ထရိုင်ခိုဒါးမားသည် ကပ်ပါးမှို ( Mycoparasite) တစ်မျိုးဖြစ်ပြီး သီးနှံမြေဆောင်မှိုရောဂါတစ်ချို့ကိုကာကွယ်နှိမ်နင်းနိုင်ရန် မြေဆွေးပုံများ လျှင်မြန်စွာဆွေးမြေ့စေရန် ထိရောက်စွာအသုံးပြုနိုင်သော အကျိုးပြုမှိုတစ်မျိုးလည်းဖြစ်ပါသည်။ လက်ရှိအသုံးပြုနေသော မှိုမျိုးစိတ်မှာ (Trichoderma harzianum) ဖြစ်ပြီး ယင်းမှာ Celluloytic enzyme တစ်မျိုးထုတ်ကာ မြေဆွေးပုံများမှာပါဝင်သော Cellulose ဓါတ်ပေါင်းများကိုချေဖျက်နိုင်သဖြင့် မြေဆွေးပုံများလျှင်မြန်စွာ ဆွေးမြေ့မှုကိုအထောက်အကူပြုစေနိုင်ပါသည်။ ၁၉၉၁ ခုနှစ်မှ စတင်၍ (၃၀၀) ဂရမ် အထုပ်ငယ်များအဖြစ် ထုတ်လုပ်ဖြန်ဖြူးလျက်ရှိပါသည်။
အသုံးပြုနည်း
- အပင်ရောဂါ ကာကွယ်နှိမ်နင်းရန်
- ပျိုးအို၊ ပျိုးထုပ်များတွင် မှိုမျိုး (၁)ဆ၊ ဆန်ဖွဲနု (၄)ဆ၊ မြေကြီး (၁၀)ဆရော၍ စိုက်ပျိုးပါ။
- ပျိုးဘောင်တွင် အသုံးပြုပါက (၃)ပေပတ်လည်အကျယ်တွင် မှိုမျိုးတစ်ထုပ်နှုန်းအား ဆန်ဖွဲနု (၄)ဆနှင့်ရော၍ပျိုးဘောင်မြေတွင် ထည့်သွင်းပေးပါ။
- ညှိုးသေရောဂါကျတတ်သော အကွက်များ၌ တစ်ဧကလျှင် မှိုမျိုးထုပ်(၃)ထုပ်အား ဆန်ဖွဲနု(၄)ဆ နှင့်ရော၍ကြဲပက်မွှေကာစိုက်ပျိုးပါ။
- မျိုးစေ့ (၁) ကီလိုဂရမ်လျှင် ထရိုင်ခိုဒါးမားမှိုမျိုး (၅၀) ဂရမ်နှင့် လုးနယ်စိုက်ပျိုးနိုင်သည်။
- ပြောင်းရွှေ့စိုက်သည့် အပင်များတွင် ထရိုင်ခိုဒါးမားမှိုကို တစ်ပင်လျှင် (၂၀-၅၀) ဂရမ်ထည့်၍စိုက်ပါ။
- ရောဂါကျသောအပင်များ၌ (၃)ပေ ပတ်လည်တွင် မှိုမျိုးတစ်ထုပ်နှုန်းအား ဆန်ဖွဲနု (၄)ဆနှင့်ရောပြီး အပေါ်ယံမြေ (၆)လက်မတွင် သမအောင်ရောမွှေပါ။ အပေါ်မှကောက်ရိုး၊ သစ်ရွက်၊မြက် စသည်ပြန်ဖုံးပေးထားပါ။
မြေဆွေးပြုလုပ်ရာတွင် အသုံးပြုနည်း
- ၂၀ ပေ × ၂၀ ပေ× ၃ပေ မြေဆွေးပုံတစ်ပုံလျှင် (၃၀၀) ဂရမ် အထုပ် (၂၀) ထုပ် လိုအပ်ပါသည်။
- မြေဆွေးပုံတွင် ပိုမိုဆွေးမြေ့စေရန် အီးအမ်ဖျော်ရည် (သို့) အီးအမ်ဘိုကာရှီဖြင့် တွဲဖက်အသုံးပြုပါကထရိုင်ခိုဒါးမားမှိုလိုအပ်ချက်ကို ထက်ဝက်လျော့ချသံုးနိုင်သည်။
- သီးနှံများရိတ်သိမ်းပြီး စပါးရိုးပြတ်များ၊ အပင်အကြွင်းအကျန်များ လျင်မြန်စွာဆွေးမြေ့စေရန် တစ်ဧကလျှင် (၃၀၀)ဂရမ် မှိုမျိုးထုပ် (၃)ထုပ်အား ဆန်ဖွဲနု(၄)ဆနှင့်ရော၍ ကြဲပက်ပြီး ထွန်ဖြင့်ဖုံးပေးပါ။ထရိုင်ခိုဒါးမားမှိုမထည့်မီ တစ်ဧကလျှင်ပုလဲမြေသြဇာ (၅၀) ကျပ်သားခန့်ကို ရေဖျော်၍ကြိုတင်ဖျန်းပေးပါက ဆွေးမြေ့မှို ပိုမိုမြန်စေပါသည်။
ကာကွယ်နိုင်သောရောဂါများ
- ယာသီးနှံများ၊ ဥယာဉ်ခြံသီးနှံများနှင့် နှစ်ရှည်ပင်များတွင် မြေဆောင်ရောဂါဖြစ်မှို (Soilbornl fungus) များဖြစ်သည့်
- Sclerotium ကြောင့်ဖြစ်သော ခါးရိရောဂါများ။
- Rhizoctonia ကြောင့်ဖြစ်သော မြေဆွေးရောဂါများ။
- Pythium ကြောင့်ဖြစ်သော ညှိုးသေရောဂါများ။
- Fusarium ကြောင့်ဖြစ်သော ညှိုးသေရောဂါများ။
- Aspergillus ကြောင့်ဖြစ်သော ပင်းရင်းပုပ်ရောဂါများကို ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။
–အကျိုးကျေးဇူး
- လယ်ယာဘေးထွက်ပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းများအားမြေဆွေး ပြုလုပ်ရာတွင်အသုံးပြုခြင်းဖြင့် မြေဆွေးပြုလုပ်ခြင်းလုပ်ငန်းအား အထောက်အကူရစေခြင်းဖြင့် မြန်မြန်ဆွေးစေခြင်း။
- အဆိပ်အတောက်ဖြစ်ခြင်း၊ ဓါတ်ကြွင်းအာနိသင်မရှိခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိခြင်း။လူနှင့်တိရိစ္ဆာန်တို့အား ဘေးဥပါဒ်ဖြစ်ခြင်းမှ ကင်းဝေးစေခြင်း။
- သီးနှံမြေဆောင်ရောဂါအချို့အား ထိရောက်စွာ ကာကွယ်နိုင်သဖြင့် ရောဂါကြောင့် ပျက်စီးဆုံးရုံးမှုမှကာကွယ်နိုင်ခြင်း။
Source by – လယ်/ဆည်
The post ထရိုင်ခိုဒါးမားမှို (Trichoderma) appeared first on Myanmar Farmers' Portal.