မြန်မာအမည် – မြေပဲ
အင်္ဂလိပ်အမည် – Groundnut, Peanut, Monkey nut, Earth nut
သိပ္ပံအမည် – Arachishypogaea L.
မျိုးရင်း – Leguminosae
အရည်အသွေးကောင်းမြေပဲသီးနှံစိုက်ပျိုးထုတ်လုပ်ရန် အောက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာဆောင်ရွက်သင့်သည်။
- မျိုးစေ့နှုန်းထားမှာ တစ်ဧကလျှင် မြေပဲတောင့် (၆ – ၈တင်း) လိုအပ်ပြီး ပင်ထောင်မြေပဲကို တန်းကြား၊ ပင်ကြား (၁၅ x ၄)လက်မ စိုက်ပျိုးရမည်ဖြစ်ပြီး တစ်ဧက အပင်ဦးရေ အနည်းဆုံး တစ်သိန်းခန့်ရှိရမည်။ ပင်ပြန့်မြေပဲကို တန်းကြား၊ ပင်ကြား (၁၈’ x ၄’) စိုက်ပျိုးရမည် ဖြစ်ပြီး အပင်ဦးရေအနည်းဆုံး တစ်ဧက (၈၅၀၀၀) ခန့် ရှိရမည်။ မြေပဲသီးနှံကို မိုးဦး၌ မေ နှင့် ဇွန်လ၊ မိုးလယ်၌ သြဂုတ်လ၊ မိုးနှောင်းတွင် အောက်တိုဘာ၊ နိုဝင်ဘာလများတွင် စိုက်ပျိုးသင့်သည်။
- မြေအောင်းရောဂါ ပိုးမွှားကာကွယ်ရန် မှိုသတ်ဆေး တစ်မျိုးမျိုး နှင့် လူးနယ် စိုက်ပျိုးသင့်သည်။
- မြေပဲမြစ်ဖုမြေသြဇာများကို သတ်မှတ်နှုန်းထားအတိုင်း လူးနယ်စိုက်ပျိုးသင့်သည်။
- ထုံးထည့်ရန် လိုအပ်သည့် မြေများတွင် မစိုက်မှီ (၃) လ ကြို၍ ထုံးကို (၂၀) စင်တီမီတာ (သို့) (၈) လက်မအနက်တွင် ကောင်းစွာထည့်သွင်း အသုံးပြုသင့်သည်။
- တောင်စောင်းများတွင် စိုက်ပျိုးမည် ဆိုပါက ကွန်တိုစိုက်ပျိုးနည်းစနစ် နှင့် လှေကားထစ်စိုက်ပျိုးနည်းစနစ်များကို အသုံးပြုသင့်သည်။
- စိုက်ပျိုးသည့် မြေနေရာတွင် ရေ၀ပ်ခြင်း နှင့် ရေနစ်မြုပ်ခြင်းမဖြစ်စေရန် ပြင်ဆင်ထားသင့်သည်။
- မြေပဲ စိုက်ပျိုးစဉ် မျိုးစေ့ အတိမ်အနက်သည် (၁” မှ ၁.၅”) လက်မအတွင်းရှိရမည်ဖြစ်ပြီး အပင်ပေါက်ရန် အစိုဓာတ်လုံလောက်သင့်သည်။
- ကြားပေါင်းလိုက်ခြင်း၊ လက်ပေါင်းလိုက်ခြင်း နှင့် ကြားတိုက်ခြင်းတို့ကို စိုက်ပြီး တစ်လအတွင်းအပြီး လုပ်သင့်သည်။
- မြေသြဇာမကျွေးမီ စိုက်ခင်းတွင် ပေါင်းကိုပြောင်အောင် ရှင်းသင့်သည်။
- မြေသြဇာဆုံးရှုံးမှု နည်းစေရန် ပိုတက်စီယမ် နှင့် နိုက်ထရိုဂျင် ဓာတ်မြေသြဇာများကို အကြိမ်ခွဲ၍ ကျွေးသင့်သည်။
- ထည့်သွင်းသည့် မြေသြဇာအကျိုးသက်ရောက်မှုရှိစေရန် အစိုဓာတ်ရှိချိန်၌ မြေသြဇာကျွေးရန် အရေးကြီးပြီး မြေပဲတန်းကြားတွင် ကြောင်းဆွဲ၍ ထည့်ပြီး မြေဖုံးသင့်သည်။
- သဘာဝမြေသြဇာအားလုံးနှင့် ဖော့စဖရပ်မြေသြဇာ၊ ပိုတက်ရှ်တစ်ဝက်တို့ကို မြေပြင်စဉ်တွင် ထည့်ရန်လိုအပ်ပြီး နိုက်ထရိုဂျင် နှင့် ကျန် ပိုတက်ရှ်တို့ကို အပင်ကြီးထွားချိန် အစိုဓာတ်ရှိချိန် ထည့်သွင်းသင့်သည်။
- ကယ်လ်စီယမ် (၇%) ပါဝင်သည့် လချေးတစ်ဧက (၁၅၀ – ၂၁၀ပေါင်) ခန့် အစိုဓာတ်ရှိချိန်စိုက်ပြီး (၄၀ – ၄၅)ရက် အတွင်း ထည့်သွင်းသင့်သည်။
- မြေပဲသီးနှံတစ်မျိုးတည်းဆက်တိုက်သီးထပ်စိုက်ပျိုးခြင်းကို ရှောင်သင့်သည်။
- ရေသွင်းစိုက်ပျိုးမည်ဆိုပါက ပင်ထောင်မြေပဲကို ရွေးချယ် စိုက်ပျိုးသင့်ပြီး ပင်ပြန့်မြေပဲကို ရေသွင်းပါက ပင်ပိုင်းကြီးထွားမှုမြင့်မားပြီး ရောဂါပိုးကျရောက်မှု များလာသည်။
- ရေသွင်းစိုက်ပျိုးလျှင် မြေပဲစတင်ဥဆင်းချိန်မှစပြီး မရိတ်မီ တစ်လအထိ မြေပဲပင်၏ (၄” – ၆”) ၀န်းကျင် အစိုဓာတ်မပြတ်ရန် လိုအပ်သည်။
- လိုအပ်ပါက ရွက်ဖျန်းမြေသြဇာများလည်း အသုံးပြုနိုင်သည်။
- ဘက်ပေါင်းစုံ ကာကွယ်နှိမ်နင်းရေးနည်းစနစ်များ လုပ်ဆောင်သင့်သည်။
စိုက်ပျိုးရေးဦးစီးဌာန
The post မြေပဲ စိုက်ပျိုးခြင်း နှင့် အပင်ပြုစုစောင့်ရှောက်ခြင်း appeared first on Myanmar Farmers' Portal.