Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ဝါးပင်စိုက်ပျိုး⁠ရေး (၀ါးခုတ်⁠ခြင်း ⁠နှင့် အသုံးဝင်ပုံ) အပိုင်း – (၂)

$
0
0

(ဂ) ၀ါးခုတ်ခြင်း

ဝါးခုတ်ခြင်းကို ခြောက်သွေ့သောကာလဖြစ်သည့် အောက်တိုဘာလမှ မတ်လအတွင်း အပြီးဆောင်ရွက်ရသည်။ တန်ဆောင်မုန်းလတွင် ခုတ်သောဝါးလုံးသည် ပိုးထိုးသက်သာသည်ဟု အယူရှိကြသည်။ အစို့ပေါက်ချိန် (မျှစ်ထွက်ချိန်) ဖြစ်သော နွေရာသီတွင် ၀ါးပင်ကို မခုတ်သင့်ချေ။ ၄-နှစ်သက်တမ်းရှိသော ၀ါးပင်ကို ခုတ်ရသည်။ သက်တမ်း ၄-နှစ်နှင့် အထက်ရှိသော ၀ါးပင်ကို ပင်ခြေအရင်းမှ ဖြတ်ရပြီး၊ ထို့ထက် သက်တမ်းနုနေလျှင် ၂-၃ ဆစ်ချန်ပြီး အဆစ်နားကပ်၍ ဖြတ်ရသည်။ သို့မှသာ ချန်ထားသော ၀ါးငုတ်၏ မြစ်ဖုမှ အစို့ ထပ်မံ ထွက်လာနိုင်သည်။ အသက်ရင့်သော ၀ါးပင်သည် ၀ါးရုံ၏ အလယ်ဗဟိုတွင် ရှိသဖြင့် အလယ်မှ စတင်ခုတ်ယူသင့်သည်။ ၀ါးရုံအိုများကို ပြန်လည်နုပျိုလာစေရန် ကျိုးနေသော ဆွေးမြေ့နေသော အပင်များ၊ ငုတ်တိုများကို ဖယ်ရှားပစ်ရသည်။ ၀ါးပင်သည် ၃-နှစ်ခန့်ကြာလျှင် ၈-ပေခန့်၊ ၁၀-နှစ်ခန့်ကြာလျှင် ၂၀-ပေခန့် မြင့်နိုင်သည်။ ဒေသနှင့် ၀ါးမျိုးအလိုက် အချို့ပေ ၅၀ ခန့် အထိ မြင့်နိုင်သည်။

ဝါးကြီးဝါးကောင်းမျိုး များစွာရှိရာ ခြောက်သွေ့သောနေရာမျိုး၌ မျှင်ဝါးမျိုးကိုလည်းကောင်း၊ အစိုဓာတ်များသောဒေသ၌ ၀ါးဘိုးမျိုးကို လည်းကောင်း၊ မစိုမခြောက်လွန်းသော ဒေသ၌ ကျသောင်းနှင့် တင်းဝါးမျိုးတို့ကိုလည်းကောင်း စိုက်ပျိုးနိုင်သည်။

အသုံးဝင်ပုံ

ဝါးပင်ပေါက်စ အစို့ဖြစ်သော မျှစ်သည် ဖန်၏၊ ချို၏၊ အဆီမရှိ၊ ကြေခဲ၏၊ ဒေါသသုံးပါးကို ပျက်စေတတ်၏၊ ဆီးနည်း၊ ဓာတ်ချုပ်၊ သွေးတက် ၏ ဟုမြန်မာ့ဆေးကျမ်းအရ သိရသည်။ တစ်ဖန် မျှစ်ချဉ်သည် ခံတွင်းကို ကောင်းစေသည်၊ အစာကို ကျေညက်စေသည်ဟု အိန္ဒိယဆေး ကျမ်းက ဆိုသည်။

လူတို့သည်မျှစ်ကို မျှစ်စိမ်း၊ (မျှစ်ဆတ်) အဖြစ်ဖြင့်လည်းကောင်း၊ မျှစ်ပြုတ်အဖြစ်လည်းကောင်း၊ မျှစ်ချဉ်အဖြစ်လည်းကောင်း၊ ဟင်းလျာ အဖြစ် ကမ္ဘာအနှံ့အပြားတွင် စားသုံးနေကြသည်။ မျှစ်အဖြစ်မှ ကြီးရင့်လာသောဝါးကို လူ့အသုံးအဆောင်အဖြစ် အလွန်ကျယ်ပြန့် များပြားစွာ တိုးတက်သုံးစွဲနေကြသည်ကိုလည်း အများအသိပင်ဖြစ်သည်။ ထင်သာ မြင်သာသော အသုံးအဆောင်များကိုသာ ဖော်ပြ လိုသည်။ အဆောက်အဦးအတွက် အမိုး (၀ါးကပ်)၊ အကာ (ထရံ)၊ အခင်း (ကပ်)၊ အိမ်တိုင်၊ အချင်၊ စားပွဲ၊ ထိုင်ခုံ၊ ငြမ်း၊ ခြံစည်းရိုး စသည်တို့အဖြစ် သုံးစွဲကြသည်။ တစ်ဖန် တင်း၊ တောင်း၊ စေ့၊ ပုတ်၊ ရိုင်ပတ် စသည့် ခြင်တွယ်စရာ၊ သိုလှောင်စရာပစ္စည်းများကိုလည်း ၀ါးဖြင့်ပင် ရက်လုပ်ကြသည်။ ထို့အပြင် ထီးရိုး၊ ဓားရိုး၊ တူဆောက် အရိုး၊ ယပ်တောင်၊ ၀ါးခမောက်၊ နှီးဦးထုပ်၊ ကစားစရာအရုပ်၊ ဇွန်း၊ ယောက်မ၊ တူ (ခေါက်ဆွဲ စားရန်)၊ သွားကြားထိုးတံ၊ အစာချက်ရန်အိုး၊ ရေသယ်ရန်ပုံး၊ ရေသွယ်ရန်မြောင်း၊ ရေသယောက်၊ ငါးမျှားတံစသည့် လူ့အသုံးအဆောင်ပစ္စည်းမျိုးစုံကိုလည်း ဒေသအလိုက် ၀ါးကို သုံးစွဲကြသေးသည်။ လေး၊ မြား၊ လှံတံ၊ ထမ်းပိုးကြီးတုတ်၊ လမ်းလျှောက်တုတ်၊ ပုလွေ၊ ပတ္တလားမှ အစ စက္ကူပျော့ဖတ်မကျန် ၀ါးကို အသုံးပြုကြသည်။

ထို့အပြင် ၀ါးပြုန်တီးနိုင်သော သဘာဝတစ်ခုလည်း ရှိပြန်သည်။ ထိုသဘာဝမှာ ၀ါးသုဉ်းခြင်းဖြစ်သည်။ ၀ါးသုန်းသည် ဆိုသည်မှာ သဘာဝအရ နှစ်ပေါင်း ၄၀-၅၀ ကြာလျှင် တစ်ကြိမ်ကျ ၀ါးပင်များ အသီးသီးပြီး သေကြေသွားကြခြင်းဖြစ်သည်။ ၀ါးမျိုးအလိုက် ၀ါးသုဉ်း တတ်သဖြင့် မျိုးပြုတ်သွားနိုင်သည်။ ၀ါးသီးသောနှစ်တွင် ကြွက်များလည်း အလွန်ပွားများပြီး သီးနှံပင်များကိုပါ ဖျက်ဆီး တတ်သည်။  လူတို့အစာရေစာ ခေါင်ပါးတတ်သည်။ ထို့သို့ ကြွက်ပေါခြင်းသည် ၀ါးသီး၌ ဖိုမဟော်မုန်း ပါဝင်သည်ဟုပင်ဆိုကြသည်။

စိုက်ပျိုးသုတ ပစ္စယ (Pissaya-Inf0)

 

 

The post ၀ါးပင်စိုက်ပျိုး⁠ရေး (၀ါးခုတ်⁠ခြင်း ⁠နှင့် အသုံးဝင်ပုံ) အပိုင်း – (၂) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>