အဇိုလာသည် သဘာဝမြေသြဇာထဲတွင် တစ်ခုအပါအ၀င်ဖြစ်သော ရေမှော်(Aquatic term) တစ်မျိုးဖြစ်ပါသည်။ ဂရိဘာသာအရ (agro) ဆိုသည်မှာ ခြောက်သွေ့ခြင်းဟုအဓိပ္ပါယ်ရပြီး (Ollyo) ဆိုသည်မှာ သေကြေပျက်စီးခြင်းဟု အဓိပ္ပါယ်ရသော စာလုံးနှစ်လုံးအား ပေါင်းစပ်ပြီး (Azolla) ဟုအမည်ရသည်။
ရေခြောက်လျှင် (သို့) အပူချိန်များလျှင် သေကြေပျတ်စီးတတ်သည့် ရေမှော်ပင်တမျိုးဖြစ်သည်။
ရေကျောက်ခက်သည် သစ်စိမ်းမြေသြဇာအဖြစ်အသုံးပြုနိုင်သော ရေမှော်ပင်များဖြစ်ပြီး စပါးခင်းတွင်စပါးနှင့်တပြိုင်တည်း စိုက်ပျိုးပွားများ နိုင်ပြီး ယင်းအပင်ငယ်များအတွင်း၌ သဘာဝအလျောက်ရှိသော Anabaema azollae ခေါ်စိမ်းပြာရေညှိများသည် လေထဲမှနိုက်ထရိုဂျင် ဓါတ်ကိုဖမ်းယူပြီး သဟဇီဝပြုလုပ်၍ နေကြသည်။ ရေကျောက်ခက်သည် သာမာန်အားဖြင့် အစိမ်းရောင်ရှိပြီး ပုံသဏ္ဍမှာတြိဂံပုံ ရှိတတ်ပါ သည်။ ရေပေါ်တွင် အချပ်လိုက်ပေါလောပေါက်ပြီး အမြစ်မှာရေထဲသို့ တွဲကျနေသည်။
အရွယ်မှာ (၀.၂၅ မှ ၀.၅) လက်မခန့်ထိ ရှိတတ်ပါသည်။ မြန်မာနိုင်ငံတွင် တွေ့ရှိရသောမျိုးစိတ်မှာ Azolla pinnata မျိုးစိတ်ဖြစ်ပါသည်။ နေရာအများအပြားတွင် တွေ့ရသော်လည်း အေးမြသောဒေသတွင် ပိုမိုပွားများနိုင်ကြပါသည်။ ရေထိအပူချိန် (၃၀)ဒီဂရီစင်တီဂရိတ် အထက်တွင် အစိမ်းရောင်မှအနီရောင်သို့ ပြောင်းလာတတ်ပြီး ပွားများမှုနှုန်းကျဆင်းတတ်ပါသည်။ ရေ၏အပူချိန် (၂၃)ဒီဂရီစင်တီဂရိတ် တွင် ပွားများမှု အကောင်းဆုံးဖြစ်ပါသည်။ ရေကျောက်ခက်ပွားများရန်နှင့် နိုက်ထရိုဂျင်ဖမ်းချုပ်ရန် အဓိကလိုအပ်သော အဟာရဓါတ်မှာ ဖော့စဖိတ်ဓါတ်ဖြစ်ပါသည်။ ပွားများရာနေရာတွင် ဖော့စဖိတ်ချို့တဲ့ပါက အစိမ်းရောင်မှ အနီရောင်သို့ ပြောင်းသွားတတ်ပါသည်။
ရေကျောက်ခက်သည် လေထဲမှ နိုက်ထရိုဂျင်ဓါတ်ကို ဖမ်းချုပ်နိုင်သဖြင့် ရေကျောက်ခက်အစိုတွင် နိုက်ထရိုဂျင် (၀.၂) ရာခိုင်နှုန်းခန့် ပါဝင်ပါသည်။ ၄င်းအပြင် ရေကျောက်ခက်တွင် သစ်ဆွေးဓါတ် (၄၈) ရာခိုင်နှုန်း ပါဝင်ပါသည်။ရေကျောက်ခက်အစို (၁)တန်အား မြေမြှုပ် ပေးပါက အနည်းဆုံးနိုက်ထရိုဂျင် (၄)ပေါင်ရရှိနိုင်ပါသည်။
ရေကျောက်ခက်သည် ကြိုက်နှစ်သက်သော အပူချိန်၊ အလင်းရောင်နှင့် အာဟာရဓါတ်များရရှိပါက (၇)ရက်တပါတ်အတွင်း (၂)ဆပွား များနိုင်ပါသည်။ တစ်ဧကလျှင် ရေကျောက်ခက်(၂)တန်နှုန်း ထည့်ပေးပါက (၂)ပါတ်အတွင်း အစိုအလေးချိန် (၈)တန်အထိ ရရှိစေပြီး နိုက်ထရိုဂျင် (၁၆)ပေါင် (သို့) ယူရီးယား (၃၅)ပေါင်နှင့် ညီမျှသောနိုက်ထရိုဂျင်ဓာတ်အပြင် သစ်ဆွေးဓါတ်လည်း ရရှိစေပါသည်။ ရေကျောက်ခက်ကို စပါးစိုက်ပျိုးရေးတွင် အသုံးပြုခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် (၁၂)ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံတွင် (၁၄)ရာခိုင်နှုန်း၊ တရုတ်နိုင်ငံတွင် (၁၈)ရာခိုင်နှုန်း အထွက်တိုးစေကြောင်း လေ့လာသိရှိရပါသည်။မြန်မာနိုင်ငံတွင်လည်း ၁၉၇၉ခုနှစ်မှ ၁၉၈၆ခုနှစ် စမ်းသပ်ခဲ့သော သုတေသနများအရ ကျောက်ခက်(၂)တန်နှုန်းအထိ တိုးစေကြောင်း တွေ့ရှိရပါသည်
မျိုးပွားခြင်း
- ရေကန်ငယ်ဖြင့် စတင်ပွားများခြင်း
- ၂၀ ပေပတ်လည်အရွယ် ရေကန်၊လယ်ကွက်၊ ရေမြောင်းတို့တွင် ရေ(၆)လက်မအထိရေဖြည့်ပါ။
- တီစူပါမြေသြဇာ တစ်ဧက(၁၀)ပေါင်နှုန်း ကန်အတွင်းကြဲထည့်ပေးပါ။
- စုဆောင်းရရှိသော ရေကျောက်ခက်အား (၉)စတုရန်းပေလျှင် ရေကျောက်ခက်အစို (၁)ပေါင်နှုန်းဖြင့် ရေပေါ်သို့ ကြဲထည့်ပေးပါ။ (ဥပမာ-၂၀ ပေပတ်လည်ရေကန်တွင် စတင်မွေးပါက ရေကျောက်ခက်အစို (၄၄)ပေါင် ထည့်မွေးပါ။)
- ရေ၏အပူချိန် (၃၀)ဒီဂရီစင်တီဂရိတ်ထက်မကျော်ပါက တစ်ပါတ်အတွင်းနှစ်ဆပွားလာမည်ဖြစ်ပါသည်။ (၈၀-၁၀၀ပေါင်ထိ ရလာမည် ဖြစ်ပါသည်။)
- ရေကျောက်ခက် အရောင်နီလာပါက တီစူပါတစ်ဧက (၁၀)ပေါင်နှုန်းကြဲထည့်ပေးပါ။
Source by – လယ်/ဆည်
-လယ်ကွက်များတွင် မွေးမြူခြင်း
- တစ်ဧကလျှင် ရေကျောက်ခက်အစို(၂)တန်နှုန်း ထည့်ပေးနိုင်ရန်အတွက် စတင်မွေးမြူရန် (၀.၃)ဧက အရွယ်လယ်ကွက်လိုပါသည်။
- (၀.၃) ဧက အရွယ်လယ်ကွက်အားပထမ (၃၀)ပေပတ်လည် အရွယ် ၀ါးလုံးဖြင့်ကန့်၍အကွက်ပြုလုပ်ပါ။
- ရေ (၆)လက်မအထိ ရေသွင်းပေးပါ။ (ရေပေါတွင် ၀ါးလုံများပေါလောပေါ်လာပြီး ၃၀ပေ×၃၀ပေ အရွယ် ရေကျောက်ခက်မွေးရန် အကွက်ငယ်ရရှိမည်။)
- တစ်ဧကလျှင် တီစူပါ (၁၀)ပေါင်နှုန်းထည့်ပေးပါ။
- (၉) စတုရန်းပေအကျယ်ရှိလျှင် ရေကျောက်ခက် (၁)ပေါင်နှုန်းထည့်မွေးပါ။
(၃၀ပေ×၃၀.၈ပေ)အရွယ်အကွက်အတွက် ရေကျောက်ခက်အစို (၁၀၀)ပေါင်နှုန်း ထည့်မွေးပါ။
- တစ်ပါတ်အကြာတွင် ရေကျောက်လတ် (၂၀၀)ပေါင် ရရှိနိုင်သည်။
- ထို့ကြောင့် နောက်ထပ်(၃၀ပေ×၃၀ပေ)အရွယ် ၀ါးလုံးဖြင့်အကန့်ထပ်လုပ်ပါ။
- မူလ (၃၀ပေ×၃၀ပေ) အကွက်တွင် ရေကျောက်ခက် (၁၀၀)ပေါင်ချိန်ထားပြီး နောက်ထပ်လုပ်သော
(၃၀ပေ×၃၀ပေ) အကွက်တွင် ပွားလာသောရေကျောက်ခက် (၂၀၀) ပေါင်ထဲမှာ တစ်ဝတ်(၁၀၀)ပေါင်
ခွဲထည့်ပြီးပွားပေးပါ။
- နောက်တစ်ပါတ်အကြာတွင် (၃၀ပေ×၃၀ပေ) (၂)ကန်စလုံးမှ တစ်ကန်လျှင် (၂၀၀)ပေါင်စီ ဖြစ်လာမည်။
- ထို့နောက် (၃၀ပေ×၃၀ပေ) တစ်ကန်စီမှ တစ်ကန်လျှင် (၁၀၀)ပေါင်စီခွဲယူလျှင် ရေကျောက်ခက် (၂၀၀)ပေါင် ထပ်ပွားရန်ရရှိပြီး ယင်း(၂၀၀)ပေါင် ပွားရန်အတွက် ( ၆၀ပေ×၃၀ပေ) အရွယ်ဝါးလုံးအကန့် ထပ်လုပ်ပြီး ထည့်သွင်းပွားယူပါ။
- ဤသို့အားဖြင့် တတိယအပါတ်အတွင် (၆၀×၆၀) အရွယ် ထပ်မံ၍ပွားယူပါ။
- ရေကျောက်ခက်အစို (၁၀၀) ပေါင်မှ စတင်ပွားပြီး (၅) ပတ်ခန့်ကြာလျှင် ရေကျောက်ခက်အစို (၂) တန် အနည်းဆုံးရရှိနိုင်ပြီး တစ်ဧကတွင် ထည့်သွင်းအသုံးပြုရန် လုံလောက်သော ပမာဏ ရရှိစေပါသည်။
အသုံးပြုနည်း
- ရေကျောက်ခက်အသုံးပြုမည့် စပါးခင်းတွင် မြေခံအဖြစ် တီစူပါ ထည့်သွင်းထားပါက ထပ်မံထည့်ရန် မလိုပါ။ မြေခံတွင် တီစူပါ မထည့်ရသေးပါက တီစူပါ တစ်ဓက (၁၀) ပေါင်နှုန်းအား ရေကျောက်ခက် ပွားများစဉ် ကာလအတွင် တစ်ပါတ်တစ်ကြိမ် ကြဲထည့်ပေးပါ။
- စပါးစိုက်မည့်အကွက်အား မြေမပြင်မီရေသွင်း၍ ကြိုင်မွေးမြူထားနိုင်သည်။ (သို့မဟုတ်) စပါးစိုက်ပြီး အပင်လှန်ချိန်တွင်ရေကျောက်ခက် အစိုတစ်ဧက (၂) တန်နှုန်း ကြဲချပေးပါ။
- စပါးခင်းအား ရေအနည်းဆုံး (၃) လက်မခန့် ရှိနေစေရန် ထိမ်းထားပေးပါ။
- တစ်ကွက်လုံး ရေကျောက်ခက်ပွားများ ပြည့်လာပါက ရေထုတ်ပြီး ကြားလိုက်ကိရိယာဖြင့် ရေကျောက် ခက်များအား မြေမြှုပ်၍ ပေးပါ။
- ၃-၅ ရက်ခန့် ပုပ်အောင်ထားပြီး ရေပြန်သွင်းပါ။
- အကွက်အတွင်း ကျန်ရှိနေသော ရေကျောက်ခက်များမှ ရေပြန်သွင်းပေးသောအခါ ပြန်ပွားလာပါမည်။ အကွက်ပြည့်လာတိုင်း ရေထုတ်ပြီး ကြားလိုက်ကိရိယာဖြင့် သမန်းနှိုးမြေမြှုပ်၍ ပေးပါ။ သက်တမ်းအတွင်း (၃) ကြိမ်အထိ မြေမြှုပ်၍ ပေးပါ။
- အတန်းလိုက် စိုက်စနစ်အတွက်သာ အသုံးပြုရန် အဆင်ပြေပြီး ကြဲပက်စိုက်စနစ်အတွက် မြေတွင်းမြှုပ်ပေးရန် ခက်ခဲသဖြင့် အသုံးမပြုသင့်ပါ။
The post အဇိုလာခေါ် ရေကျောက်ခက်ဇီဝမြေသြဇာ appeared first on Myanmar Farmers' Portal.