မြန်မာအမည် – တောရှိန်းခို
အင်္ဂလိပ်အမည် – –
ရုက္ခဗေဒအမည် – GARDENIA LUCIDA
မျိုးရင်း – RUBIACEAE
ပုံသဏ္ဍာန်
ရင်ကပ်ကလေးပင်နှင့်တူသည်။ အရွက်သည် အလှည့်ကျ ရွက်ဆိုင်ထွက်သည်။ ရွက်ရင်းသွယ်၍ ရွက်ထိပ်ချွန်သည်။ ရွက်ကြောများ တခုနှင့် တခု နီးကပ်ပြီး ထင်ရှားသည်။ ရွက်ညှာတိုသည်။ အပွင့်သည် ရင်ကပ်ပွင့် နှင့် တူပြီး အဖြူရောင်ရှိသည်။ အသီးမှာ လုံးဝိုင်းသည်။ အတွင်းတွင် အစေ့များစွာပါရှိ၏။ အပင်၏ အခက်များနှင့် အဖူးများမှာ အစိမ်းရောင်သန်း၍ ၀ါသောအစေး များထွက်၏။ ၄င်းအစေးကို ရှိန်းခိုဟုခေါ်ပြီး ၄င်းမှ လူ၏ ကျင်ငယ်နံ့နှင့်တူသော စူးရှသော အနံ့ရှိသည်။
စိုက်ပျိုးသည့်ဒေသ
တောင်ပေါ်ဒေသများတွင် ပေါက်ရောက်သည်။
ရေမြေရာသီဥတု
မြန်မာပြည် အနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း သမပိုင်း ရာသီဥတုကို ပို၍ နှစ်သက်သည်။
မြေပြုပြင်နည်း
စိုက်ခင်းမြေကို ကျင်းစနစ်အရ ပြုပြင်၍ တပင်နှင့် တပင် (၁၀ – ပေ) ပတ်လည် စိုက်ပျိုးသင့်သည်။
ပျိုးထောင်နည်း
တောရှိန်းခိုပင်ကို အစေ့မှ ပျိုးထောင်စိုက်ပျိုးနိုင်သည်။ အကိုင်းကို မြေထုပ်စည်း၍ မျိုးပွားရာ၌လည်း လွန်စွာဖြစ်မြောက်သည်။
စိုက်ပျိုးနည်း
အကျယ် (၂’) ပတ်လည်အနက် (၂’) ရှိသော စိုက်ကျင်းများ တူး၍ သဘာဝမြေသြဇာနှင့် မြေဆွေးတို့ကို နုံးမြေ နှင့် သင့်လျော်အောင် ရေစပ်၍ စိုက်ကျင်းတွင် ဖြည့်ပေးရမည်။ ထို့နောက် မြေသားသေရန် နှင့် မြေအအေးခံရန် (၃) ရက်ခန့် ရေလောင်းပေးထားရသည်။ ထို့နောက် ရှင်သန်နေသော ပျိုးပင်ကို မြေထုပ်မပျက်ယူ၍ စိုက်ပျိုးပြီး (၁)ပတ်၊ (၂) ပတ်ခန့် အရိပ်ပြုလုပ်ပေးထားရသည်။
မြေသြဇာကျွေးနည်း
တနှစ်တကြိမ်၊ သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာကို သင့်လျောသည့်နှုန်းထားဖြင့် ရောစပ်၍ မိုးမကျမှီထည့်ပေးသင့်သည်။
မျိုးပွားနည်း
အစေ့မှလည်းကောင်း၊ အကိုင်းကို မြေထုတ်စည်း၍လည်းကောင်း မျိုးပွားနိုင်သည်။
တဧကအပင်နှုန်း
တဧကလျင်အပင်ပေါင်း (၄၀၀) ခန့် စိုက်ပျိုးနိုင်သည်။
ရေသွင်းနည်း
မိုးရေဖြင့် အောင်မြင်နိုင်သော်လည်း ရေသွင်းပေးပါက ပိုမိုကောင်းသည်။
အပင်ပြုစုနည်း
အပင်ငယ်စဉ်၊ မပျက်စီးစေရန်အထူးဂရုစိုက်သင့်သည်။ အပင်ငယ်စဉ် ပေါင်းသင်ခြင်း၊ မြေဆွခြင်းစသည့် လုပ်ငန်းများကို မျက်ခြေမပြတ် ဆောင်ရွက်ပေးသင့်သည်။
ကျရောက်တတ်သော ပိုးမွှားနှင့် ကာကွယ်နှိမ်နင်းနည်း
ထိခိုက် ပျက်စီးသည်အထိ ကျရောက်ဖျက်ဆီးခြင်း မရှိသေးပါ။
ကျရောက်တတ်သော ရောဂါနှင့် ကာကွယ်နည်း
ထိခိုက် ပျက်စီးသည်အထိ ကျရောက်ဖျက်ဆီးခြင်း မရှိသေးပါ။
အစေးထုတ်နည်း
(၁) တောရှိန်းခိုပင်၏ အခက်များ၊ အဖူးများမှ စိမ်းရောင်သန်း၍ ၀ါသော အစေးများထွက်၏။ ၄င်းအစေးမှာ ရှိန်းခိုဖြစ်၍ ၄င်းအစေးကို စုဆောင်းရယူနိုင်သည်။
(၂) အခေါက်မှလည်း (ရာဘာစေးထုတ်သည့် နည်းအတိုင်း) ရှိန်းခိုစေး ထုတ်ယူနိုင်သည်။
(၃) မြစ်တက်ကိုဖြတ်၍ ၄င်းမြစ်တက်ဖြစ်သည့် နေရာတွင် အစေးခံယူခြင်းဖြင့် ရှိန်းခိုစေးကို ထုတ်ယူနိုင်သည်။
အထွက်နှုန်း
ယခုချိန်ထိ ပြည်တွင်း၌ ထုတ်လုပ်မှု မရှိသေးပါ။
သိုလှောင်နည်း
ရှိန်းခိုးဆေးအရိုင်းကို ချက်လုပ်ပြီးမှ ဆေးဘက်ဝင်၊ စားဆေးအဖြစ်အသုံးပြုကြသည်။ ရှိန်းခိုဆေးအရိုင်းကို ဆေးဘက်ဝင်စားဆေးအဖြစ် အသုံးပြုလိုပါက ၄င်းရှိန်းခိုရိုင်းကို ၀ါဂွမ်းအနည်းငယ်ပတ်၍ မီးရှို့ပြီးမှ အသုံးပြုရသည်။ ဤသို့ အသုံးပြုနိုင်သည့်အဆင့်ထိ ပြုပြင်ပြီးသော ရှိန်းခိုကို (စင်ကြယ်စွာ သတ်ပြီးသော ရှိန်းခို) ဟု ခေါ်သည်။ ၄င်းကို လေလုံသောဘူး၊ သေတ္တာတို့၌ ထည့်သွင်း သိုလှောင်ထားရသည်။
အသုံးပြုနည်း
(၁) လေပုတ်ထုတ်ဆေး၊ လေငယ်နာ လိမ်းဆေး၊ အညှော်ခံဆေး၊ ၀မ်းဖော၊ ၀မ်းရောင်၊ ၀မ်းပျက် ရောဂါကုဆေးနှင့် အပူအပုတ်များ ပွင့်ကန်၍ အခိုးအနေနှင့် ထွက်ရန် သုံးသောမန်းဆေးများ၌
ရှိန်းခိုကို ထည့်သွင်းအသုံးပြု၏။
(၂) အစာမကြေ ၀မ်းပိုက်ကယ်သော်၊ ရှိန်းခိုကို နှင်းဆီ နှင့်ဖျော်၍ လိမ်းပေးရ၏။
(၃) ရှိန်းခိုကို ရွေးကြီးခန့် တနေ့အနည်းဆုံး (၁) လုံးမျိုပေးခြင်းဖြင့် ငှက်ဖျားရောဂါဖြစ်ခြင်းမှကင်းဝေးစေနိုင်၏။
(၄) ထို့ပြင် ချွေးတစိုစိုနှင့်နေပြီး အဖျားရောဂါ၊ ၀မ်းရောဂါ၊ အစာအိမ်ရောဂါ၊ လေရောဂါ အမျိုးမျိုးတို့မှလည်း ကာကွယ်နိုင်သည်။
မှတ်ချက် ။ ။ ဆေးညွှန်းများကို သက်ဆိုင်ရာသမားတော်ကြီးများ၏ ခွင့်ပြုချက်ကိုယူပြီးမှ အသုံးပြုသင့်ပါတယ်။
စိုက်ပျိုးရေးဦးစီးဌာန
The post တောရှိန်းခို စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.