သခွားသီးစားတဲ့အခါ အခါးဓာတ်ပါနေတဲ့ အသီးတွေကို မကြာခဏ စားသုံးမိကြပါလိမ့်မယ်။
အခက်မသင့်ရင် သခွားသီးတချို့ ခါးတက်တာကို လူတိုင်းနီးပါး သိရှိထားပါတယ်။
ဘာ့ကြောင့် ခါးနေတာလဲဆိုတဲ့ အဖြေကိုတော့ လူတိုင်း မသိကြပါဘူး။
တချို့သူတွေက ပြောကြတယ် မြွေကျော်လို့ ခါးတာပါတဲ့ … ။ ယုတ္တိရှိတဲ့ အဖြေမဟုတ်မှန်း သိသော်လည်း အရင်ကတော့ ဟုတ်သလိုလို ထင်မှတ်ခဲ့ဘူးတယ်။ တချို့ကလည်း ပြောပြန်တယ် ဘာ့ကြောင့် ခါးနေတယ်ဆိုတာ မသိပေမဲ့ အရင်းပိုင်းကြီးနေတဲ့ သခွားသီးတွေက ခါးတက်တယ်လို့ ဆိုကြတယ်။
ဒါဆိုရင် အရင်းပိုင်းကြီးနေတဲ့ သခွားသီးတွေ အားလုံးက အခါးဓာတ်ပါနေတာမျိုးလား
ဆိုတော့လဲ မဟုတ်ပြန်ဘူး။ ယေဘုယျသဘောမျိုး ပြောတာပါတဲ့ … ။
သခွားသီး ဘာ့ကြောင့်ခါးတာလဲ ? အဖြေကို ရှာဖွေလေ့လာကြည့်တဲ့အခါ အပင်စားသတ္တဝါတွေရဲ့ရန်ကို ခုခံကာကွယ်ဖို့ ခါးရခြင်းဖြစ်တယ်ဆိုတာ သိရှိခဲ့ရပါတယ်။
သခွားသီးခါးရခြင်းရဲ့ အဓိကအဖြေသည် ခုခံကာကွယ်ရေးစနစ်ကြောင့်ဆိုတာ သိပြီးဖြစ်လို့
မျိုးရိုးဗီဇလိုက်တယ်ဆိုတာ ပြောဖို့လိုတော့မည် မထင်ပါ။ တချို့သော မျိုးဗီဇပြုပြင်ထားတဲ့
သခွားမျိုးတွေမှာတော့ အခါးဓာတ်ပါဝင်မှု အတော်နည်းနေတာ တွေ့ရပါတယ်။
ဓာတုဗေဒဆိုင်ရာ ခုခံကာကွယ်ရေးစနစ်ဖြစ်လို့ အပင်စားသတ္တဝါများ မကြာခဏ
စားသောက်ခံရသည့် အခါမှာဖြစ်စေ၊ အပူချိန်မြင့်တက်လာခြင်းကဲ့သို့ ဝန်းကျင်ဖိစီးမှု
ခံရတဲ့အခြေအနေမှာဖြစ်စေ အခါးဓာတ်ကို ဖြစ်စေတဲ့ Ccurbitacins လို့ ခေါ်တဲ့
တာဗင်နွိုက် ဓာတ်ပေါင်း( Terpenoid compound ) တွေက နိုးကြွလာကြပါတယ်။
Momordicoside လို့ ခေါ်တဲ့ ဓာတ်ပစ္စည်းကို အပင်ရဲ့ အရွက်၊ ပင်စည်၊ အမြစ်များတွင်
အများဆုံးတွေ့ရပြီး အသီးထဲတွင် တည်နေသော အခါးဓာတ်သည် အသီးရင့်ချိန်တွင်
အမြင့်ဆုံးဖြစ်ပါတယ်။
ယင်းကဲ့သို့ အခါးဓာတ်ပါရှိနေခြင်းကို သခွားမျိုးရင်းဝင် အပင်များဖြစ်သည့် ကင်းပုံသီး
( ကင်းပုံခါးသီး )၊ သပွတ်ခါးသီး၊ ကဆစ်ခါးသီး၊ ဘူးခါးသီးနှင့် ကြက်ဟင်းခါးသီးများတွင်
တွေ့ရှိရတတ်ပါတယ်။
အပင်စားသတ္တဝါတွေရဲ့ စားသုံးခြင်းမခံရအောင် ထုတ်လွှတ်သော Cucurbitacins ခေါ်သည့်
ခုခံကာကွယ်ရေး ဓာတုပစ္စည်းသည် Cytotoxin ဓာတ်ပစ္စည်းတစ်မျိုး ဖြစ်သောကြောင့်
အပင်စားသတ္တဝါတွေ စားမိသည့်အခါ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
ပမာဏများများ စားသုံးမိပါက နာမကျမ်းခြင်း ဖြစ်တက်ပါတယ်။
သို့သော် သခွားမျိုးရင်း( Cucurbitaceae ) မျိုးရင်းဝင် အပင်များတွင် ကျရောက်သည့်
ဗူးဖယုံကျိုင်း(Cucumber beetle) တွေကတော့
Cytotoxin အဆိပ်သင့်ခြင်းကို ခံနိုင်ရည်ရှိကြပါတယ်။
သခွားသီးမခါးအောင် ဘယ်လိုလုပ်မလဲ?
– မျိုးရွေးချယ်စိုက်ပျိုးပါ။
– ရာသီမှန်အောင်စိုက်ပါ။
– ပင်ကြားတန်းကြား မှန်အောင်စိုက်ပါ။
– အာဟာရပိုင်း ဂရုစိုက်ပါ။
ဥပမာ – ပိုတက်စီယမ်(K) အပါအဝင်
အနည်းလို အာဟာရတွေကို ကျွေးပေးရပါမယ်။
– မြေပြင်စဉ် သဘာဝမြေဩဇာများများအသုံးပြုပါ။
– မနက်စောစော ရေလောင်းပါ။
(ရေငတ်ရင်ခါးတက်သည်)
– ပိုးမွှားမကျအောင် သဘာဝပိုးသတ်ဆေးများနဲ့
အမြဲကာကွယ်ထားပါ။
(ပိုးကိုက်များလာတာနဲ့ ခါးဖို့ ရာခိုင်နှုန်းများသည်)
– စိုက်ဘောင်ကို မြက်ခြောက်များ၊ ကောက်ရိုးများနဲ့အုပ်ထားပါ။
– ယာယီအပင်ညှိုးခြင်း မကြာခဏဖြစ်ပေါ်ပါကသခွားသီးခါးတက်ပါတယ်။
Source – Nyan Myint
Unicode
သခွားသီး ဘာကြောင့်ခါးတာလဲ။
========================

The post သခွားသီး ဘာကြောင့်ခါးတာလဲ။ appeared first on Myanmar Farmers' Portal.