မြန်မာအမည် – ရှောက်မျိုးနွယ်ဝင်အပင်များ
အင်္ဂလိပ်အမည် – CITRUS
ရုက္ခဗေဒအမည် – Citrus spp
မျိုးရင်းအမည် – RUTACEAE
၁။ အရေးကြီးသောမျိုးစိတ်များ
၁။ Mandarin ခွံပွလိမ္မော် (Citrus reticulata)
၂။ Sweet Orange ကမ္ဗလာခွံကျစ်လိမ္မော်၊ ထုံကျင် (C. sinensis)
၃။ Pumelo ကျွဲကော (C.grandis)
၎။ Grape fruit ဂရိတ်ဖရု (C.paradisi)
၅။ Lemon သံပယို (C. limon)
၆။ Citron ရှောက်သခွား (C.medica)
၇။ Unshu ဂျပန်လိမ္မော် (C.unshiu)
၈။ Bitter Orange ရှောက်ခါး/ရှောက်ချဉ် (C.aurantiun)
၉။ Sour Lime သံပရာ (C.aurantifolia)
၁၀။ Sweet lime သံပရာချို (C.limettoides)
၁၁။ Karna khatta (C.kharna)
၁၂။ Rough Lemon ရှောက်နုရှောက်ထွက် (C.jambhiri)
၂။ ဆက်စပ်လျက်ရှိသော မျိုးစုများ
၁။ Poncirus (Trifoliate orange) အရွက်သုံးမွှာပါ လိမ္မော်
၂။ Fortunella (Kumquat) ကမ်းကွက်လိမ္မော် (အောက်ခံပင်အတွက်သုံး)
(အသီးအရွယ်သေး၊ အခွံပါစားနိုင်သောလိမ္မော်)
၃။ စပ်မျိုးများ
၁။ Citrange (အရွက်သုံးမွှာလိမ္မော်×ကမ္ဗလာ)
၂။ Citrumello (အရွက်သုံးမွှာလိမ္မော် × ဂရိတ်ဖရု)
၃။ Tangor (လိမ္မော်× ကမ္ဗလာ)
ဥပမာ – Temple, Clementine, Manreal စသည်ဖြင့်
၎။ Tangelo (လိမ္မော် × ဂရိတ်ဖရု)
ဥပမာ – Olando, Mineola, Seminole, Sampsonet စသည်ဖြင့်
၅။ Lemonine (ရှောက်×သံပရာ)
(၁ နှင့် ၂ ကို အောက်ခံပင်အတွက် အသုံးပြုကြပါသည်။)
၎။ မြေအမျိုးအစား
အသင့်တော်ဆုံး pH မှာ ၅.၅- ၇.၅ ဖြစ်သည်။ မြေသားထုနက်ပြီး ပွသောလေ၀င်ထွက်မှု ကောင်းသည့် မြေ အမျိုးအစားတွင် ကောင်း စွာဖြစ်ထွန်းပြီး ထုံးကျောက် CaCO3 ဖြင့် ဖွဲ့စည်းထားသော မြေအောက်ကျပ်တီးပြင် အလွှာ ကင်းရှင်းရပါမည်။ ရေစီးစိမ့်မှုကောင်းရန် အလွန်အရေးကြီးပါသည်။
၅။ ရာသီဥတု
အပူလျော့ပိုင်း ဆီးနှင်းကင်းသောဒေသနှင့် အပူပိုင်းမကျတကျ ရာသီဥတုရှိသော semitropical ဒေသများတွင် ကောင်းစွာ ဖြစ်ထွန်း သည်။ အမြဲစိမ်း အပင်ဖြစ်သည်နှင့်အညီ ဆောင်းတွင်း အအေးဓါတ်လိုအပ်ချက် သီးခြားမရှိ သော်လည်း ဆောင်းရာသီတွင် အပင်ကြီး ထွားခြင်း ရပ်နားမှုသည် ပန်းပွင့်ဖူး ဖြစ်ပေါ်မှုကို ဖြစ်စေပြီး နွေဦးကာလ ပန်းပွင့်ခြင်းကို ဖြစ်စေပါသည်။ နိမ့်သောအပူချိန် ၂၀ံ-၄၀ံ ဖာရင် ဟိုက်သည် အပင်ငယ်များကို ပျက်စီးစေပါသည်။ အပူချိန် ၁၂ံ-၁၆ံ ဖာရင်ဟိုက်တွင် အပင်ကြီးများ သေဆုံးသွားမည်ဖြစ်ပါ သည်။
ဂရိတ်ဖရုသည် မြင့်သောအပူချိန်ကို ခံနိုင်ရည်ရှိပြီး အပူချိန် ၁၂၀ံ ဖာရင်ဟိုက် ၄၈.၈၃ံ ဖာရင်ဟိုက်အထိ ခံနိုင်ရည်ရှိပါသည်။ ပန်းပွင့်ချိန်နှင့် သီးကင်းဝင်ချိန်တွင် လေပူနှင့် အပူချိန်လွန်ကဲမှု ဖြစ်ပေါ်လာပါက ပန်းပွင့်ကို ပျက်စီးစေခြင်း၊ အသီးကြွေခြင်း တို့ကို ဖြစ်စေပါသည်။ အရိပ်အောက်ကျသော အပင်များမှာ သီးထွက်ညံ့တတ်ပါသည်။
၆။ မျိုးပွားခြင်း
ကမ္ဗလာ၊ လိမ္မော်နှင့် ဂရိတ်ဖရုတို့ကို မျိုးပွားရာတွင် အဖူးမြှုပ်မျိုးပွားနည်းမှာ အသုံးများသော မျိုးပွားနည်းဖြစ်ပါ သည်။ ရှောက်နှင့် သံပ ရာမျိုးကို မြေထုပ်စည်း သို့မဟုတ် ပင်ပိုင်းဖြတ်နည်းဖြင့် မျိုးပွားကြပါသည်။ သံပရာကို အစေ့မှ မျိုးပွားများပါသည်။ သံပရာမျိုးစေ့မှာ အစေ့ တစ်စေ့တွင် အပင်လောင်းအများအပြားပါသော Polyembryony အစေ့ဖြစ်သဖြင့် ညီညာသောပျိုးပင်ကို ရရှိပါသည်။ မူမှန် သန္ဓေ လောင်းဖြစ်ပေါ်မှုမရှိဘဲ Nucellus တစ်သျှူးဆဲလ်တစ်ခုခုမှ အပင်လောင်းအဖြစ် ပြောင်းလဲလာခြင်းဖြစ်သည်။ ထို့ကြောင့် အစေ့တစ်ခု ထဲတွင် အပင်လောင်းတစ်ခုထက်မက များပြားနိုင်သည်။ Nucellus cell မှ အပင်ဖြစ်၍ မိခင်အပင်နှင့်တူညီသော အပင်ကိုရရှိပါသည်။ Virus ရောဂါအတော်များများ အထူးသဖြင့် ရှောက်မျိုးနွယ်ဝင်အပင်များတွင် အရေးကြီးသော Tristeza ရောပါဖြစ်စေသည့် Virus မှာ အစေ့တွင်း မ၀င်နိုင်ပေ။
လေးထောင့်ကွက် အဖူးဆက်နည်း Patch နှင့် T ပုံသဏ္ဍန်အဖူးမြှုပ်နည်းများဖြင့် အဖူးမြှုပ်ကြပါသည်။ အဖူးမြှုပ်ရန် သင့်တော်သော အချိန်မှာ ပင်ရည်တက်မှုကောင်းပြီး Cambium အသားနုများ နိုးကြားချိန် ဖြစ်ပါသည်။ အဖူးကိုင်းအဖြစ် တစ်နှစ်သားရှိပြီး စောင်းမရှိသော အကိုင်းမှ အညွန့်မထွက်သေးသည့် ကောင်းစွာ စူထွက်နေသော အဖူးများ ပါရှိပါက ပိုကောင်းပါသည်။ အောက်ခံပင်တွင် မြေကြီးမှ ၂၀-၂၅ စင်တီမီတာ အမြင့်တွင် အဖူးမြှုပ်ရန်ဖြစ်ပြီး အဖူးမြှုပ်ပြီး ခြောက်လ ကိုးလတွင် စိုက်ခင်းတွင် စိုက်ပျိုးရန် အသင့်ဖြစ်ပါသည်။
အောက်ခံပင်များ ပျိုးထောင်ရန် စိတ်ကြိုက် ရွေးချယ်ထားသောအပင်မှ ပြည့်ဖြိုးအောင်မြင်သော မျိုးစေ့ကို ရွေးယူပြီး မြေဆွေး လုံလောက် စွာဖြင့် ကောင်းစွာပြင်ဆင်ထားသော မူလပျိုးခင်းတွင် ပျိုးပါ။ ပျိုးခင်းမှာ ရေစီးစိမ့်မှု ကောင်းပြီး မြေသြဇာထက်သန်ရမည်။ မြေဆောင်ရောဂါများနှင့် နီမတုတ်များ ကင်းရှင်းရပါမည်။ မူလပျိုးဘောင်များ၏ အပေါ်ပိုင်းကို သဲ သုံးစင်တီမီတာ ငါးစင်တီမီတာလွှာဖြင့် ဖုံးအုပ်ပေးပါ။ မျိုးစေ့များကို မှိုသတ်ဆေးဖြင့် လူးနယ်စိုက်ပျိုးပါ။ မျိုးစေ့မှ အပင်ပေါက်ရန် သုံးလေးပတ်ကြာပြီး ပျိုးပင်များ အရွက်လေးရွက် ခြောက်ရွက် ထွက်ချိန်တွင် ဒုတိယပျိုးခင်းသို့ ရွေ့စိုက်ရန် အဆင်သင့်ဖြစ်ပြီး ဖြစ်သည်။ ဒုတိယပျိုးခင်းတွင် ပင်ခြား၊ တန်ခြား ၂၀ံ-၃၀ံ စင်တီမီတာခြား စိုက်ပျိုးထားရှိရမည်။ ညီညာပြီး ထောင်မတ် သန်စွမ်းသောအပင်ကို အောက်ခံပင်အဖြစ် ရွေးချယ်အဖူးမြှုပ်ပါ။
၇။ ရေသွင်းခြင်း
သဲကြမ်းမြေ သို့မဟုတ် သဲနုန်းမြေ၊ ရေထိန်းအားနည်းသောမြေတွင် မကြာခဏ ရေသွင်းရန် လိုအပ်ပါသည်။ ကြီးထွားမှုမြန်သည့် အချိန်နှင့် ပန်းပွင့်ချိန်၊ အသီးကင်းဝင်ချိန်များတွင် ရှောက်မျိုးနွယ်ဝင်အပင်များသည် ရေငတ်ခြင်းကို မခံနိုင်ပါ။ အသီးများအပင်ပေါ်ရှိချိန်တွင် အပင်များ မကြာခဏ ရေငတ်ပါက အသီးတင်မှု လျော့နည်းသွားပါသည်။ ရှောက်မျိုးနွယ်ဝင်အပင်များသည် ရေများခြင်း၊ ရေ၀ပ်ခြင်းကို ခံနိုင်ရည်မရှိကြပါ။ သွင်းရေတွင် ဆားဓါတ်ပါဝင်မှုကို ခံနိုင်ရည်မရှိခြင်းကြောင့် သွင်းရေတွင် စုစုပေါင်းပျော်ဝင်ဆား (Total soluble solid) ပမာဏ ၁၀၀၀ သန်းပုံ ppm ထက် မပိုသင့်ပေ။ သွင်းရေမှာ ပင်စည်ကို တိုက်ရိုက်ထိတွေ့မှု မရှိသင့်ပါ။ ပုံမှန်အားဖြင့် မတ်လမှ ဇွန်လအတွင်း အပတ်စဉ်ရေသွင်းပြီး နိုဝင်ဘာမှ ဖေဖော်ဝါရီအတွင်း နှစ်ပတ်ခြား တစ်ကြိမ် ရေသွင်းပေးပါ။
၈။ ဓာတ်မြေသြဇာကျွေးခြင်း
ကမ္ဗလာနှင့် လိမ္မော်ပင်များအတွက် တစ်ဟက်တာလျှင် N ၆၀၀-၈၀၀ ကီလိုဂရမ် P၃၀၀-၄၀၀ ကီလိုနှင့် K ၃၀၀-၄၀၀ ကီလိုနှုန်း ကျွေးပေးခြင်းသည် အပင်ကြီးထွားမှု၊ အထွက်နှုန်းနှင့် အရည်အသွေးအတွက် သင့်တော်သော နှုန်းထားဖြစ်ကြောင်း တွေ့ရပါသည်။ အနည်းလို အာဟာရချို့တဲ့မှုများ ဖြစ်လေ့ရှိရာ ဇင့်ဆာလဖိတ် (ZnSO4) ၀.၄ – ၀.၆%၊ ကြေးနီဆာလဖိတ် ၀.၄-၀.၅%၊ ဘိုရက် (လက်ချား) ၀.၁%၊ Iron chelates (သံဓာတ်ပါသော အော်ဂဲနစ် ဒြပ်ပေါင်းများစွာ) (ဥပမာ Iron E.D.T.A) နှင့် မဂ္ဂနီဆီယမ်ဆာလဖိတ် (ဆားခါး) ၂% ပက်ဖျန်းပေးခြင်းဖြင့် ကုစားနိုင်ပါသည်။
စိုက်ပျိုးသုတ ပစ္စယ (Pissaya_Info)
The post ရှောက်မျိုးနွယ်ဝင်အပင်များထဲမှ ဂရိတ်ဖရုစိုက်ပျိုးနည်း အပိုင်း-(၁) appeared first on Myanmar Farmers' Portal.