Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

သစ်⁠ကြံပိုး

$
0
0

မြန်မာအမည်              – သစ်ကြံပိုး

အင်္ဂလိပ်အမည်           – CINNAMON

ရုက္ခဗေဒအမည်          – CINNAMOMUM ZEYLANICUM BREYN

_ CINNAMOMUM TAMALA F. NEES

_ CINNAMOMUM CASSIA

မျိုးရင်း                     – LAURACEAE

၁။မူရင်းဒေသ။                    ။ သစ်ကြံပိုးပင်သည် မျိုးစိတ်များစွာရှိသည့်အနက်တရုတ်သစ်ကြံပိုး(Chinamomum Cassia)၏မူရင်းပေါက်    ရောက်ရာ ဒေသမှာ တရုတ်ပြည် တောင်ပိုင်းဖြစ်၍ သဘောင်္သစ်ကြံပိုး (Cinnamomum  Zeylanicum) ၏ မူရင်းဒေသမှာ သီဟိုဠ်နှင့် အိန္ဒိယပြည်တောင်ပိုင်းဖြစ်သည်။

၂။ အမျိုးအစား ။                   ။ သစ်ကြံပိုးပင်သည် ပရုတ်မျိုးရင်း (Lauraceae)တွင် ပါဝင်ပြီး မျိုးစိတ်ပေါင်း တစ်ထောင်ခန့်ရှိသည့်အနက် ထင်ရှားသော မျိုးစိတ်များမှာ_

(၁) CINNAMOMUM CASSIA

(၂) CINNAMOMUM ZEYLANICUM

(၃) CINNAMOMUM TAMALA

(၄) CINNAMOMUM INERS – တို့ဖြစ်သည်။

၃။ အပင်ပုံသဏ္ဍာန်။      ။ သစ်ကြံပိုးပင်၏ ပုံသဏ္ဍာန်နှင့်ပတ်သတ်၍ မျိုးစိတ်အလိုက်အနည်းငယ်စီကွဲပြားသော်လည်း ယေဘုယျအား   ဖြင့်  တူညီကြရာ အခြေခံတူညီချက်များကို ဖော်ပြအပ်ပါသည်။

သစ်ကြံပိုးပင်သည် အမြဲစိမ်းလန်း၍ အနံ့ရှိသော အပင်ကြီးမျိုးဖြစ်သည်။ သဘာဝအလျောက် ပေါက်ရောက်သော အရိုင်းပင်သည် ပေ (၄၀)မှ (၆၀) အထိ မြင့်သည်။ အကိုင်းများဝေဆာစွာထွက်လေ့ရှိသည်။ စနစ်တကျစိုက်သော အပင်များသည် ဤမျှမမြင့်ပေ။

အရွက်မှာ ရွက်ဆိုင်ထွက်ပြီး ရွက်ရင်းဝိုင်း၍ ရွက်ဖျားချွန်သည်။ အရွက်နုစဉ် ပန်းရောင်ရှိ၍ ရင့်သော် အစိမ်းရောင်သို့ ပြောင်းသွား၏။

ပွင့်ခိုင်သည် အကိုင်းအဖျားမှသော်လည်းကောင်း၊ ကြားဖူးမှသော်လည်းကောင်း ထွက်သည်။ ပွင့်ညှာရှည်သည်။ အပွင့်များသေးငယ် ပြီး ဖြူဝါရောင်ရှိ၍ စူးရှသော အနံ့ရှိ၏ တပို့တွဲလ၊ တပေါင်းလများတွင် ပွင့်သည်။

သစ်ကြံပိုးသီးသည် လုံးဝိုင်းသည်။ အညိုရောင် သန်းသောအနီရောင်ရှိသည်။ နယုန်လမှ သီတင်းကျွတ်အတွင်း အသီးရင့်မှည့်သည်။ အသီးမှ အဆီထုတ်ယူ ရရှိနိုင်သည်။

သစ်ကြံပိုးတပင်လုံးတွင် အဓိကအသုံးပြုသော အစိတ်အပိုင်းမှာ အခေါက်ဖြစ်၍ အဖိုးအတန်ဆုံးဖြစ်သည်။ ၄င်းသစ်ကြံပိုးခေါက်သည် နီညိုရောင်ရှိ၍ ချိုသောအရသာနှင့် မွှေးကြိုင်သော ရနံ့ရှိ၏။ သစ်ကြံပိုး မျိုးစိတ်အလိုက် အခေါက် အထူအပါးကွာခြားသည်။ အခေါက်မှ အဆီထုတ်ယူရရှိသည်။

၎။ စိုက်ပျိုးပေါက်ရောက်သည့်ဒေသ။      – တရုတ်သစ်ကြံပိုး (Cinnamomum cassia)ကို မြန်မာပြည်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဗန်းမော်၊ ရခိုင်တို့၌တွေ့ရ၏။ ၄င်းမျိုးသည် အပင်ကြီးမျိုးဖြစ်၍ အပင်ကြီးသည်အထိထားပြီး အခေါက်ခွာကြသည်။ ရိုးရိုးသစ်ကြံပိုး (Cinnamomum Zeylanicum) ကိုမူ အပင်ငယ်စဉ် အခေါက်ခွာသည်။

၅။ ရာသီဥတု။   ။ တစ်နှစ်လျှင် မိုးရေချိန်လက်မ (၈၀)လက်မ မှ (၁၂၅) လက်မအတွင်းရှိပြီး၊ အပူချိန် (၈၀)ဒီဂရီဖာရင်ဟိုက် ရှိသော   ဒေသများတွင် စိုက်ပျိုးပေါက်ရောက်နိုင်သည်။ မိုးရွာသွန်းသောကာလ ရှည်လျားရန်လိုသည်။ ရိုးရိုးသစ်ကြံပိုးသည် ဖော်ပြပါ ရာသီတုဥ မျိုးအား အနှစ်သက်ဆုံးဖြစ်၍၊ ပေ (၂၀၀၀)အမြင့်ဒေသအထိ စိုက်ပျိုးနိုင်သည်။ တရုတ်သစ်ကြံပိုးသည် အပူသမပိုင်းရာသီဥတုကို နှစ် သက်၏။

၆။ မြေအမျိုးအစား။       ။ မြေသားထုနက်၍ သဲဆန်သော နုံးတင်မြေနုမျိုးတွင် အကောင်ဆုံးဖြစ်ထွန်း၏ ။ ဂ၀ံဆန်သော မြေများတွင် စိုက်ပျိုးနိုင်သော်လည်း သဲနုံးမြေတွင် ပေါက်သော အပင်လောက် အရည်အချင်းမကောင်းပေ။

၇။ မြေပြုပြင်နည်း။        ။ မိုးဦးကျတွင် ထယ်နှစ်စပ်ထိုး၍ ထွန်ရေးညက်အောင် မွှေပြီး၊ ဇွန်၊ ဇွန်လိုင်လ များ၌ မျိုးစေ့ချ၍ စိုက်၏။

၈။ စိုက်ပျိုးနည်း။                   ။ မျိုးစေ့များကို ပျိုးဘောင် သို့မဟုတ် ပျိုးခင်းတွင် ပျိုးထောင်ပြီးမှ စိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပျိုးနည်းကို လည်းကောင်း၊ စိုက်ခင်းတွင်း မြေပြုပြင်ထားသော ကျင်းများတွင် အစေ့များကိုတိုက်ရိုက်ချစိုက်သည့်နည်းကို လည်းကောင်း သုံးနိုင်၏။ စိုက်ပျိုးပုံ အနေဖြင့် အခေါက်ခွာနည်း အခြေအနေပေါ်မူတည်၍ ကွာခြားသည်။ အပင်ငယ်စဉ် အခေါက်ခွာမည်ဆိုပါက စိုက်ခင်းမြေကို အချင်း (၄)ပေရှိ စက်ဝိုင်းပုံဖော်ပြီး စက်ဝန်းပေါ်တွင် အစေ့တစေ့ (၁ ၁/၂)ပေ ကွာခြား၍ ပတ်လည်စိုက်သွားရ၏ အစေ့မှာ အညှောင့်   ပေါက်ရန် သုံးပတ်ကြာသဖြင့် အချို့သည် အစေ့အစား အမြစ်ဖောက်ထားသည့် အကိုင်းတို့ကို စက်ဝိုင်းပုံအတိုင်း စိုက်ကြသည်။   လေကွက်ကြားစနစ်ဖြင့် စိုက်ပျိုးလိုပါက တစ်ပင်နှင့်တစ်ပင် တစ်တန်း နှင့်တစ်တန်း (၂ ၁/၂) ပေ အကွာထား၍ စိုက်ပျိုးနိုင်သည်။

အပင်ငယ်များ စိုက်ပျိုးပြီး (၂) နှစ်ခန့်အကြာတွင် ပင်ခြေမှ လက်မ အနည်းငယ်ခွာ၍ ခုတ်သိမ်းပြီး  ထွက်လာသော အစို့များမှ အစို့(၅) ခု (၆)ခုသာ ထားရှိ၍ ယင်းတို့ကို တည့်တည့်မတ်မတ်ဖြစ်နေစေရန် ပြုလုပ်ပေးရမည်။

အပင်ကို ကြီးလာသည် အထိထား၍အခေါက်ခွာမည်ဆိုပါက တန်းကြား၊ ပင်ကြား ပေ (၂၀)ခန့်ခွာ၍ စိုက်ရမည်ဖြစ်သည်။

၉။ မြေသြဇာကျွေးနည်း။           ။ သစ်ကြံပိုးရွက်အဟောင်းများကို စိုက်ခင်းမြေအတွင်း ပြန်လည်ထည့်ပေးခြင်းဖြင့်  မြေသြဇာ ပိုမိုထက် သန်ပြီး အပင်အားကောင်းစေ၏။ သို့ရာတွင် အရွက်မှ ထုတ်ယူရရှိသော အဆီ၏ ဈေးနှုန်းရရှိမှုပေါ်မူတည်၍ ဆုံးဖြတ်သင့်သည်။

၁၀။ အပင်ပြုစုနည်း။         ။ အပင်အပြည့်အစုံ ပေါက်မပေါက် ရှင်မရှင် အသေးစိတ် ကြည့်ရှုစစ်ဆေး၍ အစားထိုး စိုက်ပေးရ၏။ ရေကို လိုသလို လောင်းပေးရ၏။ ပေါင်းများရှင်းပေးနိုင်က ပိုကောင်းသည်။

၁၁။ ရိတ်သိမ်းခြင်း။       ။ တရုတ်သစ်ကြံပိုး (Cinnamomum Cassia)မျိုးများကို အမြင့် (၃၀)ပေမှ (၅၀)ပေ အထိထား၍ အပင်ရင်းမှ ခုတ်လှဲပြီး တပင်လုံးမှ အခေါက်များကို ခွာယူကြ၏။

သီဟိုဠ်ကျွန်း၌ ရိုးရိုးသစ်ကြံပိုး (Cinnamomum Zeyla nicum)ကို စိုက်ပျိုးပြီး (၂)နှစ်သားအရွယ်တွင် ပင်ခြေမှ လက်မအနည်းငယ်ခွာ၍ ခုတ်ပစ်သည်။ ၄င်းမှ အခေါက်ခွာ မယူချေ။ ထပ်မံထွက်လာသော ပင်တက်များ (၁ ၁/၂)နှစ်မှ (၂)နှစ်အကြာ ပင်စည်အချင်း (၁)လက်မ ခန့်  (စုစုပေါင်း ပင်သက် ၄နှစ်)တွင် ခုတ်သိမ်း၍ အခေါက်ခွာခြင်းဖြစ်သည်။)

ရိတ်သိမ်းရာ၌တစ်နှစ်လျှင် (၂)ကြိမ် ရိတ်သိမ်းနိုင်သည်။ မေမှသြဂုတ်လအတွင်းနှင့် အောက်တိုဘာလမှဒီဇင်ဘာလအတွင်း ဖြစ်သည်။   ခြောက်သွေ့သောလများတွင် မခုတ်သိမ်းသင့်ပေ။ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ခုတ်သိမ်းပါက အခေါက်ခွာရန် လွယ်ကူ၍ အဆင်ပြေဆုံးဖြစ်သည်။

ခုတ်သိမ်းရာ၌ အခြေလက်လေးသစ်ခန့်ချန်၍ ခုတ်သိမ်းရ၏။ ၄င်းငုတ်မှ ဘေးတက်များ ထပ်မံထွက်နိုင်သည်။ ခုတ်ယူရရှိသော ပင်တက် များ၏ ထိပ်ပိုင်းနှင့် အကိုင်းအခက်တို့ကို ဖြတ်ပစ်ပြီနောက် အခေါက်ခွာယူသည်။

၁၂။ အခေါက်ခွာနည်း (PEELING) ခုတ်ယူထားသော ပင်လုံး၏ ပေါ်ဘက်တွင် ဓားနှင့်ပတ်လည် တစ်ရစ် ရစ်ပြီးနောက် (၁၈)လက်မ      ခြားကာ အောက်ဘက်၌ တရစ် ရစ်ရ၏။ ထို့နောက် အထက်အရစ်မှ အောက်အရစ်အထိ ပင်လုံး၏ ရှေ့ဘက်၌ တခါ နောက်ဘက် ၌ တခါ အလျားလိုက် ဓားဦးချွန်ဖြင့် ခွဲချပြီး အခေါက်ကို ကော်ထုတ်ယူရ၏။ ခွာပြီး သော အခေါက် များအား တနေရာတွင်စုပုံ၍ အပေါ်မှ ဂုံနီအိတ် အလုံဖုံးပြီး တညသိပ်၍ ချွေးပြန်စေသည်။

၁၃။ ခြစ်နည်း (SCRARING) နောက်တရက်၌ သင့်လျော်သော အရွယ်ရှိသည့် သစ်သားပြားကို တဖက်က်နံရံ သို့မဟုတ် သုံးချောင်း   ထောက် တိုင်တွင် မှီထားပြီး ခြေဖြင့်ဖိ၍ ၄င်းသစ်သားပြားပေါ်တွင် အခေါက်ကိုတင်ကာ အခေါက်အောက်ဘက်ရှိ Cortex ကို ခြစ်ပစ်  ရသည်။ အခေါက်ထူလွန်းပါက အခေါက်အပေါ်ယံလည်း ခြစ်ပေးရန် လိုသည်။

၁၄။ အခြောက်ခံနည်း။             ။ အခေါက်များကို အရိပ်ထဲတွင် (၂၄) နာရီ ထားပြီး အခြောက် ခံရ၏။ ဒုတိယနေ့တွင် သစ်သားပြားများ   ပေါ်၌ တင်၍ လေဟာပြင်တွင်လှန်းရ၏။ နေရောင်တိုက်ရိုက်ထိလျင် တွန့်လိမ်သွားတတ်သဖြင့် သစ်ကြံ ပိုးခေါက်များကို ဖျာဖြင့် အုပ်ပေး ထားရသည်။ အခေါက်များကောင်းစွာခြောက်သွေ့သောအခါတွင် အလိပ်လိုက် ဖြစ်သွားမည်။ ၄င်းတို့ကို ခြောက်သွေ့သောနေရာတွင် သိမ်းထားရ၏။ ရောင်းချမည့်အချိန်၌ တနေပြပေးသော် အရောင် ညိုဝါရောင်သို့ပြောင်းလာပြီး ရောင်းပန်းလှ၏။ ၄င်းတို့ကို (၁၀၀) ပေါင် ပါဝင်သော ဘေထုတ်များထုတ်၍ ဂုံနှီအိမ်များတွင် ထည့်သွင်းပြီး ပြည်ပသို့ ရောင်းချကြသည်။

၁၅။ အထွက်နှုန်း။        ။ စိုက်ပြီး (၄)နှစ်အကြာပထမအကြိမ်ရိတ်သိမ်းသောအခါ တဧကလျှင် သစ်ကြံပိုး အခေါက်ခြောက် (၅၀) ပေါင် ရရှိ၏။ အထွက်နှုန်းတဖြည်းဖြည်း တိုးတက်လာပြီး (၁၀)နှစ် အကြာ၌ တဧကလျှင် (၁၅၀)ပေါင်မှ (၁၈၀)ထိ ရရှိနိုင်သည်။

၁၆။ တဧကမျိုးစေ့နှင့် အပင်နှုန်း။           ။ တဧကလျှင် စိုက်ပျိုးနိုင်သည့် အပင်နှုန်း(၁) စိုက်ခင်းမြေကို အချင်း (၄)ပေရှိ စက်ဝိုင်းပုံဖော်ပြီး စက်ဝန်းပေါ်တွင် (၁ ၁/၂)ပေကွာ၍ ပတ်လည်စိုက်ပြီး ဗဟိုစက်ဝိုင်းတခုနှင့် တခု (၁၀)ပေ ကွာ ထားလျှင် တဧက အပင် (၃၀၀၀)ခန့် စိုက်ပျိုးနိုင်သည်။

(၂) စိုက်ခင်းမြေတွင် တပင်နှင့် တပင် (၂ ၁/၂)ပေ လေးကွက်ကြားစိုက်ပျိုးက တဧကလျှင် အပင် (၆၅၀၀)ခန့် စိုက်ပျိုးနိုင်သည်။

(၃) အပင်ကြီး စနစ်တွင် တပင်နှင့် တပင် (၂၀)ပေခွာ၍  လေးကွက်ကြား စိုက်ပျိုးပါက တဧကလျှင် အပင် (၁၀၀)ခန့်သာ စိုက်ပျိုးနိုင်မည်   ဖြစ်ပါသည်။

အသုံးပြုနည်း

အခေါက် ( ၁ )  လေ၊ သည်းခြေနာ၊ ၀မ်းသွားရောဂါ၊ သွေး၊ ချွေးထွက်လွန်ခြင်းတို့ကို အထူးသဖြင့် နိုင်၏။ များသောအားဖြင့် မီးမကင်ဆေး  သူငယ်နာဆေး၊ အကြောလိမ်ဆေးများတွင် ထည့်သွင်းအသုံးပြုသည်။

( ၂ ) အခေါက်မှုန့်ကို ရှားစေးနှင့်ဆတူ သောက်ပါက ၀မ်းသွားခြင်း ပျောက်၏။

( ၃ ) တုတ်ကွေးရောဂါ၊ ချောင်းဆိုရောဂါ၊ သုတ်ခမ်းခြောက်ခြင်း၊ သွေးငမ်းပိတ်ဝမ်းကိုက်ခြင်းတို့တွင် အခေါက်ကိုသွေး၍ အခြား ဆေး တို့နှင့်ဖက်စပ်တိုက်နိုင်သည်။

( ၄ ) ဟင်းလျာများချက်ပြုတ်ရာတွင် သစ်ကြံပိုးအခေါက်ကိုထည့်ချက်စားလျှင် အစာကြေ၏ ။

( ၅ ) သစ်ကြံပိုး အခေါက်တွက် ( Tannin ) ခေါ် အဖန်ဓာတ်ပါရှိသဖြင့် ၀မ်းပျက်ရောဂါ နှင့် ၀မ်းတွင်းသွေးယိုစီးသော ရောဂါများတွင် သုံးနိုင်၏ ။

( ၆ ) အခေါက်ကိုပြုတ်၍ သောက်လျှင် ၀မ်းကိုက်ရောဂါပျောက်၏ ။

( ၇ ) သွေးကို အားပေးသောကြောင့် white blood  corpuscles ခေါ် သွေးကောင်းတွင် ပါဝင်သည့် အဖြူသွေးကို တိုးပွားစေသဖြင့် အဆုတ်နာ ရောဂါကုဆေးအဖြင့် ဖော်စပ်သုံးသည်။

( ဂ ) အနံ့မွှေးကြိုင်သဖြင့် ဟင်းမွှေးမဆလာများတွင်လည်းကောင်း ဒံပေါက်ထမင်းချက်ရာတွင် လည်းကောင်း၊ သစ်ကြံပိုးခေါက်ကိုထည့်သုံး၏ ။

အဆီ  ( ၁ ) အဆီကို သွားကိုက်ရာတွင် သိပ်ပေးပါက ပျောက်၏ ။

( ၂ ) နားအူ၊ နားလေထွက်ခြင်းများ ဖြစ်ပါက သစ်ကြံပိုးဆီကို ခပ်ပေးလျှင် ပျောက်ကင်း၏ ။

( ၃ ) ၀မ်းတွင်း လေပွသော် အဆီ ( ၂ – ၄ ) စက်အထိ သောက်လျှင် ပျောက်၏ ။

( ၄ ) အနောက်နိုင်ငံများတွင် အူရောင် ငန်းဖျားခေါ် Typhoid ရောဂါများ ကုရာတွင် ၄င်းအဆီကို အသုံးပြုကြသည်။

မှတ်ချက်။                          ။ ဆေးဝါးသုတေသနပညာရှင်များ၏ လမ်းညွှန်မှုကို ရယူပြီးမှ သုံးစွဲရန်ဖြစ်ပါသည်။

လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်း

The post သစ်⁠ကြံပိုး appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>