ဒိုချက်ကင်းအမျိုးအစားများ
၁။ ဒိုချက်ကင်းဆိုသည်မှာ ဂျပန်အသုံးအနှုန်းဖြစ်ပါသည်။ အင်တီဂရန့်မိုက္ကရိုအော်ဂဲနစ်ဆန်ဟုခေါ်ပါသည်။ ဒိုချက်ကင်းဆိုသည်မှာ မိမိဒေသတွင်ရှိသော အနုဇီဝပိုးများကိုမွေးမြူအသုံးပြုထားသည့် သဘာဝမြေသြဇာကို ခေါ်ပါသည်။ဒိုချက်ကင်းသည် သဘာဝ သစ်တောမြေ၀ါးရုံတောမြေများတွင် ရှိပါသည်။ သစ်ရွက် (သို့မဟုတ်) ၀ါးရွက်များ (၁-၂) နှစ်အကြာရွက်ကြွေချထားပြီး ယင်းသစ်ရွက် များဆွေးမြေ့၍ ရောနှောသွားသော မြေဖြစ်ပါသည်။ သစ်ပင်၊ ၀ါးပင်အရွက်များဆွေးမြေ့နေသော မြေမျိုးတွင် ဒိုချက်ကင်း ရှိပါသည်။ တစ်နည်းအားဖြင့် သစ်ပင်အောက်၊ ၀ါးရုံအောက်များတွင် ဒိုချက်ကင်း ရှိပါသည်။ ဒိုချက်ကင်းပြုလုပ်ရာတွင် အဆင့်နှစ်ဆင့် ရှိပါသည်။
(က) ဒိုချက်ကင်းမွေမြူခြင်း၊
(ခ) ဒိုချက်ကင်အသုံးပြုပြီး သဘာဝမြေသြဇာပြုလုပ်ခြင်းတို့ ဖြစ်ပါသည်။
(က) ဒိုချက်ကင်းမွေးမြူခြင်း
ဝါးရုံတောအောက်များတွင် ကြွေနေသောသက်တမ်း (၁-၂) နှစ်ခန့်ရှိ ၀ါးရွက်ကြွေများမှ အချို့ဝါးရွက်များမှာ ဆွေးနေပြီး အချို့မှာဆွေးမြေ့ စပြုနေပါသည်။ ထိုဝါးရွက်များကို ဖယ်ပြီး အပေါ်ယံမြေဆီလွှာ (၆) လက်မခန့်ကို အချင်း (၂.၅) ပေ(သို့) (၃) ပေခန့်အ၀ိုင်း တူဆွချေမွရမည်။ရေတစ်ပုံးခန့် (သို့မဟုတ်) ရေ (၃-၄) ဂါလံခန့်ကို တင်လဲရည်တစ်ပုလင်းနှင့် ရောစပ်ထားရမည်။ ၎င်းနောက်ဖွဲနုကို မြေကြီးနှင့်ဆတူရော၍ ပေါက်ပြားနှင့် မွှေရပါမည်။ ဖွဲနုအနည်းအများကို မျက်မှန်ဖြင့်ချိန်ဆပါက လုံလောက်ပါသည်။ အဓိကမှာ ရေ ထည့်ရာတွင် အနည်းလွန်းမများလွန်းရန် လိုအပ်ပါသည်။ ဖွဲနုရောထားသည့်မြေတွင် တင်လဲရည်နှင့် ရေရောစပ်ထားတာကို ထည့်၍ နယ်ရပါမည်။ အကယ်၍ တင်လဲရည်မရနိုင်ပါက ကြံသကာ(၅၀) ကျပ်သားခန့်ကို ရေဖြင့် ပြစ်ပြစ်ကျို၍ အသုံးပြုနိုင်ပါသည်။
ရေ(၆၀)%ခန့် ထည့်ရမည်ဆိုသော်လည်း မိုးတွင်းကာလ ရေစိုနေပါက မလိုအပ်ပါ။ မြေခြောက်လျှင် ရေများများ ထည့်ရပါမည်။ လက်နှင့် ဆုပ်ကြည့်ပြီး ရေများလက်ကြားမှ ထွက်လာလျှင် ရေများသည့်အဆင့် ရောက်ပြီ ဖြစ်ပါသည်။ လက်နှင့်ဆုပ်လိုက်၍ မရလျှင်ရေနည်း ပါသည်။ ၎င်းကြားထဲမှ ချိန်ဆပြီး တင်လဲရည်နှင့်ရောစပ်ထား သည့်အရည်ကို ထည့်ရပါမည်။ သမသွားသည့်အခါ ၀ါးရွက်များနှင့် ပြန်ဖုံးကာ မြွေရေခွံအိတ်စများနှင့် ဖုံး၍ (၃) ညအိပ်ထားရပါမည်။ မိုးတွင်းအချိန်တွင် မိုးရေမ၀င်စေရန် ဂရုစိုက်ရ မည်ဖြစ်ပါသည်။ (၃) ညအိပ်ထားပြီး (၄) ရက်မြောက်တွင် ဒိုချက်ကင်းကို ရရှိပါမည်။ ဖုံးအုပ်ထားသည့် မြွေအရေခွံအိတ်နှင့် ၀ါးရွက်များကို ထည့်ပြီး လှန် ကြည့်သောအခါတွင် အဖြူရောင်မှိုဒိုချက်ကင်းများ တက်နေသည်ကို တွေ့ရပါမည်။ လက်နှင့်စမ်းကြည့်လျှင် အပူချိန် (၆၀ံ-၇၀ံ) စင်တီဂရိတ် ရှိသည်ကို တွေ့ရပါသည်။ အနံချိုမွှေး၍စူးရှပါက ကောင်းမွန်သည့် ဒိုချက်ကင်း ဖြစ်ပါသည်။ ယင်းဒိုချက်ကင်းကို ကျုံး၍ အိတ်ထဲသို့ ထည့်ယူ ထားရပါမည်။ ဒိုချက်ကင်းရရှိပြီးနောက် ဒုတိယအဆင့်အနေဖြင့် သဘာဝမြေသြဇာပြုလုပ်ခြင်း ဖြစ်ပါသည်။
(ခ) ဒိုချက်ကင်းအသုံးပြုပြီး သဘာဝမြေသြဇာပြုလုပ်ခြင်း
ဒိုချက်ကင်းအသုံးပြု၍ သဘာဝမြေသြဇာပြုလုပ်ရာတွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများမှာ –
(၁) နွားချေး၊ ၀က်ချေး
(၂) ကောက်ရိုး
(ဂ) စပါးခွံတို့ ဖြစ်ပါသည်။
ပထမဦးစွာ စပါးခွံကို ခြောက်ပေပတ်လည်ခန့်နှင့် အမြင့် (၆) လက်မရှိအောင် မြေပေါ်မှာ ဖြန့်ခင်းရပါမည်။ ယင်းနောက်ရေဖြန်းပေးပါ။ စပါးခွံပေါ်သို့ နွားချေးတိရစ္ဆာန်ချေးများကို (၆) လက်မထုခန့် ဖြန့်ခင်းပေးပါ။ နွားချေးပေါ်တွင် ပထမဆင့် (၁) မွေးမြူပြီး သိမ်းဆည်းထား သည့် ဒိုချက်ကင်းကို လက်နှင့် ဆယ်ဆုပန်ခန့် ဖြူးပေးရပါမည်။ ၎င်းနောက် ရေဖြန်းပေးပါ။ နွားချေးပေါ်တွင် ကောက်ရိုး (သို့မဟုတ်) ပြောင်းဖူးရိုး (သို့) ပေါင်းမြက်စသည်တို့ကို ဖြန့်ခင်းပါ။ယင်းနောက် ပိပြားစေရန် လူဖြင့်နင်းပေးရန် လိုအပ်ပါသည်။ ပြီးလျှင် ရေဖြန်းပါ။ ၎င်း (၃) လွှာကို (၁) ထပ်ဟု ခေါ်လေ့ရှိပါသည်။ အထပ် (၁) ထပ်စီတွင် ရေဖြန်းပေးရမည် ဖြစ်ပါသည်။ သုံးသော ပစ္စည်း၏ အစို အခြောက်ပေါ်မူတည်၍ ရေအနည်းအများလိုအပ်ပါသည်။ ပျမ်းမျှခြင်း အထပ် (၄-၅) ထပ်ရှိ မြေသြဇာ တစ်ပုံပြီးသည်အထိ ရေတစ်ပိသာ ခန့်လိုအပ်ပါသည်။
မြေသြဇာပုံပြုလုပ်ရာတွင် နွေရာသီတွင် သစ်ပင်ရိပ်အောက်တွင် ပြုလုပ်ပေးရပါသည်။ နေပူလျှင် ဒိုချက်ကင်းသည် အလုပ်မလုပ်ပါ။ မပြန့်ပွားနိုင်ပါ။ မိုးတွင်းတွင် မိုးရေမ၀င်အောင် ဖုံးအုပ်ထားရန် (သို့မဟုတ်) အမိုးအောက်တွင် လုပ်ရန် လိုအပ်ပါသည်။ ဤသို့ အထပ် (၄-၅) ထပ်၊ အမြင့် (၅) ပေခွဲ၊ (၆) ပေခန့် ရောက်အောင် ပုံလေ့ရှိပါသည်။ နောက်ဆုံးအထပ်အပေါ် စပါးခွံနှင့် ဖုံးအုပ်ထားရပါသည်။ ဖုံးအုပ်ထားသော မြေသြဇာပုံသည် (၃-၄) ရက်တွင် ဓါတ်ပြုစပြုနေပြီဖြစ်၍ အတွင်းသို့ နှိုက်ကြည့်ပါက အလွန်ပူနေသည်ကို တွေ့ရပါ သည်။ (၆၀-၇၀) ဒီဂရီစင်တီဂရိတ်အထိ ရှိနေပါသည်။ ဤကဲ့သို့ ပူနေခြင်းသည် တဖြည်းဖြည်းလျော့လာပြီး (၃-၄) ပတ်ကြာလျှင် မပူတော့ပါ။ အပုံပြောင်းပုံရာတွင် လက်ရှိမြေသြဇာပုံအပြင် နှုတ်ခမ်းသားများကို အတွင်းဘက်ပိုင်း ရောက်အောင် ပုံပေးရမည်ဖြစ် ပါသည်။ (၆) လက်မမှ (၈) လက်မထုဖြန့်ခင်းလိုက်၊ ရေလောင်းလိုက် လုပ်ပေးရပါမည်။ အပုံပြောင်း ပြီးပါက ပြန်လည်ဓါတ်ပြုနေ၍ (၃-၄) ရက်အကြာတွင် ပြန်ပူနေသည်ကို တွေ့ရပါမည်။
နောက်ထပ် (၃-၄) ပတ်ကြာလျှင် အပူချိန်မရှိတော့သည့်အခါ တစ်ခါထပ်ပြီးအပုံပြောင်းပေးပါ။ နှစ်ခါအပုံပြောင်းပြီး နောက်ထပ် (၃-၄) ပတ်ကြာသည့်အခါ ဒိုချက်ကင်းသဘာဝမြေသြဇာကို ရရှိသည်ဖြစ်ပါသည်။ ဒိုချက်ကင်းသဘာဝမြေသြဇာဖြစ်သောအခါ အပူချိန် မရှိတော့ပါ။ တိရိစ္ဆာစွန့်ပစ်ပစ္စည်းများသည်လည်း အနံ့လုံဝမရှိတော့ပါ။ ယခင်ဖြူးပေးထားသော ဒိုချက်ကင်းမှိုများသည် မြေသြဇာ တစ်ပုံလုံးပြန့်သွားပြီး စိုက်ခင်းများတွင် ဒိုချက်ကင်းမြေသြဇာကိုထည့်သုံးခြင်းအားဖြင့်ဒိုချက်ကင်းပိုးများသည် ပြန့်ပွားများသည်ဖြစ်ပါသည်။ ယင်းတို့သည့်ကြွေကျနေသော သစ်ရွက်များကို ဆွေးမြေ့စေပြီး အပင်၏အာဟာရအဖြစ် စားသုံးနိုင်ရန်ပြုလုပ်ပေးပါသည်။
မြေအတွင် လေ၀င်/လေထွက်၊ ရေ၀င်/ရေထွက် ကောင်းအောင်လည်းပြုလုပ်ပေးပါသည်။ ထို့ကြောင့် စိုက်ပြိုးရေးအတွက် အလွန် အသုံးဝင်ပါသည်။ သဘာဝသစ်တောမြေ နှင့်ယာမြေများ နှိုင်းယှဉ်ကြည့်လျှင် သစ်တောမြေများ ပိုကောင်းသည်ကို လက်ခံကြပါသည်။ အဓိကကွာခြားချက်မှာ သဘာဝသစ်တောမြေများတွင် ဒိုချက်ကင်းပိုးများ ပေါက်ပွားကြွယ်ဝနေသောကြောင့်ဖြစ်ပါသည်။
ဒိုင်ချက်ကင်းမြေသြဇာ ကို စိုက်ပျိုးရေးတွင်သာမက မွေးမြူရေးတွင်လည်းအသုံးပြုနိုင်ပါသည်။ ၀က်မွေးမြူမည်ဆိုလျှင်ဒိုင်ချက် ကင်းမြေသြဇာ (၅၀)%နှင့် လွှစာမှုန့်(၅၀)% ရောပြီး (၂)ပေခွဲမှ (၃)ပေ အနက်တူးထားသည့် မြေကျင်းထဲတွင် အခင်းအဖြစ်ဖြည့်ထည့်ရပါမည်။ ယင်းအပေါ်တွင်ဝက်မွေးမြူမည်ဆိုပါက အနံ့ဆိုးလုံးဝမထွက်ပါ။ ရောဂါဒဏ်လည်းခံနိုင်ပြီး အစာကျွေးနှုန်းသက်သာစေပါသည်။ ကြက်မွေးမြူရန်အတွက် (၁)ပေခွဲခန့်အောက်မှ ခင်းပေးလျှင်လုံလောက်ပါသည်။ ဒိုင်ချက်ကင်းသည် မိမိဒေသတွင်းရှိ အပေါ်ယံမြေဆွေးကိုယူ၍ မွေးမြူခြင်းဖြစ်သောကြောင့် မိမိဒေသနှင့်လိုက်လျောညီထွေစွာနေထိုင်နိုင်၍ မိမိရာသီဥတုနှင့် ကိုက်ညီပြီး ဖြစ်ပါသည်။ မိမိယာမြေ၊ စိုက်ခင်းမြေအတွင်းတွင် အလွယ်တကူ နေထိုင်ပြန့်ပွာနိုင်သည်။
ဥပမာ- ရှမ်းပြည်အတွက် ရှမ်းပြည်မှ မြေဆွေး၊ အပူချိန်ဒေသအတွက် အပူပိုင်းဒေသမှ မြေဆွေးကိုသုံး၍မွေးမြူနိုင်ပါသည်။ ဒိုင်ချက်ကင်း ပိုးမွေးမြူပြီး မြေသြဇာပြုလုပ်ရာတွင်လည်း မိမိဒေသထွက်လယ်ယာ၊စွန့်ပစ်ပစ္စည်းများနှင့် စရိတ်စက အကုန်အကျသက်သာ စွာဖြင့် လုပ်ဆောင်နိုင်ပါသည်။ ယင်းမြေသြဇာကိုအသုံးပြုမည်ဆိုပါက များစွာအကျိုးကျေးဇူးရှိကြောင်းတွေ့ရှိပြီးဖြစ်ပါသည်။ သစ်တော ပျိုးဥယျဉ်များတွင် ပျိုးပင်ကငယ်များကိုဒိုချက်ကင်းမြေသြဇာနှင့် မြေကြီး (၅၀)% ရောစပ်၍စမ်းသက်သုံးစွဲပျိုးထောင်ရာတွင် အောင်မြင် သန်စွမ်းသောပျိုးပင်များကို တွေ့ရှိရပါသည်။
Source by – လယ်/ဆည်
The post ဒိုချက်ကင်းသဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း appeared first on Myanmar Farmers' Portal.