မျိုးရင်း။ ။ Apocynaceae (ဆယ့်နှစ်ရာသီမျိုးရင်း)
ရုက္ခဗေဒအမည်။ ။ Plumeria acutifolia Poir.
အခေါ်အဝေါ်။ ။
မြန်မာအမည် ။ ။ တရုတ်စံကား
အင်္ဂလိပ်အမည်။ ။ Pagoda Tree
မွန်အမည် ။ ။ Tompar; Sonp-Batang.
ရှမ်းအမည် ။ ။ Mawk Sam-Ka;
Sam-Poilang (Mawk)
ပုံသဏ္ဍာန် –
အပင်
အပင်ငယ်မျိုးဖြစ်သည်။ အမြင့်ပေ ၂၀ထိ မြင့်သည်။ အကိုင်းများတွင် နို့နှစ်ရောင်အစေးထွက်သည့် အခေါက်ရှိသည်။ အကိုင်းများအောက်ခြေမှစ၍ ဖြားထွက်သည်။ အခေါက် မွဲပြာရောင်ရှိ၍ ချောမွတ်သော်လည်း အပွေးရှိသည်။
အရွက်
အရွက်များ အကိုင်းထိပ်တွင် စု၍ ပတ်လည်ထွက်သည်။ အလျား ၁ ပေ ခန့်ထိ ရှည်သည်။ ရွက်ပြား ချောသည်။ ရွက်ရင်း သိမ်၍ ရွက်ထိပ်ဖျား ချွန်သည်။ ရွက်နားညီသည်။ ရွက်ညှာရှည်၍ အလယ်တွင် မြောင်းတိမ် သို့မဟုတ် အစင်းကြောင်းပါသည်။
အပွင့်
အချင်း ၂ လက်မ ခန့်ရှိသည်။ ပွင့်ဖတ် ၅ ခုပါရှိသည်။အနံ့ မွှေးကြိုင်သည်။ အလယ်တွင် အ၀ါနုရောင်၊ အစိမ်းရောင်၊ ပန်းရောင် အမွေးနုကလေးများ ရှိသည်။ အပြင်ဘက်တွင် ပန်းရောင်သမ်းနေတတ်သည်။ ကဆုန်လ၊ နယုန်လများတွင် ပွင့်သည်။
အသီး
ဦးချိုသဏ္ဍာန်ရှိသော အသီးတောင့် ဖြစ်သည်။ နှစ်ခုတွဲသီးသည်။ အလျား ၈ လက်မခန့်ရှိသည်။ တွဲလောင်းကျနေသော အညှာတွင် အတွဲလိုက်သီးသည်။ အစေ့ကို တွေ့ရခဲသည်။ ၀ါခေါင်၊ တော်သလင်းတွင် သီးသည်။
ပေါက်ရောက်သည့် ဒေသ
အလွန်အေးမြသော တောင်ပေါ်ဒေသမှ အပ မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ပေါက်ရောက်သည်။
ပေါက်ရောက်ပုံ
သဘာဝအလျောက် ပေါက်ရောက်သည်။
အသုံးပြုသည့် အစိတ်အပိုင်း
အစေး၊ အပွင့်၊ အရွက်။
အာနိသင်
မြန်မာဆေးကျမ်းများ အလိုအရ တရုတ်စံကားသည် စပ်၊ ခါး၊ ဖန်သော အရသာရှိ၍ ပူသောသတ္တိရှိ၏။ ဆီး ၀မ်းကို ရွှင်စေသည်။ သလိပ်လေကို ကြေစေသည်။ နူနာ၊ အနာပေါက်၊ ၀မ်းဗိုက် ရောဂါတို့ကို ပျောက်ကင်းစေနိုင်သည်။
အသုံးပြုပုံ
အစေး
တရုတ်စံကားပင်၏ အခေါက်နှင့် အကိုင်းမှ ထွက်သော နို့နှစ်ရောင်အစေးကို ၀မ်းနုတ်ဆေးအဖြစ် သုံးသည်။
တရုတ်စံကားပင်မှ ထွက်သော နို့နှစ်ရောင် အစေးသည် ၀မ်းဗိုက်ရောင် ရောဂါ၊ ၀မ်းဗိုက်ထိုးအောင့် ရောဂါကို ပျောက်ကင်းစေ၏။
အပွင့်
တရုတ်စံကားရွက်ကို စားခြင်းဖြင့် လည်းကောင်း
အရွက်
အပွင့်ကို ပြုတ်တို့ခြင်းဖြင့်လည်းကောင်း၊ မန်ကျည်းရည်နှင့် ပြုတ်၍ သနပ်လက်သုပ် လုပ်စားခြင်းဖြင့် လည်းကောင်း၊ ဆီးဝမ်းကို ရွှင်စေ၍ သလိပ်လေကို ကြေစေသည်။
မှတ်ချက်။ ။ ဆေးညွှန်းများကို သက်ဆိုင်ရာသမားတော်ကြီးများ၏ ခွင့်ပြုချက်ကို ယူပြီးမှ သုံးစွဲသင့်ပါတယ်။
Source – စိုက်ပျိုးရေးဦးစီးဌာန
The post တရုတ်စံကား အကြောင်းသိကောင်းစရာ appeared first on Myanmar Farmers' Portal.