မျိုးရင်း – Magnoliaceae (စံကားဝါမျိုးရင်း)
ရုက္ခဗေဒအမည် – Michelia champaca Linn.
အခေါ်အဝေါ်
(က) မြန်မာအမည် – စံကားဝါ
(ခ) အင်္ဂလိပ်အမည် – Golden or Yellow Champa.
(ဂ) ကချင်အမည် – Chyamka; Laran.
(ဃ) မွန်အမည် – Kyom par.
(င) ရှမ်းအမည် – Sam-Lung (Mawk).
ပုံသဏ္ဍာန်
အပင်
အမြဲစိမ်းလန်းသော အပင်ကြီးမျိုး ဖြစ်၏။ အကိုင်း အခက်များ ဖြာထွက်၍ အမွေးနုများဖြင့် ဖုံးလွှမ်းနေသည်။ အခေါက် ချောမွတ်၍ မီးခိုးရောင် ရှိသည်။ အတွင်းသား ပျော့သည်။
အရွက်
ဘဲဥပုံ၊ လှံစွပ်ပုံသဏ္ဍာန်ရှိသည်။ ၈ – ၁၀ လက်မထိ ရှည်၍ ရွက်ညှာ ၁ လက်မခန့်ထိရှိသည်။ အရွက်နုစဉ် အမွေးနုကလေးများရှိ၍ ရင့်သောအခါ ပြောင်ချောသည်။ ရွက်နားညီသည်။
အပွင့်
တစ်ပွင့်တည်း ပွင့်၍ လိမ္မော်ရောင် သို့မဟုတ် အ၀ါဖျော့ရောင် သို့မဟုတ် အဖြူရောင်ရှိပြီး အလွန်မွှေးကြိုင်သည်။ ပွင့်ဖက် ၂ လက်မ မှ ၃ လက်မထိ ရှည်၏။ သေးငယ်သော ၀တ်ဆံများပါရှိသည်။ ပွင့်ညှာတိုသည်။ ကဆုန်၊ နယုန်လတွင် အပွင့်ပွင့်သည်။
အသီး
၁-၂ လက်မထိ ရှည်သည်။ အခိုင်လိုက် သီးသည်။ ပန်းညိုရောင် အစေ့များ ပါရှိသည်။ တော်သလင်းလတွင် စတင်သီးသည်။
ပေါက်ရောက်သည့် ဒေသ
မြန်မာနိုင်ငံ အနှံ့ အပြားတွင် ပေါက်ရောက်သည်။
ပေါက်ရောက်ပုံ
သဘာဝအလျောက် ပေါက်ရောက်သည်။
အသုံးပြုသည့် အစိတ်အပိုင်း
အပွင့်၊ အရွက်၊ အသီး၊ အခေါက်၊ အမြစ်။
အာနိသင်
မြန်မာဆေးကျမ်းအလို အရ စံကားဝါသည် ဖန်ချိုသော အရသာရှိ၍ အေးသော ဂုဏ်သတ္တိရှိ၏။ သုတ်ကိုပွားစေ၍ နှလုံးအကျိုးပြု၏။ သည်းခြေ၊ သလိပ်တို့ကိုနိုင်၏။ သွေးအန် သွေးကျ၊ ဆီးအောင့်၊ နူနာ၊ အဆိပ်၊ ယားနာ၊ အနာပေါက် တို့ကို ပျောက်ကင်းစေ၏။
အသုံးပြုပုံ
အပွင့်
၁။ အပွင့်ကို ညက်အောင်ကြိတ်၍ ရေအေးနှင့် ဖျော်သောက်သော် ဆီးအောင့်ခြင်း၊ ကျောက်ကပ်အားနည်းခြင်း ရောဂါများ ပျောက်၍ ဆီးကို ရွှင်စေသည်။
၂။ အပွင့်ပြုတ်ရည်ကို သောက်သော် အစာအိမ်နာကျင်သော ရောဂါ၊ လေရောဂါ၊ ကျောက်ကပ်ရောဂါ၊ ညောင်းကျရောဂါများ ပျောက်၏။
အရွက်
၁။ အရွက်နုစိမ်ရည်ကိုစစ်၍ မျက်စိတွင် ခတ်ပေးသော် မျက်စိတွင်းရှိ အညစ်အကြေးများ စင်ကြယ်ပြီး မျက်စိအားနည်းရောဂါ ပျောက်၏။
၂။ အရွက်ကို ရေညှစ်၍ ပျားရည်နှင့် ရောသောက်သော် ရင်ဘတ်အောင့်နာကို ပျောက်ကင်းစေ၏။ ၀မ်းတွင်းရှိ တုတ်ပိုး၊ သန်ပိုးများကိုလည်း ကျဆင်းစေနိုင်၏။
အသီး
၁။ အသီးကို ဖြစ်စေ၊ အစေ့ကို ဖြစ်စေ ရေနှင့်သွေးလိမ်းသော် ပေါင်၌ အကျိတ်အဖုဖြစ်ခြင်း ပျောက်၏။
၂။ အသီးခွံနှင့် ပင်စည်ခေါက်များကို နူနာရောဂါ ကုသရာတွင် ထည့်သွင်း အသုံးပြုသည်။
အခေါက်
၁။ အခေါက်မှုန့်ကို ပျားရည်နှင့် ရောလျက်သော် ချောင်းခြောက်ရောဂါ ပျောက်၏။
၂။ အခေါက်ကို ပြုတ်သောက်သော် နာတာရှည် လေရောဂါ အဆစ်ရောင်ရောဂါ ပျောက်၏။
အမြစ်
၁။ အမြစ်ခြောက်ကို ဖြစ်စေ၊ အမြစ်အခေါက်ကို ဖြစ်စေ ဒိန်ချည်နှင့်ရောကြိတ်၍ အနာများပေါ်၌ အုံပေးသော် အနာနုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။
မှတ်ချက် ။ ။ ဆေးညွှန်းများကို သက်ဆိုင်ရာ သမားတော်ကြီးများ၏ ခွင့်ပြုချက်ကို ယူပြီးမှ သုံးစွဲသင့် ပါသည်။
Source – စိုက်ပျိုးရေးဦးစီးဌာန
The post စံကားဝါ အကြောင်းသိကောင်းစရာ appeared first on Myanmar Farmers' Portal.