Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ဝါးပင်စိုက်ပျိုး⁠ရေး အပိုင်း – (၁)

$
0
0

ဝါးပင်သည် အပူချိန် ၁၁ံ အက်ဖ်မှ ၁၀၀ံ အက်ဖ်၊ မိုးရေချိန်လက်မ ၃၀ မှ ၂၅၀ ကျော်၊ ပင်လယ်ရေမျက်နှာပြင်မှ အမြင့် ၅ပေမှ ၆၅၇၀ ပေ၊ မြေအချဉ်အငန်ဓာတ် (ပီအိပ်ခ်ျ) ၅.၅ မှ ၅.၇ အတွင်း ရေမ၀ပ်လျှင် မြေမရွေး ပေါက်ရောက်နိုင်သော အပင်မျိုးဖြစ်သည်။

ထို့ကြောင့် ဤကမ္ဘာမြေတွင် အပူပိုင်း (Tropics) ဒေသမှ သမပိုင်း (Temperate) ဒေသအထိ သဘာဝအရ ပေါက်ရောက်နိုင်ကြောင်း လေ့လာသိရှိရသည်။ မြန်မာနိုင်ငံတွင်လည်း မြစ်ဝကျွန်းပေါ်ဒေသ၊ အညာဒေသမှ တောင်ပေါ်ဒေသများမကျန် ၀ါးပင်ပေါက်ကြောင်းတွေ့ ရှိရသည်။ ကမ္ဘာတွင် ၀ါးမျိုးစု ၇၅-စု၊ မျိုးစိတ် ၁၂၅၀-စိတ်ခန့် ရှိသည့်အနက် မြန်မာနိုင်ငံတွင် မျိုးစု ၁၈-စု၊ မျိုးစိတ် ၉၇-စိတ်ခန့်ရှိသည်ဟု သစ်တောဦးစီးဌာနမှ သုတေသနပြုချက်အရ သိရှိရသည်။

နည်းလမ်းမှန်စွာ စိုက်ပျိုးနည်းအကြောင်း

ကျေးလက်နေ ပြည်သူများအနေဖြင့် မိမိတို့ သုံးစွဲရန် ၀ါးပင်များကို အိမ်ခြံစည်းရိုးတွင် ဖြစ်စေ၊ လယ်ယာကန်သင်းများတွင် ဖြစ်စေ စိုက်ပျိုး ထားသင့်သည်။ ၀ါးတစ်ပင် စိုက်ထားလျှင် ၃-နှစ် ကျော်ပါက ၅-ပေခန့်၊ ၁၀- နှစ်ကျော်ပါက ၁၀-၁၅ ပင်ခန့်ကို ခုတ်ယူ သုံးစွဲနိုင်သည်။ ထိုသို့ ခုတ်ယူသုံးစွဲသဖြင့် မျိုးတုံးမသွားချေ။ ထို့ကြောင့် အသစ် ထပ်မံစိုက်ပျိုးပေးရန် အလိုဘဲ အသင့်အတင့် ဂရုစိုက်ပေးရန်သာလိုသည်။

စိုက်ပျိုးပုံ

ဝါးပင် စိုက်ပျိုးရာတွင် ပျိုးထောင်၍ စိုက်ပျိုးနိုင်သကဲ့သို့ရှိပြီး ၀ါးရုံမှ အစို့ပေါက်ကို စနစ်တကျ တူးယူပြီးလည်း စိုက်ပျိုးနိုင်သည်။ တစ်အိမ်ထောင်လျှင် ၄-၅ပင် စိုက်ပျိုးရန်အတွက် ၀ါးအစို့ပေါက်ကို ရှာ၍ စိုက်ပျိုးနိုင်သည်။ အကယ်၍ များများစားစား စိုက်ပျိုးမည်ဆိုပါက ပျိုးထောင်ပြီး စိုက်ပျိုးရမည်ဖြစ်သည်။

ဝါးအစို့ပေါက်ကို တူးယူပြီး စိုက်ပျိုးလိုပါက မိုးမကျမီ ၁-၂ လ အလို (ဧပြီ၊ မေလ)တွင် တူးယူ စိုက်ပျိုးသင့်သည်။ ထိုအချိန်တွင် မြစ်ဖု (Rhizome) ပေါ်မှ အဖူး (Bud) သည် စတင်၍ ကြီးထွားစဖြစ်သည်။ ထိုသို့ မျိုးအဖြစ်သုံးမည့် အစို့ပေါက် (Offset) သည် အသက် အားဖြင့် ၁နှစ်သားခန့်၊ အပင်အမြင့် ၃-ပေခန့်၊ အဆစ်-၂-၃ ဆစ်ရှိပြီး မြစ်ဖုပါပါရှိရမည်။ အနာအဆာ ကင်းရမည်။ အမြစ်များရော အပင်ပါ မထိခိုက်၊ မနာအောင် တူးယူရမည်။

ပျိုးထောင်ပြီး စိုက်ပျိုးခြင်း

ပျိုးထောင်ပြီး စိုက်ပျိုးလိုပါက မျိုးပင်အဖြစ် အသုံးပြုမည့် ၀ါးပင်အသက်သည် ၁-၃ နှစ်သားအတွင်း ဖြစ်ရမည်။ ၀ါးပင်သက်တမ်း တွက်ရန် နောက်ဆုံးထွက်သော ကိုင်းပေါ်မှ အရွက်နေရာများကို ရေတွက်၍ ၁-ပေါင်းထည့်ရသည်။ မျိုးဝါးပင်ကို ခုတ်ယူပြီး ခြောက်မသွားစေရန် အ၀တ်စကို ရေဆွတ်ပြီး ပတ်ထားရမည်။ တစ်ရက်အတွင်း ပျိုးထောင်နိုင်အောင်စီစဉ်ရမည်။ မျိုးဝါးလုံးကို ၂-ဆစ်ပါ အပိုင်းများအဖြစ် ဓားပြတ်ပြတ်ဖြင့် ခုတ်ဖြတ်ရမည်။ အဆစ်အပြင်ဘက်ရှိ အစွန်းသည် ၂-လက်မ/၂-လက်မခွဲခန့်စီရှည်ရမည်။ ၀ါးမျိုးဖြတ်ပိုင်းရှိအဆစ် ၂-ဆစ်ကြားတွင် ၃/၄ လက်မခန့် အရွယ်ရှိ အပေါက်တစ်ပေါက်ဖောက်ပြီး၊ အမြစ်ဟော်မုန်း (Hormone) ဆေးကို ထမင်းစားဇွန်းနှင့် ၆ ၁/၂ ဇွန်းခန့် (၁၀၀ မီလီလစ်တာ) ထည့်၍ ပလတ်စတစ်စ၊ ကျွတ်စ စသည်ဖြင့် အရည်လုံအောင်ပိတ်ထားရမည်။ ထိုမျိုးပိုင်းများကို အလျားလိုက် (တုံးလုံးလှဲ) ထားပြီး အပေါက်ကို အပေါ်သို့ လှည့်ရမည်။ မြေကြီး ၃-ဆ၊ သဲ ၁-ဆ ရောမွှေပြီး ပျိုးဘောင်ကို ကြိုတင်လုပ် ထားရမည်။ ပျိုးဘောင်သည် ၃၃-ပေ အရှည်၊ ၃ ၁/၂ ပေခန့် အကျယ်၊ ၁-ပေခန့်အမြင့် ရှိသင့်သည်။ ထို ပျိုးဘောင်ကို ချကောင်မ တက်စေ ရန် အော်လ်ဒရင်း (Aldrin) နှင့် မှိုရောဂါ မကျရောက်စေရန် ဘာဗစ်စတင် (Bavistin) ဆေးတို့ကို သီးခြားစီ ထည့်ပေးထား ရမည်။ ပျိုးဘောင်ပေါ်တွင် စင်လုပ်ပြီး အရိပ်ကျဲကျဲရအောင် (၅၀%) အမိုးမိုးထားရမည်။

ပျိုးဘောင်ကို ရေနူးအောင် လောင်းထားရမည်။ ထိုပျိုးဘောင်ပေါ်တွင် ကန့်လန့်ဖြတ်၍ ၀ါးမျိုးပိုင်းများကို တုံးလုံးလှဲချပြီး မြေတွင် မြုပ်ရုံသာ စိုက်ရမည်။ တစ်ဘောင်လျှင် မျိုးပိုင်း ၅၀-၆၀ ခန့် ၀င်ဆံ့နိုင်သည်။ ပျိုးဘောင်ကို အပေါ်ယံမြေခြောက်သွားလျှင် ရေဖျန်းပေးရမည်။ ရေတစ်ကြိမ် ဖျန်းလျှင် ၂-၃ ပုံး (၈-၁၂ ဂါလံခန့်) ကုန်နိုင်သည်။ ပျိုးပင်သက်တမ်း တစ်လျှောက်လုံး ပေါင်းမြက်ကို ရှင်းလင်းပေးရမည်။ ပျိုးပင်များ သန်မာစေရန် နွားချေးဆွေးမြေသြဇာ ၃-ပြည်ခန့်ကို ပျိုးဘောင်ပေါ်တွင် ကြဲပက်ပေးနိုင်သည်။ ညှိုးသေရောဂါ (Damping-off) နှင့် မြစ်ပုပ်ရောဂါ (Rootrot) မဖြစ်စေရန် မှိုသတ်ဆေး တစ်မျိုးမျိုး (Bavistin) ကို သုံးစွဲရသည်။ ပိုးသတ်ဆေးအဖြစ် မီသိုင်းပါရာသီယွန် (Methyi parathion) ကို သုံးစွဲရသည်။ အပင်ပေါက်ရန် ၇-ရက်မှ ၂-လခန့်အထိ ကြာနိုင်သည်။ အပင်များကို ပေါက်ပြီးနောက် အတန်ကြာမှ အမြစ်များထွက်သည်။ အပင်ပေါက် (Seedling) များ ၁-ပေ ခန့်မြင့်လာမှ ပြောင်းရွှေ့ စိုက်ပျိုးနိုင်သည်။ ပြောင်းရွှေ့ စိုက်ပျိုးရန် ၁-၂ ပတ်အလိုမှ စ၍ ရေကို လျှော့၍လောင်းရသည်။ ၂-၃ပတ် အလိုမှစ၍ မိုးထားသောအရိပ်ကို ဖယ်ရှားပေးရသည်။ ပျိုးပင်များကို မိုးလုံလောက်စွာ ရရှိနိုင်သော သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ပြောင်းရွှေ့ စိုက်ပျိုးသင့်သည်။

(ခ) ပျိုးပင် စိုက်ပျိုးခြင်း

ပျိုးပင်စိုက်ပျိုးရန် အနည်းဆုံး ၁-ပေ ပတ်လည်အကျယ်၊ ၁-ပေအနက်ရှိသော ကျင်းတူးပြီး၊ မြေဆွေး ထည့်ပေးရမည်။ ‘ငှက်ပျောတစ်နှိုက်၊ အုန်း/၀ါး တစ်မိုက်’  ဟု အဆိုရှိသည်။ ၀ါးပင်ပေါက်များကို စိုက်ပျိုးပြီး၊ မြေဖို့လျှင် ခြေနှင့် မနင်းရဘဲ ရေ၀အောင်သာ လောင်းပေးခြင်းဖြင့် မြေကို သိပ်သည်းစေရသည်။ အစို့ပေါက်ကို စိုက်ပျိုးပါက ၃-ပေခန့်မြင့်သဖြင့် မယိုင်လဲစေရန် တုတ်စိုက်၍ ချည်နှောင်ပေးရမည်။ မြေခြောက်အသွားအောင် စိုက်ပြီးနောက် ၃-၆ လခန့်အထိ ရေလောင်းပေးရမည်။

စနစ်တကျစိုက်ပျိုးပါက ၈၀-၉၀ ရာခိုင်နှုန်းအထိ အပင်ရှင်သန်နိုင်သည်။ ပိုမိုဖြစ်ထွန်းစေရန် ၀ါးတစ်ပင်လျှင် နွားချေးဆွေး တစ်ပြည်နှုန်း၊ တစ်ရုံလျှင် ၄-ပြည်နှုန်းဖြင့် မိုးဦးကျအချိန်တွင် ထည့်ပေးနိုင်သည်။ ထို့အပြင် ယူရီးယားဓာတ်မြေသြဇာကိုလည်း ၀ါးတစ်ပင်လျှင် တစ်ဇွန်းနှုန်း၊ တစ်ရုံလျှင် ၄-ဇွန်းနှုန်း (ထမင်းစားဇွန်း) ဖြင့် ဧပြီလနှင့် ဇွန်လတို့တွင် ၂-ကြိမ် ထည့်ပေးနိုင်သည်။ ရေကိုလည်း ၂-နှစ်သား အထိ ဧပြီ၊ မေနှင့် ဇွန်လတို့တွင် ၇-၁၀ ရက်ခြားတစ်ကြိမ်နှုန်းဖြင့် ရေ-၁-ပုံး (၄-ဂါလံခန့်) လောင်းပေးသင့်သည်။

စိုက်ပျိုးသုတ ပစ္စယ (Pissaya_Info)

 

 

The post ၀ါးပင်စိုက်ပျိုး⁠ရေး အပိုင်း – (၁) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>