ဒန့်သလွန် (Moringa spp) သည် ကမ္ဘာ၏ အသုံးဝင် သော အပင်များအနက် တစ်မျိုးဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင် ဒန့်သလွန်ပင်များသည် သင့်လျော်သောမြေနှင့် ကောင်းမွန်သော ရာသီဥတုအခြေအနေများကြောင့် သဘာဝအရ ပေါက်ရောက်သည်။ ယင်းအကြီးမြန်သော သစ်ပင်သည် လူ့စားစရာ၊ တိရစ္ဆာန်အစားအစာ၊ ဆေးဝါး၊ ဆိုးဆေးနှင့် ရေသန့်စင်ခြင်းတို့အတွက် အပူပိုင်းဒေသ တစ်လျှောက် စိုက်ပျိုးခဲ့ကြသည်။ ဒန့်သလွန်သည် ဒန့်သလွန် ရွက်အမှုန့်၊ ဟင်းသီးဟင်းရွက်ဆီ၊ အလှကုန်၊ အာဟာရဖြည့်စွက်ဆေးဝါးနှင့် ဆေးဝါးစသည့် အမျိုးမျိုး သော ရည်ရွယ်ချက်များအတွက် ထုတ်ကုန်များစွာကို ထုတ်လုပ်နိုင်သော စွယ်စုံသုံး အပင်များထဲမှ တစ်မျိုး ဖြစ်သည်။ နိုင်ငံများစွာတွင် ကွဲပြားခြားနားသော အမည် များကို ခေါ်ကြသော်လည်း လူကြိုက်များသောအမည်မှာ ဒရမ်တီးသမားများသည် ယင်း၏ သီးတောင့်ကို အသုံးပြု ခဲ့ကြသည့်အတွက် drum stick အပင်ဟုလည်းခေါ်သည်။
ဒန့်သလွန်သည် ကမ္ဘာ့အာဟာရအများဆုံး သီးနှံများ အနက် တစ်ခုဖြစ်သည်။ ဒန့်သလွန်အရွက်သည် မုန်လာ ဥနီထက် beta-carotene ပိုမိုသည်။ ပဲစေ့များထက် ပရိုတိန်း ပိုမိုသည်။ လိမ္မော်သီးထက် ဗီတာမင်စီ ပိုမိုသည်။ နွားနို့ထက် ကယ်လ်ဆီယမ် ပိုမိုသည်။ ငှက်ပျောသီးထက် ပိုတက်ဆီယမ် ပိုမိုသည်။ ဟင်းနုနယ်ရွက်ထက် သံဓာတ် ပိုမိုသည်။ ယင်းအပင်၏ မူရင်းဒေသသည် တောင်အာရှ ဒေသဖြစ်ပြီး ယင်းဒေသ၏ အဓိကအာဟာရ အရင်းအမြစ် တစ်ခု ဖြစ်လာသည်။ ဒန့်သလွန်၏ မျိုးစုံအသုံးပြုနိုင်မှု သည် သုတေသီများ၊ ဖွံ့ဖြိုးရေးလုပ်သားများနှင့် တောင်သူ များ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။
ရာသီဥတုနှင့် မြေဆီလွှာလိုအပ်ချက်များ
ဒန့်သလွန်သည် သဘာဝပတ်ဝန်းကျင် အခြေအနေ များကို ကျယ်ပြန့်စွာ ခံနိုင်ရည်ရှိသည်။ အပူချိန် ၂၅ မှ ၃၅ ဒီဂရီစင်တီဂရိတ်အကြား အကောင်းဆုံးစိုက်ပျိုးနိုင်၍ အရိပ်အောက်တွင် ၄၈ ဒီဂရီစင်တီဂရိတ် အထိ ခံနိုင်ရည် ရှိနိုင်ပြီး ဆီးနှင်းဒဏ်အသင့်အတင့်တွင် ရှင်သန်နိုင်သည်။ တစ်နှစ်မိုးရေချိန် ၂၅၀ မှ ၁၅၀၀ မီလီမီတာ ရရှိသော ဧရိယာများတွင် ကောင်းစွာစိုက်ပျိုးနိုင်သည်။ ပင်လယ် ရေမျက်နှာပြင်အမြင့် မီတာ ၆၀၀ အောက်တွင် အကောင်းဆုံးဖြစ်ထွန်းနိုင်သလို ၁၂၀၀ မီတာ အထက် မြင့်သော အပူပိုင်းဒေသများတွင်လည်း စိုက်ပျိုးနိုင် သည်။ ဒန့်သလွန်သည် ရေကောင်းစွာစီးဆင်းနိုင်သော သဲနုန်း သို့မဟုတ် နုန်းမြေကို ကြိုက်နှစ်သက်ပြီး ရွှံ့စေး မြေတွင်လည်း စိုက်ပျိုးနိုင်သည်။ သို့သော် ကာလကြာရှည် ရေဝပ်ပြီး ရေသွင်းရေထုတ်ညံ့ဖျင်းပါက မရှင်သန်နိုင်ပေ။ မြေအချဉ်ငန် ဓာတ် ၅.၀-၉.၀ အထိ ခံနိုင်ရည်ရှိသည်။ ဒန့်သလွန်သည် မြေယာပြင်ဆင်မှုကို နှံ့နှံ့စပ်စပ် ပြုလုပ် ရန်နှင့် စိုက်ပေါင်ကို ကောင်းစွာပြင်ဆင်ရန် လိုအပ်သည်။ ဒန့်သလွန်ကို ရေသွင်း ရေထုတ် လွယ်ကူချောမွေ့စေရန် စိုက်ပေါင်အမြင့် ၃၀ စင်တီမီတာတွင် စိုက်ပျိုးသည်။ စိုက်ပေါင်အကျယ်မှာ ၆၀-၂၀၀ စင်တီမီတာ ဖြစ်သည်။
မျိုးရွေးချယ်ခြင်း
ဒန့်သလွန်မျိုးစိတ်များအကြား M.oleifera နှင့် M.stenopetala ကို အများဆုံး စိုက်ပျိုးကြသည်။ M.olerifera ကို အများဆုံးကျယ်ပြန့်စွာ စိုက်ပျိုးပြီး ယခုလမ်းညွှန်တွင် ယင်းကိုဦးတည်သည်။ M.oleifera အတွင်း မျိုးများသည် ကြီးထွားသောအလေ့အထ၊ အရွက်၊ ပန်းပွင့်နှင့် သီးတောင့်လက္ခဏာများတွင် ကွဲပြားသည်။ ပိုမိုသာလွန်ကောင်းမွန်သော ထုတ်လုပ်မှုနှင့် အာဟာရ အရည်အသွေးများအတွက် စက်မှုသီးနှံသုတေသနဌာနစု၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန (ရေဆင်း) တွင် များပြား သော မျိုးလိုင်းများကိုအကဲဖြတ်လျက်ရှိသည်။ ယခုကျွန်ုပ် တို့သည် စိုက်ပျိုးသူများကို ဒေသအလိုက် သဟဇာတ ဖြစ်သော မျိုးလိုင်းများအား အသုံးပြုရန်အကြံပြုသည်။ ပိုမိုသာလွန်ကောင်းမွန်သော အမျိုးအစား လက္ခဏာများ တွင် ကျယ်ပြန့်ပြီး မှောင်မိုက်သော အစိမ်းရောင် အရွက်များ၊ ရှည်လျားပြီး နူးညံ့သော အတောင့်များ၊ ချုံပုတ် ကဲ့သို့ပုံစံနှင့် ပြုပြင်ပြီးနောက် လျင်မြန်သော ပြန်လည် ကြီးထွားမှုတို့ ပါဝင်သည်။
စိုက်ပျိုးခြင်းနည်းလမ်းများ
ဒန့်သလွန်ကို တိုက်ရိုက်စိုက်ပျိုးခြင်း၊ ရွှေ့ပြောင်း စိုက်ပျိုးခြင်း သို့မဟုတ် ပင်စည် ကိုင်းဖြတ်အသုံးပြုခြင်း တို့ဖြင့် စိုက်ပျိုးသည်။ တိုက်ရိုက်စိုက်ပျိုးခြင်းသည် မျိုးစေ့ အမြောက်အမြားရရှိနိုင်ပြီး လုပ်သားအကန့်အသတ် ဖြစ်လျှင် အသုံးပြုသည်။ ရွှေ့ပြောင်းစိုက်ပျိုးခြင်းသည် စိုက်ကွင်းစိုက်ပျိုးခြင်းတွင် ပြောင်းလွယ် ပြင်လွယ်မှုကို ခွင့်ပြုသော်လည်း အပိုလုပ်အားနှင့် ပျိုးပင်များအတွက် ကုန်ကျစရိတ်လိုအပ်သည်။ ကိုင်းထိုး စိုက်ပျိုးခြင်းတွင် မျိုးစေ့ ရရှိနိုင်မှု အကန့်အသတ်ရှိပြီး လုပ်သားပေါများပါက အသုံးပြုသည်။
မြေသြဇာကျွေးခြင်း
ဒန့်သလွန်ကို မြေအများစုတွင် နောက်ဆက်တွဲ မြေသြဇာမပါဘဲ ကောင်းစွာစိုက်ပျိုးနိုင်သည်။ ဒန့်သလွန်၏ ကျယ်ပြန့်ပြီး နက်ရှိုင်းသော အဖွဲ့ဖွဲ့စည်းမှုကြောင့် အပင် ဖြစ်ထွန်းပြီးပါက မြေထဲမှ အာဟာရဓာတ်များကို စွမ်းဆောင် နိုင်သည်။ အကောင်းဆုံးကြီးထွားမှုနှင့် အထွက်နှုန်းများ အတွက် စိုက်ပျိုးချိန်တွင် မြေသြဇာကို ကျွေးသည်။ အပင် ခြေပတ်ပတ်လည် (အခြေမှ ၁၀-၂၀ စင်တီမီတာ) ကျင်းများ ကို တူးပြီး အပင်တစ်ပင်ကို ရောင်းတမ်း နိုက်ထရိုဂျင် မြေသြဇာ ၃၀၀ ဂရမ် ခန့်ကျွေးပါ။ အကယ်၍ ရောင်းတမ်း နိုက်ထရိုဂျင် မြေသြဇာမရှိပါက မြေဆွေး သို့မဟုတ် ကောင်းစွာ ဆွေးမြည့်နေသော နွားချေးကို တစ်ပင် ၁ – ၂ ကီလိုဂရမ် နှုန်းဖြင့်အသုံးပြုပါ။ ဖြစ်နိုင်ပါက ဒန့်သလွန် စိုက်ခင်းတွင် ဓာတုသွင်းအားစုများကို အသုံးမပြုလျှင် ပိုမိုကောင်းမွန်ပါသည်။
ရေသွင်းခြင်း
အစောပိုင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရွှေ့ပြောင်းပြီးနောက် အပင်သစ်များကို ချက်ချင်းရေပေးပါ။ ခြောက်သွေ့ပြီး မိုးနည်းရေရှားရာသီဥတုများတွင် ပထမ နှစ်လအတွင်း ရေပုံမှန်သွင်းပါ။ အပင်ဖြစ်ထွန်းသွားပါက ဒန့်သလွန်သည် ရေလောင်းရန်လိုအပ်မှုသည် အလွန် ရှားရှားပါးပါးဖြစ်သည်။ ကောင်းစွာ အမြစ်တွယ်သော အပင်သည် ခြောက်သွေ့မှုကိုခံနိုင်ပြီး ညှိုးနွမ်းမှုထင်ရှား လာသည့် အခါမှသာ ရေသွင်းရန် လိုအပ်သည်။
ပေါင်းနှိမ်နင်းခြင်း
စိုက်ပျိုးမှုမတိုင်မီအစောပိုင်း ပေါင်းကြီးထွားမှုကို ဖိနှိပ် ရန် မြေကို ကြေညက်စွာပြုပြင်ပါ။ အပင်ငယ်တစ်ပင်စီ၏ အခြေပတ်ပတ်လည်တွင် ကောက်ရိုး သို့မဟုတ် ပလတ် စတစ်ဖြင့် ဖုံးအုပ်ပေးပါ။ စိုက်ပေါင်များနှင့် အတန်းများ အကြား ပေါင်းကင်းစင်သော စိုက်ပျိုးခြင်းဖြစ်ရန် ပုံမှန် ထွန်ယက်ခြင်းဖြင့် ထိန်းသိမ်းပါ။
ပိုးမွှားများနှင့် ရောဂါများကို ထိန်းချုပ်ခြင်း
ဒန့်သလွန်သည် ပိုးမွှားများနှင့် ရောဂါများအများစုကို ခံနိုင်ရည်ရှိသော်လည်း တချို့အခြေအနေများအောက်တွင် ဖြစ်ပေါ်နိုင်သည်။ ဥပမာ- မြစ်ပုပ် ရောဂါသည် ရေဝပ်သော မြေများတွင် ဖြစ်ပေါ်နိုင်ပြီး အပင်များတွင် ပြင်းထန်သော ညှိုးနွမ်းမှုနှင့် သေဆုံးမှုကို ဖြစ်ပေါ်စေသည်။ အခြား အင်းဆက်ပိုးမွှားများမှာ ခြများ၊ ပျများ၊ ရွက်စားပိုးများ၊ ယင်ဖြူများနှင့် ခူကောင်များဖြစ်သည်။
ဓာတုဆိုင်ရာ အင်းဆက်ပိုးမွှား နှိမ်နင်းခြင်းကို ပြင်းထန်သော ပိုးမွှားကျရောက်ခြင်းများ ဖြစ်ပေါ်မှသာ အသုံးပြုသင့်သည်။ ပျိုးပင်များကို မွေးမြူရေးတိရစ္ဆာန်များ ဘေးရန်မှ စည်းရိုးပြုလုပ်ခြင်း သို့မဟုတ် အကွက်ပတ်လည် တွင် စည်းရိုးအပင် စိုက်ပျိုးခြင်းဖြင့် ကာကွယ်ပါ။ စိုက်ပျိုး သူများသည် ဒေသဆိုင်ရာ မြေဆီလွှာ၊ ရာသီဥတု၊ ပိုးနှင့် ရောဂါအခြေအနေများနှင့် ကိုက်ညီစွာ စိုက်ပျိုးရေး အလေ့ အကျင့်များကို ပြုပြင်မွမ်းမံ အသုံးပြုရန် လိုအပ်ပေမည်။
ကိုင်းဖြတ်ခြင်း
ဒန့်သလွန်ကို ကိုင်းများစေရန်၊ အထွက်နှုန်းတိုးစေရန် နှင့် ခူးဆွတ်မှု လွယ်ကူချောမွေ့စေရန် အပင်၏ ပုံမမှန် (သို့မဟုတ်) မလိုလားသော ကိုင်းများကို ဖြတ်တောက် ပေးသင့်သည်။ အကယ်၍ အဓိကပင်စည်ကို မခုတ်ဘဲ ကြီးထွားစေပါက လျင်မြန်စွာကြီးထွားသော အပင်သည် ဖြောင့်တန်းစွာကြီးထွားကာ အပင်အရပ်မြင့်ပြီး အဓိက ပင်စည်ပေါ်တွင်သာ အရွက်များနှင့် အသီးများကို ထုတ်လုပ် မည်။
အကယ်၍ အပင်ကို သီးတောင့်ထုတ်လုပ်မှုအတွက် စိုက်ပျိုးခဲ့ပါက ပထမနှစ်အတွင်း ပန်းပွင့်များကိုဖယ်ပါ။ ထိုသို့ပြုလုပ်ခြင်းသည် အပင်ငယ်၏ စွမ်းအင်သည် သီးတောင့်များထက် ပင်ပိုင်းဆိုင်ရာနှင့် အမြစ်ဖွံ့ဖြိုး တိုးတက်မှုသို့ ဦးတည်သွားပြီး အနာဂတ်တွင် ပိုမိုသန်စွမ်း ၍ ထုတ်လုပ်နိုင်စွမ်းရှိသော အထွက်နှုန်းကိုဖြစ်ပေါ်စေသည်။ ထုတ်လုပ်နိုင်စွမ်းမရှိသော သို့မဟုတ် ခူးဆွတ်ရန် လွယ်ကူမှုအတွက် အလွန်မြင့်သော အသက်ကြီးသော အပင်များကို မြေပြင်အမြင့်တွင် ကိုင်းဖြတ်ပြုပြင်နိုင်သည်။ အခြေမှ အညွန့်သစ်များ လျင်မြန်စွာထွက်ပေါ်လာလိမ့်မည်။
အရွက်ခြွေခူးခြင်း
ပုံမှန်အားဖြင့်အနည်းဆုံး တစ်နှစ်ခန့်အကြာတွင် အပင် အမြင့် ၁.၅-၂ မီတာတွင် အရွက်များကို ခြွေခူးနိုင်သည်။ ကိုင်းများမှ အရွက်အညှာများကို ခြွေခြင်းဖြင့်အရွက်များ ကို ခူးယူပါ။ သစ်လွင်သော အညွန့်အဖျားများကို ခူးယူ ခြင်းသည် ပင်မကိုင်းများကို ဖြတ်ထားသည့် တစ်လျှောက် တွင် ဘေးကိုင်းများ ဖွံ့ဖြိုးမှုကို မြှင့်တင်စေလိမ့်မည်။ နောက်ဆက်တွဲ ခြွေခူးမှုများမတိုင်မီ အညွန့်များနှင့် ကိုင်းများ အသစ်ထွက်မှုအတွက် အပင်များကို ခွင့်ပြုပါ။ အကယ်၍အပင်များကို နီးကပ်စွာနှင့် မြင့်မားသော သိပ်သည်းမှုတွင် စိုက်ပျိုးထားပါက မြေပြင်အထက် ၁၀-၂၀ စင်တီမီတာခန့်တွင် အပင်များကို ဖြတ်ပါ။
ဒန့်သလွန်အရွက်များသည် ခြွေခူးပြီးနောက် လွယ်ကူစွာအစိုဓာတ်ဆုံးရှုံးနိုင်ခြင်းကြောင့် ဖြစ်နိုင်မည် ဆိုပါက နံနက်စောစောတွင် ခြွေခူးပြီး ယင်းနေ့တွင်ပင် ရောင်းချပါ။ ပန်းပွင့်များနှင့် သီးတောင့်များသည် ပုံမှန် အားဖြင့် ကြီးထွားမှု၏ ဒုတိယနှစ်အတွင်း ထုတ်လုပ်သည်။ သီးတောင့်များကို မကြီးရင့်သော၊ နူးညံ့သော၊ စိမ်းသော အခြေအနေတွင် ခူးဆွတ်ပါ။ ၎င်းတို့ကို အစိမ်းရောင် ပဲများအဖြစ် စားသုံးသည်။ ကြီးရင့်သောအတောင့်များ သည် အမျှင်များပြီး ကြမ်းတမ်းသောအခွံဖြစ်သော်လည်း ၎င်းတို့၏ အသားနှင့် မရင့်မှည့်သော အစေ့များသည် ရင့်မှည့်မှုကာလစတင်ခြင်းမဖြစ်မီ အချိန်တိုလေးအတွင်း စားသုံးနိုင်သည်။ မရင့်မှည့်သော အစေ့များကို အစိမ်းရောင် ပဲများနှင့်အလားတူ ဟင်းအမယ်များတွင် အသုံးပြုနိုင်သည်။
ရင့်မှည့်သောအစေ့များကို စုဆောင်းခြင်းနှင့် သိုလှောင်ခြင်း
ရင့်မှည့်သောအတောင့်များတွင် ရင့်မှည့်သောအစေ့ များ ပါဝင်ပြီးနောက် သီးနှံစိုက်ပျိုးရန် သို့မဟုတ် ဆီထွက်ရန်အတွက် အသုံးပြုသည်။ ဆီထုတ်ရန်အတွက် အစေ့များကို ထုတ်လုပ်သည့်အခါ အတောင့်များကို အပင် ပေါ်တွင် ခြောက်သွေ့ပြီး အညိုရောင်ပြောင်းသည်အထိ ထားပါ။ သီးတောင့်များ ကွဲအက်ပွင့်ထွက်ပြီး မြေပြင် ပေါ်သို့ကျရောက်မှု မတိုင်ခင်ခူးပါ။ မျိုးစေ့များကို လေဝင်လေထွက်ကောင်းသော အိတ်များဖြင့် အေး၍ ခြောက်သွေ့ပြီး အရိပ်ရှိသည့်နေရာတွင် သိုလှောင်ပါ။ မျိုးစေ့သည် စိုက်ပျိုးရန်အတွက် နှစ်နှစ်ခန့် အသက်ရှင် နိုင်သည်။
ဒန့်သလွန်ဈေးကွက်နှင့် အလားအလာ
တစ်ကမ္ဘာလုံးတွင် ဒန့်သလွန်ရွက်မှုန့်နှင့် ဒန့်သလွန် ဆီကဲ့သို့သော ဒန့်သလွန်ထုတ်ကုန်များ၏ ဝယ်လိုအား ကြီးထွားလျက်ရှိသည်။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များသည် ဒန့်သလွန်ကို အာဟာရဖြည့်တင်း ခြင်းနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် မည်သို့အကောင်း ဆုံး အသုံးပြုရမည်ကို ရှာဖွေနေကြသည်။ မြန်မာနိုင်ငံ တွင် ဒန့်သလွန်သည် အလွန်လူသိများသော်လည်း ယခုတိုင် စီးပွားဖြစ်အသုံးမချရသေးပေ။ ဒန့်သလွန် ပင်သည် သင့်တော်သော မြေနှင့် ကောင်းမွန်သော ရာသီဥတုအခြေအနေများကြောင့် ပုံမှန်အားဖြင့် နိုင်ငံ အနှံ့ပေါက်ရောက်သည်။ သို့သော် ဒန့်သလွန်စိုက်ခင်း များ အလွန်ရှားပါးပြီး လက်ရှိတွင် ဒန့်သလွန်ရွက်အမှုန့် ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ရောင်းဝယ်ခြင်းသည် ပြည်တွင်းအဆင့်၌ အလွန်သေးငယ်သောပမာဏရှိသည်။
မြန်မာနိုင်ငံတွင် ဒန့်သလွန်အရွက်များနှင့် မျိုးစေ့ ထုတ်လုပ်ရာ၌ စီးပွားရေးအတိုင်းအတာအရ အောင်မြင် မှုရရန် ဒန့်သလွန်ပင်များကို စနစ်တကျတိုးချဲ့စိုက်ပျိုးရန် လိုအပ် သည်။ လက်ရှိ ရှိပြီးသား အသေးစားစိုက်ခင်းများကို စက်မှုဇုန်စိုက်ခင်းများ သို့မဟုတ် အကွက်ကျယ်စိုက်ခင်း များဖြင့် ဖြည့်စွက်ပေါင်းစပ်သင့်သည်။ ရှင်သန်နိုင်၍ သန့်ရှင်းပြီး ရောဂါကင်းသော မျိုးစေ့များကို ရရှိသင့်ပြီး လုံလောက်သော စိုက်ပျိုးနည်းစနစ်များကို အသုံးပြု၍ အထွက်နှုန်းတိုးအောင် ဆောင်ရွက်သင့်သည်။
ဒန့်သလွန်အရွက်များ ပြုပြင်ထုတ်လုပ်ခြင်းသည် နည်းပညာပိုင်းအရ မရှုပ်ထွေးသော်လည်း ထိရောက် သော ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော်ရန် လိုအပ်သည်။ မြင့်မားသော တစ်ကိုယ်ရေသန့်ရှင်းမှု စံနှုန်းများရှိသည့် ပြုပြင် ထုတ်လုပ်သော စင်တာများကို ပုဂ္ဂလိကများ သို့မဟုတ် သမဝါယမအသင်းအဖွဲ့များက တည်ထောင်လည်ပတ် သင့်သည်။ စိုက်ပျိုးသူများနှင့် အသင်းအဖွဲ့များကို လုံလောက်သော အဆင့်မီပြုပြင်ထုတ်လုပ်ခြင်း နည်းလမ်းများအား ထောက်ပံ့ကူညီသင့်သည်။ ဒန့်သလွန် ထုတ်ကုန်များအတွက် နိုင်ငံတကာဆိုင်ရာ အရည်အသွေး နှင့် အစားအစာ လုံခြုံမှုစံနှုန်းများ ဖော်ထုတ်ရန် လိုအပ် သည်။ ထို့အပြင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုဆိုင်ရာ သင်တန်းများနှင့် ဘဏ္ဍာရေးဆိုင်ရာ အစီအစဉ်များကို ပြုလုပ်သင့်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။
Pissaya_Info
[မြန်မာ့အလင်းတွေ ဖော်ပြထားသော ဒေါက်တာ မောင်မောင်တာ၏ အကြံပြုလမ်းညွှန် ဒန့်သလွန်ဆောင်းပါးအား ပြန်လည်မျှဝေထားခြင်း ဖြစ်သည်]
The post ဒန့်သလွန်ပင် စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.