သိပ္ပံအမည် – Dicladispa armigera (Olivier, 1808)
မျိုးစဉ် – Order: Coleoptera;
မျိုးရင်း – Family: Chrysomelidae
အခြားသိပ္ပံအမည် – Hispa armigera Olivier
လက္ခံပင်များ (Host Range)
အဓိက လက္ခံပင်မှာ စပါးဖြစ်သည်။ ထို့ပြင် ကြံ Saccharum officinarum (sugarcane)၊ ဂျုံ Triticum aestivum (wheat) ၊ ပြောင်း Zeamays (maize)၊ တို့တွင်လည်းနေထိုင်စားသောက်၍ အသက်ရှင်သန်နိုင်သည်။ ၄င်းအပင်များမရှိပါက လက္ခံရိုင်းပင်များအဖြစ် မြက် အမျိုးမျိုးတို့တွင် ကျရောက်နိုင်ပါသည်။
ကျရောက်ဖျက်ဆီးတတ်သော အပင်၏အဆင့်နှင့် အစိတ်အပိုင်းများ
ပျိုးပင်များ၊ ပင်ပိုင်းကြီးထွားနေသော အဆင့်များနှင့် ပန်းပွင့်သောအဆင့်များ (Seedling stage, vegetative growing stage, and flowering stage) တို့တွင်ကျရောက်ဖျက်ဆီးတတ်သည်။ အရွက်များကို ခြစ်စားခြင်းဖြင့်ဖျက်ဆီးကြသည်။
ဖျက်ဆီးမှုလက္ခဏာများ (Damage Symptoms)
အကောင်ကြီးများသည် အရွက်၏ ပြင်ပမျက်နှာပြင် တစ်ရှူးများကိုခြစ်စားကြသည်။ ပိုးတုံးလုံးသည် အရွက်အတွင်းသို့ လှိုဏ်ထွင်းဝင် ရောက်ပြီး ခြစ်စားကြသည်။ အကောင်ကြီးနှင့် ပိုးတုံးလုံးနှစ်ဆင့်စလုံး စပါးရွက်၏ အစိမ်းရောင်တစ်ရှူးများကိုစားသောက်ကြသည်။
အကောင်ကြီးများ စားသောက်မှုကြောင့် စပါးရွက်များ အပေါ်တွင် အဖြူရောင် အလျားလိုက်ပြိုင်လျက် အစင်းများ ဖြစ်ပေါ်နေသည်ကို တွေ့ရနိုင်သည်။ ပိုးတုံးလုံးများသည် အရွက်တွင်းသို့ဝင်ရောက်စားသောက်ကြသဖြင့် အမြှေးပါးသာကျန်သည့် မညီညာသော အဖြူရောင် အကွက်များကို တွေ့ရနိုင်ပါသည်။ ဆိုးရွားစွာကျရောက်ပါက ခြစ်စားခံရသော အရွက်များ ခြောက်သွေ့သွားကြသည်။ ဆိုးရွားစွာကျရောက် သော စပါးခင်းမှာ မီးလောင်ခံထားရသကဲ့သို့ ခြောက်သွေ့နေသော အကွက်များကို အဝေးမှထင်ရှားစွာမြင်နိုင်ပါသည်။
ထို့ကြောင့်မြန်မာနိုင်ငံတွင် ဤအင်းဆက်ပိုးကို ကျောက်ဆူးပိုးဟူသော အမည်အပြင် လောင်မီးပိုး (သို့မဟုတ်) ပိုးလောင်မီးဟုလည်း အသိများကြသည်။
ရုပ်သွင်လက္ခဏာ (Morphology)
ဥများ (Eggs)
ဥများသည် (၁မှ ၁.၅ မီလီမီတာ) သေးငယ်သော အရွယ်အစားရှိကြသည်။ အနည်းငယ်ကွေးကောက်နေပြီး နှမ်းစေ့နှင့်ဆင်တူသည်။ တဖက်စွန်းတွင် ပိုမိုဝိုင်းစက်သည့်ပုံရှိသည်။ အစပိုင်းတွင် အ၀ါရောင်ဖြစ်သည်။ ဥတိုင်းကို အမမှစစ်ထုတ်ပေးသော အမဲရောင်သေး ငယ်သော အရာများဖြစ် ဖုံးအုပ်ထားပေးသည်။
ပိုးတုံးလုံးများ (Larvae)
ပိုးတုံးလုံးများသည် ကျောဖက်မှရင်ဖက်ပိုင်းသို့ ပြားနေသည်ကိုတွေ့ရသည်။ ပထမအဆင့် ပိုးတုံးလုံးသည် အ၀ါဖျော့ရောင်ရှိပြီး (၂.၄ မီလီ မီတာ)အရှည်ရှိသည်။ ပိုးတုံးလုံးအဆင့် (၄)ဆင့်ပါရှိသည်။ ပိုးရုပ်ဖုံးသို့မပြောင်းမီ အစာဝပြီးသားပိုးတုံးလုံးသည် (၅.၅ မီလီ မီတာ)အရှည် နှင့် (၁.၆ မီလီ မီတာ) အကျယ် ရှိ၍အ၀ါဖျော့ ရောင်ပင်ဖြစ်သည်။
ပိုးရုပ်ဖုံး (Pupa)
ပိုးရုပ်ဖုံးသည်လည်း ကျောဖက်မှ ရင်ဖက်ပိုင်းသို့ ပြားနေပြီး အလျား (၄.၆ မီလီမီတာ)အရှည်ရှိသည်။ အညိုရောင်ဖြစ်ပြီး ပိုးတုံးလုံးပြုလုပ် ထားသည့် လှိုဏ်ခေါင်းထဲတွင် ပိုးရုပ်ဖုံး ပြုလုပ်လေ့ရှိသည်။
အကောင်ကြီးများ (Adults)
ရင်အုပ်ပိုင်း ပထမဆစ် (Prothorax)၏ ကျောဖက်ပိုင်းမှာ ရှည်လျား၍ ထင်ရှားသောဆူးချွန်များ အစုလိုက်ထွက်သည်။ အလယ်ပိုင်းရှိ ဆူး ချွန်များမှာ တစ်ချောင်းချင်းဖြစ်သည်။ အခွံမာအတောင်၏ အနားသတ်တွင် ဆူးများမပါချေ။ ဦးမှင်အဆစ် (၁၁)ဆစ်ပါရှိသည်။ ဦးမှင်၏ တတိယအဆစ်မှာ အရှည်ဆုံးဖြစ်ပါသည်။ ခန္ဓာကိုယ်မှာ ကျဉ်းမြောင်း၍ ရှည်မျောမျော ပုံဖြစ်သည်။
အရောင်မှာ သတ္ထုပြာရောင် (metallic-blue) ဖြစ်သည်။ အမများသည် (၄.၄ မှ ၄.၈ မီလီမီတာ) အရှည်ရှိသည်။ အထီးများသည် (၃.၆ မှ ၄.၁ မီလီမီတာ) အရှည်ရှိသည်။
ကာကွယ်နှိမ်နင်းခြင်း (Control measures)
စိုက်ပျိုးနည်းစနစ်များအသုံးပြု၍ ကာကွယ်နှိမ်နင်းခြင်း (Cultural Practices)
စောစွာရင့်မှည့်သော စပါးမျိုးများကို စိုက်ပျိုးရမည်။ စပါးပင်များအား နှုန်းထားမြင့်သော ယူရီးယားဓါတ်မြေသြဇာ ကျွေးခြင်းကို မပြုလုပ် ပါနှင့် ။
စက်ကရိယာများ အသုံးပြု၍ ကာကွယ်နှိမ်နင်းခြင်း (Mechanical Control)
ဥများနှင့်ပိုးတုံးလုံးများဝင်၍ စားနေသော စပါးရွက်ထိပ်ပိုင်းများကိုဖြတ်ပစ်ပေးရမည်။ ဤကဲ့သို့ စပါးရွက်ထိပ်ပိုင်းများကို ဖြတ်ပစ်ပေးခြင်း သည် ကျောက်ဆူးပိုးကျရောက်ခြင်းကို (၇၅ မှ ၉၂) ရာခိုင်နှုန်းထိ လျှော့နည်းစေသည်။ ဆိုးဝါးစွာကျနေသော အခြေအနေတွင် အကောင် ကြီးများကို လက်ကိုင်ပိုက်ဖြင့် ဖမ်းဆီးပြီး ဖျက်ဆီးပစ်ရမည်။
ဓာတုပိုးသတ်ဆေးများ အသုံးပြု၍ ကာကွယ်နှိမ်နင်းခြင်း (Chemical Control)
လက်ရှိအသုံးပြုနေသော ပိုင်ရီသရွိုက်ပိုးသတ်ဆေးများကို အသုံးပြု၍ ကာကွယ်နှိမ်နင်းနိုင်ပါသည်။ ဆေးပျော်ရည်နှင့် ဆေးလုံးငယ် ကလေးများ နှစ်မျိုးစလုံးထိရောက်မှုရှိပါသည်။
ကျောက်ဆူးပိုးများစားသောက်လိုစိတ်မရှိစေရန် တမာပိုးသတ်ဆေးများ ၃၀၀ ပီပီအမ် အဇာဒီရက်တင် (၃၀၀ p.p.m. azadirachtin)၊ ၁၅၀၀ ပီပီအမ် အဇာဒီရက်တင် (၁၅၀၀ p.p.m. azadirachtin)၊ နှင့် တမာစေ့ပိုးသတ်ဆေးအဆီ (crude neem seed oil) များကို အသုံးပြုနိုင်ပါသည်။
ကျောက်ဆူးပိုးများ၏ ကြီးထွားမှုကို အနှောက်အယှက်ပေးနိုင်သော မီသိုပရင်းနှင့် ဒိုင်ဖလူဘင်ဇူရွန် (methoprnene and diflubenzuron) တို့ကို အသုံးပြုနိုင်ပါသည်။
အိန္ဒိယတွင် ပင်ပွားထွက်ချိန်၌ စပါးရုံတစ်ရုံလျှင် အကောင်ကြီး (၄)ကောင်ကျရောက်လျှင် (သို့မဟုတ်) ပင်ပွားထွက်ပြီးနောက်ပိုင်းတွင် အကောင်ကြီး (၂) ကောင် ကျရောက်လျှင် နှင့် ဘင်္ဂလားဒေရှ့်တွင် စပါးတရုံလျှင် အကောင်ကြီး (၅)ကောင် သို့မဟုတ် ပိုးတုံးလုံး (၅) ကောင်နှုန်း ကျရောက်လျှင် စီးပွားရေးကို ထိခိုက်မည့် အဆင့်ကိုရောက်ပြီဟု သတ်မှတ်နိုင်ပြီး၊ လိုအပ်သော ဓါတုပိုးသတ်ဆေးများကို အသုံးပြု၍ ကာကွယ်နှိမ်နင်းရမည်။ ဓါတုပိုးသတ်ဆေးအသုံးပြုရန် ဥပမာများမှာ- အောက်ပါအတိုင်း ဖြစ်ပါသည်။
စားနှပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
The post စပါးကျောက်ဆူးပိုး (Rice Hispa) appeared first on Myanmar Farmers' Portal.