို့ဆီဘူး ၁ ဘူးခွဲနှုန်း) ကြဲပက်ပြီး မြေဆွေး/နွားချေးဆွေး/စပါးခွံဖွဲပြာ ခပ်ပါးပါး ဖုံးအုပ်ပေးပါ။
- ပျိုးဘောင်ကို အမြဲစိုအောင် ရေထိန်းထားပါ။ ပျိုးကြဲပြီး ၅-၇ ရက်မှ စ၍ ပျိုးပင်သက်တမ်း တစ်လျှောက် အပင်အမြင့်ပေါ်မူတည်၍ ရေခပ်ပါးပါး (ရေ ၀.၅” မှ ၁.၅”အမြင့်အထိ) ထား၍ ရေသွင်းရေထုတ် ပြုလုပ်ပါ။ လိုအပ်ပါက ပိုးမွှား၊ ရောဂါကို စနစ်တကျ ကာကွယ်နှိမ်နင်းပါ။
- ပျိုးမနုတ်မီ ၇-၁၀ ရက်ခန့်အလိုတွင် ပျိုးဘောင်ဧရိယာ ၀.၁ ဧကအတွက် ယူရီးယား ဓာတ်မြေသြဇာ တစ်ပြည်ခွဲကို ရေဖျော်လောင်း (သို့) ကြဲပက် ကျွေးပါ။
- ရွေ့ပြောင်းမစိုက်မီ ပျိုးဘောင်ကို ပေါင်းကင်းစင်အောင် ဆောင်ရွက်ပါ။
- ပျိုးနုတ်ခါနီးအချိန်တွင် ရေသွင်းပေးခြင်းဖြင့် ပျိုးနုတ်ရလွယ်ကူစေပြီး ပျိုးပင်များ ဒဏ်ရာရမှု သက်သာစေပါသည်။
- ပျိုးနုတ်ရာတွင် အမြစ်များ မပြတ်စေရန် သတိထားရမည်။
၃။ စိုက်ခင်းမြေပြုပြင်ခြင်း
- မိုးရွာပြီးနောက် လုံလောက်သော အစိုဓာတ်ရရှိချိန်တွင် ထယ်ရေးအနက် ၆-၈ လက်မခန့် ထယ်ထိုးပါ။
- ထယ်ထိုးပြီး တစ်ပတ်အကြာတွင် ထွန် ၂ ကြိမ်မွှေပါ။ ပေါင်းမြက်များနှင့် သီးနှံအကြွင်းအကျန်များကို ထွန်မွှေစဉ် ဖယ်ရှားပြီး ကြမ်းတုံးရိုက်ပါ။
- မစိုက်မီ နှစ်ရက်အလိုတွင် စက်ဆုံး(၂-၃ စပ်)ခုတ်ပါ။
- စက်တုံးခုတ်စဉ် မြေခံမြေသြဇာကို ညီညာစွာ ကြဲပက်ပါ။
- ကြမ်းတုံးရိုက်၍ မြေကို ညီညာအောင် ညှိပါ။
၎။ စိုက်စနစ်
ရွေ့ပြောင်းစိုက်ပျိုးခြင်း
- သက်လျင်စပါးမျိုးအတွက် ပျိုးသက် ၂၀-၂၅ ရက် အတွင်း စိုက်ပါ။
- သက်လတ်စပါးမျိုးများအတွက် ပျိုးသက် ၂၅-၃၅ ရက် အတွင်း စိုက်ပါ။
- ပျိုးနုတ်ပြီး တစ်ရက်အတွင်း ရွေ့ပြောင်းစိုက်ပျိုးပါ။
- ကောက်ကွက်၁ ကွက်လျှင် ပျိုးပင် လက်ဆ ၂ – ၃ ပင်သုံး၍ သမန်းအတွင်းသို့ ၁-၁.၅ လက်မထက် ပိုမနက်စေဘဲ စိုက်ပျိုးပါ။
- တန်းကြားပင်ကြားကို ၈ လက်မ×၆ လက်မ ထား၍ အတန်းလိုက် စိုက်ပါ။
- အတန်းလိုက် မစိုက်နိုင်ပါက ကောက်ကွက် တစ်သိန်း သုံးသောင်းဝင်အောင် စိုက်ပါ။
- စိုက်ပြီး တစ်ပတ်အတွင်း ကောက်ပင်ဖာပါ။
၅။ မြေသြဇာကျွေးခြင်း
- ပိုတက်စီယမ်ဓာတ်ရရှိနိုင်သော ကောက်ရိုး၊ နှမ်းရိုး၊ စပါးခွံများကို မြေဆွေးပြုလုပ်၍ သုံးစွဲပါ။
- သီးနှံအကြွင်းအကျန်များနှင် နွားချေးတို့ကို မြေဆွေးပြုလုပ်၍ မြေပြင်ချိန်တွင် ထည့်သွင်းခြင်းသည် အပင်၏ အနည်းလိုအာဟာရ ဓာတ်များကိုပါ ပံ့ပိုးသည့်အပြင် မြေ၏ရေထိန်းစွမ်းအားကိုပါ တိုးတက်စေသည်။
အသုံးပြုရမည့်အချိန် | တစ်ဧကအတွက်မြေသြဇာနှုန်းထား |
မြေပြင်ချိန် | တီစူပါ ၁/၂ အိတ်(၂၅ ကီလို) ဂျစ်ပဆန် ၃ အိတ် (၇၅ ကီလို) |
ရွေ့ပြောင်းစိုက်ပြီး ၇-၁၄ ရက် | ယူရီးယား ၁/၃ အိတ် (၁၆.၇ ကီလို) ပိုတက်ရှ် ၁/၄ အိတ် (၁၂.၅ ကီလို) |
အပင်ပွားစည်းချိန် | ယူရီးယား ၁/၃ အိတ် (၁၆.၇ ကီလို) |
မှိုကပ်ချိန် | ယူရီးယား ၁/၃ အိတ် (၁၆.၇ ကီလို) ပိုတက်ရှ် ၁/၄ အိတ် (၁၂.၅ ကီလို) |
၆။ ရေသွင်းရေထုတ်ပြုလုပ်ခြင်း
- ရေသွင်းရေထုတ် လွယ်ကူစေရန် လယ်ကြားမြောင်းများ ပြုလုပ်ပါ။
- ရေကို လိုအပ်သလို ဆောင်ရွက်နိုင်ရန်အတွက် စိုက်ကွင်းမြေမျက်နှာပြင်ကို ညီအောင်ညှိပါ။
- ကန်သင်းများကို ခိုင်ခန့်အောင်ပြုလုပ်ပြီး ကြွက်တွင်းများ မရှိစေရန်နှင့် ကန်သင်းရေလုံအောင် ဂရုစိုက်ပါ။
- ကန်သင်းတိုင်းတွင် ရေသွင်း၊ ရေထုတ်ပေါက်နှင့် ရေလျှံပေါက် ပြုလုပ်ထားပါ။
- မိုးရေကို လယ်ကွက်အတွင်း သိုလှောင်အသုံးပြုရန် ကန်သင်းကို တစ်ပေခွဲအမြင့်၊ နှစ်ပေခွဲ အကျယ် ပြုလုပ်ပါ။
- ရေလျှံပေါက်၏အမြင့်ကို ကန်သင်းအမြင့်မှ ၂ လက်မမှ ၄ လက်မခန့် နိမ့်အောင် ပြင်ဆင်ပြုလုပ်ပါ။
- မိုးရွာ၍ စီးဆင်းလာသောရေကို လယ်ကွက်အတွင်း (သို့) ကျေးရွာပိုင်း ရေသိုလှောင်ကန်များအတွင်း သို့ သွယ်တန်းစီးဆင်းစေ၍ သိုလှောင်ပါ။
- စိုတစ်ခါ ခြောက်တစ်လှည့် ရေပေးစနစ်ကို ပင်ပွားအများဆုံး ထွက်ချိန်တွင် ကျင့်သုံးပါ။
- မရိတ်မီ ၂ ပတ်အလိုတွင် ရေဖောက်ထုတ်ပါ။
၇။ ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း
- မြေကိုကောင်းစွာပြုပြင်ခြင်းဖြင့် ပေါင်းနှိမ်နင်းပါ။ ပထမအကြိမ် ထယ်ထိုးထွန်ယက်ပြီးနောက် ပေါင်းပင်ငယ်များ ပေါက်ကာစတွင် ဒုတိယအကြိမ် ထယ်ထိုးထွန်မွှေခြင်းဖြင့် ပေါင်းမြက်နှိမ်နင်းပါ။
- ရွေ့ပြောင်းမစိုက်မီ သမန်းပြင်ပြီး မြက်ခေါင်းကောက်ပါ။
- စပါးပင်သက်တမ်းအစောပိုင်းတွင် စိုက်ကွင်းအတွင်း ရေထားရှိခြင်းနှင့် ကောက်ကွက်စိပ်စိပ်စိုက်ခြင်းသည် ပေါင်းပင်ကျရောက် မှုကို သက်သာစေပါသည်။
- အတန်းလိုက်စိုက်ပါက ရေထုတ်ပြီး သမန်းနှိုးကိရိယာဖြင့် ကြားပေါင်းလိုက်ပါ။
- ပေါင်းနှိမ်နင်းခြင်းနှင့် လက်ပေါင်းလိုက်ခြင်းကို စပါးစိုက်ပြီး ၃၀-၄၅ ရက် မတိုင်မီ အပြီးဆောင်ရွက်ပါ။
- ပေါင်းမြင်ဆိုးရွားစွာကျရောက်ပါက ပေါင်းပင်အမျိုးအစားပေါ်မူတည်၍ မှတ်ပုံတင်ထားသော ပေါင်းသတ်ဆေးကို ဆေးညွှန်းအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ပါ။ ဥပမာ အဓိကကျရောက်သော ပေါင်းပင်အမျိုးအစားသည် မြက်နှင့် မြက်မုံညင်းမျိုးရင်များ ဖြစ်ပါက အောက်ဖော်ပြပါ ပေါင်းသတ်ဆေးတို့ကို အသုံးပြုနိုင်ပါသည်။
ပေါင်းသတ်ဆေးအမည် | တစ်ဧကအတွက် ဆေးနှုန်းထား (g a.i/ac) | အသုံးပြုရမည့်အချိန် |
ပေါင်းပင်မပေါက်မီအသုံးပြုရသောပေါင်းသတ်ဆေး Pretilachlor | ၁၅၀ ml EC a.i. | စပါးစိုက်ပြီး ၃ ရက်အကြာ |
ပေါင်းပင်မပေါက်မီအသုံးပြုရသောပေါင်းသတ်ဆေး Bensulfuronmethyl+ Acetochlor | 88 g WP a.i. | စပါးစိုက်ပြီး ၇-၁၂ အကြာ |
ပေါင်းပင်ပေါက်ပြီးမှအသုံးပြုရသောပေါင်းသတ်ဆေး Bispyribicsodium | ၈ ml SL a.i. | စပါးစိုက်ပြီး ၇-၁၂ အကြာ |
၈။ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း
- ပိုးမွှားရောဂါကျရောက်ဖျက်ဆီးမှုရှိ၊ မရှိကို အမြဲမပြတ်ကွင်းဆင်း၊ ကင်းထောက်၊ စစ်ဆေးပြီး ပိုးသတ်ဆေးကို လိုအပ်မှသာ အသုံးပြု ပါ။
- စပါးပင်ဖြစ်ထွန်းမှု အစောပိုင်းကာလ (၃၀-၄၀) ရက်အတွင်း ပိုးမွှားကျရောက်မှုကြောင့် အရွက်များ ပျက်ဆီးမှုဖြစ်ပေါ်ပါက စပါးပင် မှ အစားထိုး ပြန်လည်ရှင်သန်နိုင်ပါသည်။
- ပိုးမွှားရောဂါများ ရှင်သန်ခိုအောင်းရာနေရာဖြစ်သော ပေါင်းပင်များနှင့် ပင်ကြွင်း၊ ပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။
- ကြွက်ကြောင့်သီးနှံလေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်
(က) ပတ်ဝန်းကျင် သီးနှံခင်းများနှင့် စိုက်ချိန်/ရိတ်ချိန် ညီအောင်ဆောင်ရွက်ပါ။
(ခ) စိုက်ခင်းနှင့် ဘေးပတ်ဝန်းကျင်တွင် ပေါင်းမြက်ကင်းစင်အောင် ရှင်းလင်းပါ။
(ဂ) ကြွက်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို သားမပေါက်ခင်အချိန်တွင် လက်ဦးမှုရယူ နှိမ်နင်းနိုင်ရန် အတွက် စစိုက်ချိန်တွင် တစ်ကြိမ် သီးနှံမပေါ်ခင်တွင် တစ်ကြိမ် မဖြစ်မနေ ဆောင်ရွက်သင့်ပါသည်။
(ဃ) ကြွက်ထောင်ချောက်ထောင်ခြင်း၊ ကြွက်ကျင်းများတူးဖော်၍ ကြွက်ဖမ်းခြင်း၊ ကြွက်များအား လူအင်အားဖြင့် ခြောက်လှန့် ဖမ်းဆီး ခြင်း၊ ကြွက်ကာပစ္စည်းများအသုံးပြုခြင်း၊ ထောင်ချောက်သီးနှံဖြင့် ကြွက်ကာကွယ် နှိမ်နင်းခြင်း (Trap-Barrier System) ၊ ကြွက်တို့၏ သားရဲကောင်များ မွေးမြူခြင်း၊ ကြွက်မုဆိုးများ၏ အကူအညီရယူ၍ ကြွက်ဖမ်းခြင်း၊ ကြွက်ဆေးချခြင်းလုပ်ငန်းများကို လူထုလှုပ်ရှားမှု အသွင်ဖြင့် တစ်ကွင်းတစ်ဆက်တည်းဆောင်ရွက်သင့်ပါသည်။
၉။ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းချိန်လွန်နည်းစနစ်များ
- မောင်းညိုချိန် (စပါးအနှံ၏ ၈၀-၈၅% ရင့်မှည့်ချိန်)တွင် ရိတ်သိမ်းပြီး ချက်ချင်းခြွေလှေ့ပါ။
- ၂-၃ ရက်နေဖြင့် အခြောက်လှန်းပါ။ လိုအပ်ပါက အခြောက်ခံ ကိရိယာ အသုံးပြုပြီး အပူချိန်ကို ၄၃ ဒီဂရီစင်တီဂရိတ်ထက်ထား၍ အခြောက်ခံပါ။
- ကွန်ကရစ်တလင်း(သို့) မိုးကာခင်းတွင် နေလှန်းပါက အထူ ၂ လက်မထက်မပိုဘဲ ခပ်ပါးပါးလှန်းပါ။ ခြောက်သွေ့မှု ညီညာစေရန် နာရီဝက်ခြားတစ်ကြိမ် အထက်အောက်လှန်ပေးပါ။
- မြင့်မားသော အပူချိန် (၅၄.၄ ဒီဂရီစင်တီဂရိတ်နှင့် အထက်) တွင် အခြောက်မခံသင့်ပါ။
- စပါးစေ့အစိုဓာတ်သည် မျိုးစပါးအတွက် ၁၂% နှင့် ကြိတ်ခွဲစားသုံးမည့် စပါးအတွက် ၁၄% ထားရှိရန် လိုအပ်ပါသည်။
- မျိုးစေ့များကို သန့်စင်ပြီး လေလုံစွာ ပိတ်ထားနိုင်သော ပုံး၊ ပေပါ၊ အိတ် စသည့် ပစ္စည်းများ (ဥပမာ ဟာမက်တစ်အိတ်) ထဲသို့ ထည့်သွင်းပါ။
- ထို့နောက် လေ၀င်လေထွက်ကောင်းပြီး ပိုးမွှား၊ ကြွက်၊ငှက်တို့မှ ကာကွယ်ထားသော သိုလှောင်ရုံအတွင်း စနစ်တကျ သိုလှောင်ပါ။
- စပါးသိုလှောင်ထားရာ ပတ်ဝန်းကျင်တွင် ဖိတ်စင်ကျန်ရစ်ခဲ့သော စပါးစေ့များကို ချက်ချင်းသန့်စင် ဖယ်ရှားပါ။
- သိုလှောင်ရုံကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။
Source by – လယ်/ဆည်
The post မိုးနည်းရေရှားဒေသများအတွက် သင့်လျော်သော နွေစပါး၊မိုးစပါးစိုက်ပျိုးနည်းစနစ်များ (ပျိုးထောင်စနစ်) appeared first on Myanmar Farmers' Portal.