(က) မြေသြဇာ ထည့်သွင်းခြင်း
မြေသြဇာထည့်သွင်းခြင်းကို မြေနမူနာ စမ်းသပ်စစ်ဆေး၍ ရသော အဖြေများအရ ထောက်ခံထားသော နှုန်းများကို အခြေခံဆောင် ရွက်ရပါမည်။ စိုက်ပျိုးပြီး တစ်လခန့်အကြာ ပထမဆုံးရွက်ဖုံ စတင်ထွက်ပြီး အမြစ်ဖွဲပါက မြေသြဇာ စတင်ကျွေးနိုင်ပါသည်။ အပင်များ ငယ်ရွယ်ချိန်တွင် မြေသြဇာ လောင်တတ်၍ နှုန်းထားအနည်းငယ်ကိုသာ ထည့်သွင်းရပါမည်။
ထည့်သွင်းရာတွင် အပင်အခြေမှ (၈”) ခန့် ခွာ၍ ညီညာမျှတစွာ ထည့်သွင်းရပါမည်။ ယေဘုယျနှုန်းထားများအားဖြင့် ငယ်စဉ်တွင် N.P.K ၁၀း ၁၀း ၁၀ ရေစပ်ထားသော မြေသြဇာကို တစ်ပင်တစ်ကြိမ်လျှင် (၄) အောင်စနှုန်းဖြင့် တစ်နှစ် (၃) ကြိမ်ဖြင့်လည်းကောင်း၊ အပင်အရွယ်ရလာပါက အသက်အရွယ်အလိုက်နှုန်းထား တိုးမြှင့်ထည့်သွင်းရပါမည်။ မြေသြဇာထည့်သွင်းပြီးပါက ဖြစ်နိုင်လျှင် ရေသွင်း၊ ရေလောင်းပေးစေသင့်ပါသည်။ အနည်းလို အာဟာရများကိုလည်း အပင်အခြေအနေအရ လိုအပ်မှုအရ အရွက်များကို ဓာတ်ခွဲစမ်းသပ်၍ဖြစ်စေ ထည့်သွင်းပေးနိုင်ပါသည်။
ဓါတ်မြေသြဇာ သုံးစွဲခြင်းနှင့် စပ်လျဉ်းပြီး အချိုးအစားနှင့် ထည့်သွင်းပုံခြားနားစွာ ဖော်ပြချက်များတွေ့ရှိရပါသည်။ စိုက်ပျိုးသော မြေ၏ မြေဆီသြဇာ ထက်သန်ကောင်းမွန်မှုအပေါ်မူတည်၍ ထည့်သွင်းစိုက်ပျိုးရန် ဖြစ်ပါသည်။
အပင်ငယ်ကလေးများ ပျိုးအိတ်နှင့် မြေချစိုက်စဉ် သဘာဝမြေသြဇာကို အဓိကထား ထည့်သွင်းရန် ဖြစ်ပါသည်။ ယင်းနောက် ပထမနှစ်အတွင်း ၁၀း ၁၀း၁၀ အချိုးမြေသြဇာကို တစ်ကြိမ်လျှင် ၃၀ ဂရမ် (၂ကျပ်သား) နှုန်းဖြင့် ၄ ကြိမ် ခွဲ၍ ထည့်ပေးသင့်ပါသည်။ ဒုတိယ နှစ်တွင် တစ်ဆတိုးပြီး တစ်ကြိမ်လျှင် ၆၀ဂရမ် ( ၄ ကျပ်သား) နှုန်းဖြင့် ၄ ကြိမ်ခွဲ၍ ထည့်ပေးသင့်ပါသည်။ မြေသြဇာထည့်ရာတွင် ပင်စည်အနီး မကပ်ဘဲ အပင်ရွက်အုပ်ကျရာ အစွန်းပိုင်းများသို့ ကြဲပက်၍ ထည့်သွင်းပေးရပါသည်။ အပင်ငယ်စဉ်ပြုစုမှု ကောင်းပါမှ ကြီးထွားမှု မြန်ဆန်ပြီး စောစောသီးပွင့် မည် ဖြစ်ပါသည်။
(ခ) အပင်ပုံစံမှန်ကန်စေရန် ပြုပြင်ပေးခြင်း
လေတိုက်ခတ်မှုခံနိုင်စေရန် အထွက်နှုန်း ပိုမိုရရှိစေရန်နှင့် ရိတ်သိမ်းရမှု လွယ်ကူစေရန် အပင်ပုံမှန်ကန်စေရေးအတွက် ပြုပြင်ပေး ရပါသည်။ ပင်စည်တစ်ခုတည်းရရှိစေရန် ပျိုးပင်များငယ်စဉ်တွင်ရှိခဲ့သော ကိုင်းတက်များအနက် သန်မာသော ကိုင်းတစ်ခုကို ချန်လှပ်ပြီး ကျန်ကိုင်းတက်များကို ဖယ်ရှားပေးရပါမည်။ ယင်းသို့ ပင်မကိုင်း ရွေးချယ်ရာတွင် ရေညွန့် ( Water Shoot) များကို ရွေးချယ်ခြင်း မပြုရပါ။ ပုံမှန်ကိုင်းတက်များထဲမှသာ ရွေးချယ်ရပါမည်။ မူလပင်မကိုင်းသည် အခြားကိုင်းထက် (၁’) ပိုမြင့်ရပါမည်။ အချို့မျိုးများ (ဥပမာ 246) ရွက်အုပ်ကောင်း၍ အပင်ကို ပိုမိုဂရုစိုက် ပြုပြင်ရပါမည်။
ဆောင်ရွက်ပုံမှာ –
- အမြင့် (၂ ၁/၂’ ) တွင် စတင်ဖြတ်ပါ၊ ကိုင်းများ ထွက်လာစေရန် ဖြစ်ပါသည်။
- ဒူးဆစ်အမြင့်အောက်ရှိ ဘေးကိုင်းများကို ဖယ်ရှားဖြတ်ပစ်ပါ။
- ကိုင်းထွက်မှု ညပ်နေသော အပိုကိုင်းများ ဖြတ်ပစ်ပါ။ နေေ၇ာင်မရဘဲ၊ အတွင်းဘက်လှည့်နေသော ကိုင်းပိုးများ ဖြတ်ပစ်ပါ။
- မြေကြီးမှ ထွက်လာသော ဘေးထွက်ကိုင်းများ ဖယ်ရှားပစ်ပါ။
- အပင်ပုံမှန်ကန်စေရန် ပြုပြင်မှုကို ပထမ (၂) နှစ်အတွင်း ပီပြင်စွာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
(ဂ) ရွက်အုပ်မှန်ကန်စေရန် ပြုပြင်ပေးခြင်း
မက္ကဒေးမီးယား စိုက်ပျိုးရာတွင် အရည်အသွေး ကောင်းမွန်ပြီး အထွက်နှုန်း ကောင်းမွန်စေရန် အတွက် အပင်ပုံစံ မှန်ကန်ရန် ပြုပြင် ပေးရသကဲ့သို့ အပင်အရွက်အုပ်ပုံစံ မှန်ကန်စေရန် အတွက်လည်း ပြုပြင်ပေးရန် လိုအပ်ကြောင်း သိရှိရပါသည်။ အပင်၏ရွက်အုပ်သည် စိုက်ပျိုးသော မျိုးအလိုက် သိပ်သည်းခြင်း၊ အသင့်အတင့် သိပ်သည်းခြင်း၊ ကျဲခြင်း စသည်ဖြင့်ရှိနိုင်သော်လည်း ရွက်အုပ်ပုံစံကို ဂါဝန်ပုံ (skirt) ပုံပြုပြင်ပေးခြင်းဖြင့် ရိတ်သိမ်းရလွယ်ကူစေပြီး ပေါင်းမြက်များလည်း နှိမ်နင်းစေနိုင်ပေသည်။ ဤသို့ ပြုပြင်ရာတွင် လက်ကိုင် လွှစက်ငယ်များ ကိုင်းဖြတ်ကတ်ကြေး အကြီးစားများကို အသုံးပြု ဆောင်ရွက်နိုင်ပေသည်။ ရွက်အုပ်ပုံစံပြုပြင်ရာတွင် ရွက်အုပ်ကျဲနေ၍ ကိုင်းထွက်ရန်လိုအပ်ပါက ကိုင်းထွက်လိုသော နေရာအထက်ကပ်၍ ထစ်ပေးထားခြင်းဖြင့် ကိုင်းထွက်လာစေနိုင်ပါသည်။
အကွာအဝေးစိပ်စိပ်စိုက်၍ အပင်ဝင်ဆန့်မှုများသော အက္ကဒေးမီးယား စိုက်ခင်းများတွင် အပင်သက်တမ်းကြီးလာသည်နှင့် အမျှ ရွက်အုပ်များထိစပ်ကာ ရေရှည်၌ အထွက်နှုန်းကျဆင်းလာနိုင်ပေရာ ဘေးကိုင်းများဖြတ်ပေးခြင်း လိုအပ်ပါက ကြားပင်များဖယ် ရှားပစ်ခြင်း တို့ကို ဆောင်ရွက်ရပါမည်။ ဤသို့ပြုလုပ်ပေးခြင်းဖြင့် နေရောင်ခြည်ကို ပိုမိုမျှတစွာ ၇ရှိစေပြီး မှိုရောဂါများ ကျရောက်မှုမှ ကာကွယ်နိုင် ပါသည်။ သတိပြုရန်အချက်မှာ မလိုအပ်သော ကိုင်းများဖယ်ရှားရာတွင် လိုအပ်သည်ထက် ပိုမိုလွန်ကဲစွာ ဖယ်ရှားခြင်းကိုမူ မပြုလုပ် သင့်ပါ။ ကိုင်းဖြတ်ခြင်း၊ အပင်ပုံ၊ ရွက်အုပ်ပုံ ပြုပြင်ခြင်းများကို အပင်ငယ်စဉ်နှင့် အပင်ကြီးပါကလည်း ရိတ်သိမ်းပြီးချိန်တွင်သာ ဆောင်ရွက်သင့်ပါသည်။ အထူးသဖြင့် ပူပြင်းသော နွေရာသီ ကာလများတွင် မဆောင်ရွက်သင့်ပါ။ ဖယ်ရှားဖြတ်တောက်သော ကိုင်းများကို အစိုဓာတ်ထိန်းသိမ်းရာတွင် စနစ်တကျဖြတ်တောက်အသုံးပြုနိုင်ပေသည်။
Source – လယ်/ဆည်
The post မက္ကဒေးမီးယား အပင်ပြုစုထိန်းသိမ်းခြင်း အပိုင်း (၁) appeared first on Myanmar Farmers' Portal.