Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

⁠ဘောစကိုင်း စိုက်ပျိုးနည်း

$
0
0
 လူသားတို့အတွက် ဘောစကိုင်းပင်မှရရှိနိုင်သည့် အကျိုးကျေးဇူးများ ========================================
လူစီးနား (ခေါ်) ဘောစကိုင်းအပင်မျိုးမှာ လူတို့အတွက်အိမ်ဆောက်ရန်အတွက်လည်းကောင်း၊ လောင်စာအဖြစ်ထင်း၊ မီးသွေးအဖြစ် လည်းကောင်း၊ စက္ကူပျော့ဖတ်အတွက် ကုန်ကြမ်းအဖြင့်လည်းကောင်း၊ အပင်၏အရွက်နှင့်အသီးတို့မှာ လူ၊တိရစ္ဆာန်တို့အတွက် အာဟာရ ကြွယ်ဝသည့် အစားအစာအဖြစ် လည်းကောင်း၊ အခြားအပင်များအတွက် သြဂဲနစ်ဓာတ်မြေသြဇာအဖြစ်ဖြင့် ရရှိခြင်းတို့အပြင် ရေကာ တန်း၊ လေကာတန်း၊ မီးကာတန်းအဖြစ်လည်းကောင်း၊ အရိပ်ကြိုက် အပင်များအတွက် ပြုစုပင်အဖြစ်လည်းကောင်း၊ ဘောစကိုင်းအပင် စိုက်ခြင်းဖြင့် မြေတိုက်စားခြင်းမှ ကာကွယ်နိုင်ခြင်း၊ မြေသြဇာဓာတ်များ တိုးတက်ဖြစ်ပေါ်ခြင်းစသည့်အကျိုးကျေးဇူးများကို ရနိုင်ပါသည်။  
 
ဘောစကိုင်းအပင်သည် အခြားအပင်တို့ထက်ကြီးထားနှုန်းနှင့် ပွားများနှုန်း မြန်ဆန်ခြင်း၊ အခြားအပင်မျိုးများပေါက်ရောက်ရန် မလွယ်ကူ သည့်နေရာမျိုးများတွင် လွယ်ကူစွာပေါက်ရောက်နိုင်ခြင်း စသည့် လူသားတို့အတွက် အဘက်ဘက်မှ ဘက်စုံအကျိုးပြုနိုင်သည့် အရည် အချင်းများ ရှိခြင်းတို့ကြောင့် လူစီးနား (ခေါ်) ဘောစကိုင်းအကြောင်း တောင်သူဦးကြီးများ သိရှိနိုင်ရန် Pissaya Info မှ စုစည်း တင်ပြ လိုက်ပါတယ်။ မူလဒေသ ဘောစကိုင်းပင်၏ မူလဒေသမှာ အမေရိကတိုက် အလယ်ပိုင်း ဒေသတ၀ိုက်မှဖြစ်ပြီး ၁၆-ရာစု တွင်စပိန် လူမျိုးများ မက္ကဆီကိုနိုင်ငံမှ တိရစ္ဆာန်အစားအစာအတွက်အသုံးပြုရန် ဖိလစ်ပိုင်နိုင်ငံသို့သယ်ဆောင်ခဲ့ပြီး ၁၈ရာစုလောက်တွင်အရှေ့   တောင်အာရှနှင့် ပစိဖိတ်ဒေသနိုင်ငံများသို့ ပျံ့နှံ့ခဲ့လေသည်။ ၄င်းမှာ ချုံဖုတ်သာသာ အရွယ်ရှိသော ဘောစကိုင်းပင်များဖြစ်လေသည်။   ဘောစကိုင်း၏ ရုက္ခဗေဒအမည်မှာ လူစီးနား၊ လူကိုဆက်ဖလား (Leucaena Leu Cocephala)ဟု ခေါ်ဆိုကြပါသည်။
 
အပင်အမျိုးအစားနှင့်မျိုးကွဲများ (TYPES & STRAINS) ဘောစကိုင်းမှာ အမျိုးအစားများစွာရှိရာ ဟာဝိုင်ယီတက္ကသိုလ် အပူပိုင်းဒေသ စိုက်ပျိုးရေးကောလိပ်၏ စုဆောင်းသုတေသနပြုလုပ်ချက်အရ ယနေ့အထိဘောစကိုင်းမျိုးကွဲ (STRAIN) ၃၄၁-မျိုးရှိကြောင်း သိရှိရပါ သည်။ ၄င်းတို့အား အခြေခံအားဖြင့်သုံးမျိုးသုံးစားခွဲခြားထားပါသည်။ ၁။ ချုံဖုတ်သာသာရှိသော အမျိုးအစား (SHRUBBY TYPE) ယင်းအမျိုးအစားမှာ အမြင့်ဆုံး ၁၅-ပေခန့်သာရှိပြီး အပွင့်အသီးများလေးလအရွယ်မှစ၍ ပွင့်တတ်ခြင်းကြောင့် ပင်စည်နှင့် အကိုင်းတို့မှ အသုံးဝင်သစ်သားမရနိုင်ခြင်း၊ အရွက်များမှတိရစ္ဆာန်အစာမြေသြဇာများအဖြစ်များများစားစားမရနိုင်ခြင်း စသည့်လက္ခဏာများ ရှိသောဘောစကိုင်း မျိုးဖြစ်ပါသည်။
 
မြန်မာနိုင်ငံတွင် ယခင်ကပေါက်ရောက်လျက်ရှိသောဘောစကိုင်း (ခေါ်) အဝေရာ (ခေါ်) အဆိပ်ဖြေပင်သည် ဤအမျိုးအစားတွင်        ပါဝင်လေသည်။ ၂။ ဆာဗလ်ဒိုး (ခေါ်) ဟာဝေယန်ဂျိုင်းယန့် အမျိုးအစား (HAWAIIAN GIANT TYPE) ယင်းအမျိုးအစားမှာ အပင်ကြီး မျိုးဖြစ်ပြီး အမြင့် ၆၅-ပေအထိ ရှိပြီး အရွက်အသီး၊ အစေ့အကိုင်းများမှာ အထက်ဖော်ပြပါအမျိုးအစားများထက်ကြီးမားလျက် သစ်၊ထင်းနှင့် စက်မှုလောင်စာရရှိနိုင်ခြင်း၊ အထက်တွင် ဖော်ပြထားသည့် ဘက်စုံအကျိုးများရရှိနိုင်ခြင်းစသည့် အရည်အချင်းများရှိသည့် အမျိုးအစားဖြစ် ပါသည်။ ၃။ ပီရူဗီးယံအမျိုးအစား (PERUVIAN TYPE) ယင်းအမျိုးအစားမှာအပင်ကြီးမျိုးဖြစ်ပြီးအမြင့်ပေ၄၅-ပေအထိမြင့်၍ပင်စည်
အောက်ခြေ ဘက်ထိကိုင်းလက်များရှိကြပါသည်။ ဤအမျိုးအစားမှာ တိရစ္ဆာန်အစားအစာအတွက် လိုအပ်သောအရွက်များရနိုင်ခြင်း၊ မီမိုဆင်းဓာတ်လျော့နည်းခြင်းတို့ကြောင့် တိရစ္ဆာန်အစာအတွက်များစွာအသုံးဝင်သော အမျိုးအစားဖြစ်ပါသည်။
 
အပင်၏လက္ခဏာများ ဘောစကိုင်းပင်သည် အမြဲစိမ်းပင်မျိုးဖြစ်ပြီး အရွက်မှာ ငှက်မွေးပုံရွက်ပေါင်းဖြစ်၍ ရွက်ရိုးတံတခုတွင် များစွာရှိသော ရွက်လက်တံများနှင့် အရွက်ငယ်များ၇ှိလေသည်။ ၄င်းအရွက်ငယ်များနှင့် ရွက်လက်တံများသည်လေပြင်းကျခြင်း၊ နှင်းခဲများကျခြင်းနှင့် ကာလကြာရှည်စွာ ခြောက်သွေ့ခြင်း ဒဏ်များကို ခံနိုင်ရန် တည်ဆောက်ထားပြီး အပူချိန် လွန်ကဲသည့်အခါတွင်ဖြစ်စေ ၊ အေးသည့် အခါနှင့် မှောင်မိုက်သည့်အခါတွင်ဖြစ်စေ၊ အရွက်အိပ်ခြင်း ပြုလုပ်ကြပါသည်။ အပွင့်မှာ အဖြူရောင်၊ ဘောလုံးသဏ္ဍာန်ရှိ၍ ၀တ်မှုန်များ စွာပါရှိပြီး အသီးမှာအတောင့်လိုက် တွဲကျလျက် သီးထောင့်တခုတွင် အစေ့ ၂၀ မှ ၃၀အထိ ရှိပါသည်။ ဘောစကိုင်းပင်မျိုးများသည် ပျိုးပင်အရွယ်၌ရေသောက်မြစ်သည်ပျိုးပင်၏ မြေပေါ်အမြင့်နှင့် ညီတူညီမျှ ၇ှည်လျားသော်လည်း မြေချစိုက်ပျိုးသည့်အခါတွင် အမြစ်မှ အစာရေစာ ရရှိနိုင်သည့် အခြေအနေပေါ်မူတည်၍ မြေတွင်းထိုးဝင်မှု၊ အတိမ်အနက်ကွာခြားမှုရှိလေသည်။
 
ပဲမျိုးရင်းတွင်ပါဝင်ခြင်းကြောင့်မြေမျက်နှာပြင်အနီးရှိ ဘေးထွက်အမြစ်များ၌နိုင်ထရိုဂျင် မြေသြဇာဓာတ်ဖြည့်ဆည်းသော ရိုင်းဇိုးဘီယမ် ဗက်တီးရီးယားများသည် မြစ်ဖု(NODULES) လေးများပြုလုပ်၍ အပင်၏မြေဆီလွှာအားမြေဆီသြဇာဓာတ်ပိုမိုကြွယ်ဝအောင်ဖြည့်ဆည်း   ပေးကြလေသည်။ ထို့ကြောင့်ဘောစကိုင်းအပင်များကို (၃ပေ × ၃ပေ) အကွာအဝေးဖြင့် တဧက စိုက်ထားလျှင်တစ်နှစ်အတွင်း ယင်း တစ်ဧကအတွက် အမိုးနီးယံဆာလ်ဖိတ်ဓာတ်ဆား (၁၂၀၀)ကီလိုဂရမ်ကျွေးခြင်းနှင့် ညီမျှကြောင်း အမေရိကန်နှင့် သြစသြေးလျနိုင်ငံ တို့၏ သုတေသနတွေ့ရှိချက်များအရ သိရှိနိုင်ပါသည်။ အပင်ပေါက်ရောက်ကြီးထွားမှု ဘောစကိုင်းအပင်ကို မျိုးပွားရာတွင် အစေ့ဖြင့် ပျိုးထောင်ခြင်းမှာအကောင်းဆုံးနည်းလမ်းပင်ဖြစ်၏။ ကိုင်းကူးခြင်း၊ ကိုင်းဖြတ်ထိုးခြင်းနည်းတို့ဖြင့် မျိုးပွားနိုင်သော်လည်း ခက်ခဲလေသည်။ ပလတ်စတစ် ပျိုးအိတ်အတွင်း ၁၈လက်မအမြင့်ရှိသော ဘောစကိုင်းပင်မှာမြေချစိုက်ပျိုးရန် အကောင်းဆုံး အနေအထားပင်ဖြစ်ပါသည်။ ပျိုးပင်ဘ၀ရှိနေစဉ်တွင် ဘောစကိုင်းပင်မျိုးမှာအရိပ်ကြိုက်နှစ်သက်ပြီး အလင်းလုံးဝဖွင့်ပေးခြင်းမျိုးကို မနှစ်သက်ကြောင်းတွေ့ရှိရပါသည်။  
 
မြန်မာပြည်တွင် ဟာဝေယန်ဂျိုင်းယန့် အမျိုးအစားဖြစ်သည့် ကေ-၂၈ မျိုးကွဲမှာ စိုက်ပြီး ခြောက်လသားအရွယ်တွင် အမြင့် ၁၅-ပေ ခန့်ရှိပြီး အကိုင်းအခက်အလက်များ ဝေဆာစွာ ပေါက်ရောက်ကြောင်း တွေ့ရှိရလေသည်။ ဘောစကိုင်းအပင်များသည် စွတ်စိုသော အပူပိုင်းဒေသ များနှင့် သမပိုင်းမဟုတ်သောဒေသများတွင် ပျံ့နှံ့စွာ ပေါက်ရောက်ကြပြီး အမြင့်ပေ (၁၅၀၀)အထိရှိသော ဒေသများတွင်လည်း   ပေါက်ရောက်နိုင်လေသည်။ သို့သော် မိုးရွာသွန်းမှု ၊နေရောင်ခြည်၊ ဆားငန်ဓာတ်နှင့် မြေအနေအထားတို့အပေါ်မူတည်၍ ပင်လယ်ရေ မျက်နှာပြင်မှ အထက်ပေ (၁၅၀၀)အထိပေါက်ရောက်နိုင်မှု ကွာခြားချက်ရှိလေသည်။ ဘောစကိုင်းပင်များသည်တစ်နှစ် မိုးရေချိန် (၂၅ လက်မမှ ၆၅ လက်မ)အတွင်းရှိပြီး တနှစ်ပတ်လုံး မိုးရွာသွန်းမှုညီညာ၍ ထုံးဓာတ်ဆန်သည့်မြေမျိုးများတွင် ပေါက်ရောက်မှုအကောင်း ဆုံးဖြစ်လေသည်။ အချဉ်ဓာတ်များသော မြေမျိုးများနှင့် ရေစီးရေလာ မကောင်းသော ဒေသမျိုးများတွင် ပေါက်ရောက်ကြီးထွားမှု မကောင်း ပါ။ 
 
Source-  လင်းသောင်း ( သစ်တော )
 
 
 
 
 

The post ⁠ဘောစကိုင်း စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>