(၁) နှမ်းရိုးမည်းရောဂါ (Macrophomina phaseolina)
ကျရောက်သည့်အချိန်
ရေ၀ပ်သော မိုးစိုက်နှမ်းခင်းများတွင် ကျရောက်သည်။
ရောဂါပျံ့ပွားမှု
ရောဂါဖြစ်စေမှိုသည် မြေတွင်းကျန်ခဲ့သော အကြွင်းအကျန်များပေါ်တွင် ခိုအောင်းနေလေ့ရှိသည်။ ထွန်ယက် ကရိယာနှင့် တိရစ္ဆာန် ခြေ ထောက်များတွင် ကပ်ပါသော မြေကြီး မြေမှုန့်တို့မှ တဆင့်လည်း ကူးစက်နိုင်သည်။ အပူချိန်များသော (၃၅-၃၉) ဒီဂရီစင်တီဂရိတ်တွင် ရောဂါပြင်းထန်လေ့ရှိသည်။
ရောဂါလက္ခဏာ
နှမ်းပင်၏ ပင်ခြေပိုင်းတွင် အညိုရောင် အနက်ကွက်ငယ်စတင်ဖြစ်ပေါ်သည်။ သစ်သျှူးသားများ ညိုမဲလာပြီး အနာချိုင့်ဖြစ်လာ၍ အခေါက် များဖွာလန်လာသည်။ ယင်းတစ်သျှူးများပေါ်တွင် ခပ်မည်းမည်း အဖုများ ဖြစ်ပေါ်လာသည်။ ယင်းတစ်သျှူးများပေါ်တွင် ခပ်မည်းမည်း အဖုများ ဖြစ်ပေါ်လာသည်။ နှမ်းပင်ခြေရင်းမှ စတင်၍ မဲနက်လာပြီး အပေါ်ပိုင်းအ၀ါရောင် ပြောင်းကာ ညှိုးစပြုလာသည်။ နောက်ပိုင်းတွင် တစ်ပင်လုံး မဲခြောက်၍ သေသွားသည်။
ကာကွယ်နှိမ်နင်းနည်းများ
- စိုက်ခင်းရေမ၀ပ်စေရန် ဆောင်ရွက်ပါ။
- သီးလှည့်စိုက်ပါ။
- ရောဂါရပင်ကြွင်းပင်ကျန်များဖျတ်ဆီးပါ။
- နှမ်းမျိုးစေ့ကို ဟိုမိုင်းဆေးမှုန့်ဖြင့် လူးနယ်စိုက်ပျိုးပါ။
- Benomyl, Thiabendazole, Thiram မှိုသတ်ဆေးဖြင့် ပက်ဖျန်းနိုင်ပါသည်။
နှမ်းဖိုရောဂါ (Mycoplasma)
ကျရောက်သည့်အချိန်
ဖြုတ်ညိုကျရောက်မှုများပါက ဤရောဂါဖြစ်ပေါ်တတ်သည်။
ရောဂါပျံ့ပွားမှု
နှမ်းဖိုရောဂါသည် ပင်ရည်ဖြင့်မကူးစက်နိုင်ပါ။ ကိုင်းကူးနည်းဖြင့်သာ ကူးစက်နိုင်ပါသည်။ မျိုးစေ့ဆောင်အဖြစ် တွေ့ရပါက ရောဂါသယ် ဆောင်ကောင်မှာ ဖြုတ်ညို (Orosius albicinetus) ဖြစ်ပါသည်။
ရောဂါလက္ခဏာ
နှမ်းခင်းကို အဝေးမှ ကြည့်လျှင် အရွက်များသည် သေးငယ်၍ အစိမ်းရောင်များ အဆုပ်လိုက်ဖြစ်နေသည်။ ရွက်သေးငယ်ခြင်း၊ ဆစ်ကြားတိုခြင်း၊ ကြားဖူးမှ မူမမှန်ကိုင်းများစွာ ထွက်ခြင်း တို့ကို တွေ့မြင်နိုင်ပါသည်။
ကာကွယ်နှိမ်နင်းခြင်း
- စောစောစိုက်ခြင်းကိုရှောင်ပါ။
- နှမ်းပင်ငယ်စဉ်တွင် ဖြုတ်ပိုးကို ပင်လုံးပြန့် ပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် ကာကွယ်ပါ။
- ရောဂါကျအပင်များကို နှုတ်ယူဖျက်ဆီးပါ။
နှမ်းဖိုင်တော့(ဖ်)သော်ရာပင်နာကျရောဂါ (Phytophthora nicotianae)
ရောဂါပျံ့ပွားမှု
ရောဂါဖြစ်စေမှိုသည် မြေကြီးထဲတွင် တစ်နှစ်ရှင်သန်နိုင်သည်။ အပူချိန် ၂၈ – ၃၀ ဒီဂရီစင်တီဂရိတ်တွင်ရောဂါဖြစ်စေမှု မြန်စေသည်။
ရောဂါလက္ခဏာ
အရွက်များပေါ်တွင် ကွက်ပြောက်များ ဖြစ်ပေါ်လာပြီး ပထမ အညိုရောင်မှ အနက်သို့ပြောင်းလာကာအကွက် အရွယ်အစား ကြီးမားလာ၍ တစ်ရွက်လုံး ပျက်စီးသွားစေသည်။ နှမ်းပင်သက်တမ်းတစ်လျှောက်လုံးတွင် ဤရောဂါကျရောက်နိုင်သည်။ ပင်စည်အခြေတွင် အမဲရောင်အနာကွက်များ ထင်ရှားစွာ တွေ့ရသည်။
ကာကွယ်နှိမ်နင်းနည်း
- နှမ်းသီးနှံကို နှစ်စဉ် ဆက်တိုက်စိုက်ပျိုးခြင်းကို ရှောင်ပါ။
- ရောဂါကျအခင်းမှ မျိုးစေ့ကို ပြန်လည် မစိုက်ပျိုးပါနှင့်
- Metalaxyl, Fosetyl-Al, Bordeaux mixture မှိုသတ်ဆေးများအသုံးပြုပါ။
စိုက်ပျိုးရေးဦးစီးဌာန
The post နှမ်းရောဂါများ appeared first on Myanmar Farmers' Portal.