Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

အလားအလာ⁠ကောင်းတဲ့ ⁠လေညှင်းပင်စိုက်ပျိုးနည်းအေ⁠ကြာင်းသိ⁠ကောင်းစရာ

$
0
0

လေးညှင်းပင်

မြန်မာအမည်              – လေးညှင်းပင်

အင်္ဂလိပ်အမည်           – CLOVE

ရုက္ခဗေဒအမည်          – SYZYGIUM

AROMATICUM

မျိုးရင်း                     – MYRTACEAE

၁။ မူရင်းဒေသ။           ။ မိုလတ်ကာကျွန်း (Molucca) သည် လေးညှင်း၏ မူလဒေသဖြစ်သည်။

၂။ စိုက်ပျိုးသည့်ဒေသ။  ။ မော်ရေးရှပ်၊ အင်းဒိုနီးရှား၊ ဇံဇီလာ၊ ဆူမတြာ၊ ပီနန်၊ မဒါးဂါးစကား၊ ပင်ဘာတို့တွင် အများဆုံး စိုက်ပျိုးသည်။   မြန်မာနိုင်ငံတွင် မွန်ပြည်နယ်တွင် စိုက်ပျိုးနိုင်သည်။

၃။ အပင်ပုံသဏ္ဍာန်။      ။ အမြဲစိမ်းလန်း၍ နှစ်ရှည်ခံပင်ကြီးမျိုးဖြစ်သည်။ အပင်အမြင့်မှာ အရိုင်းပင်သည် ပေ (၆၀)မှ ပေ (၈၀) ထိမြင့်၍၊ စိုက်ပျိုးသော အပင်မှာ (၂၅)ပေမှ (၃၀)ပေ အထိ မြင့်သည်။ အခေါက်မွဲပြာရောင်ရှိပြီး အကိုင်းအခက် များစွာဖြာသည်။ အရွက်မှာ ရွက် ဆိုင်အလှည့်ကျထွက်သည်။ ရှည်မျောမျော ဘဲဥပုံမှ လှံစွပ်ပုံအထိရှိပြီး၊ ရွက်ရင်းအနည်းငယ် ၀ိုင်း၍ ရွက်ထိပ် ချွန်သွယ်သည်။ အလျား (၅) လက်မမှ (၆)လက်မအထိ ရှည်၍၊ အနံ (၂)လက်မခန့်ရှိသည်။ ရွက်ပြား သားရေကဲ့သို့ ပြောင်ချောသည်။ အပွင့်မှာ သုံးပွင့်တခိုင် ဖြစ်  သည်။ ပွင့်ငုံများအစ၌ ခရမ်းနုရောင် ရှိပြီး တဖြည်းဖြည်း အ၀ါရောင်သို့ပြောင်းသွား၏။ ပွင့်ချပ် ပြွန်ပုံရှိသည်။ တပင်တည်းတွင် အဖိုပွင့်၊ အမပွင့် သီးခြား ရှိသည်။ ဆေးဘက်အဖြစ် အဖိုပွင့်ကို သုံးသည်။  အသီးမှာ ရှည်မျောမျော ပုံသဏ္ဍာန်ရှိ၍ အညိုရောင် ဖြစ်သည်။ အစေ့ (၄-၆) စေ့ထိပါ၏။

၎။ စိုက်ပျိုး ပေါက်ရောက်နိုင်သည့် ရာသီဥတု။      ။ အမြင့်ပေ (၂၀၀၀)ထိ စိုက်ပျိုးနိုင်သော်လည်း၊ ပုံအိုက်စွတ်စို၍ မိုးရေချိန် (၇၀)လက်မ အထက်ရှိပြီး၊ တနှစ်ပတ်လုံးမိုးရွာသွန်းသော အရပ်ဒေသများ၌ ပိုမိုဖြစ်ထွန်း၏။

၅။ မြေအမျိုးအစား။       ။ ရေမ၀ပ်ပါက မြေမျိုးမရွေးဖြစ်ထွန်းသော်လည်း မြေသြဇာထက်သန်သော သဲနုန်းမြေမျိုးကို ပိုမိုနှစ်သက်၏။   မြေသားထုနက်လေ ကောင်းလေဖြစ်သည်။ ရေမ၀ပ်ရန်အများအားဖြင့် ဆင်ခြေလျော တောင်စောင်းများ၌ စိုက်ပျိုးသော်လည်း ပင်လယ်  ကမ်းခြေအနီး ဒေသများ၌ စိုက်ပျိုးနိုင်က ပိုကောင်း၏။

၆။ မြေပြင်ပြုပြင်နည်း။    ။ စိုက်ခင်းတွက် အကျယ် (၃)ပေ၊ အနက် (၃)ပေရှိ စိုက်ကျင်းများကို တကျင်းနှင့် တကျင်း ပေ (၂၀)၊ တတန်းနှင့် တတန်း ပေ (၂၀) အကွာတူးပြီး၊ ယင်းကျင်းများတွင် နွားချေး၊ သစ်ရွက်ဆွေး မြေသြဇာများကို ပျိုးပင်များပြောင်းရွှေ့ မစိုက်မီ တလကြို၍ ထည့်ပေးထားရ၏။

၇။ ပျိုးထောင်နည်း။       ။ ပျိုးဘောင်ပြင်ရာတွင် မြေဆွေးနှင့် နုံးမြေများများကို ရော၍ ပြုလုပ်ရ၏။ ပျိုးဘောင်ကို အကျယ် (၃)ပေ၊ အမြင့် (၉)လက်မ၊ အရှည်လိုသလောက်ထား၍ ဘောင်ဖော်ရ၏။ ဘောင်ပေါ်တွင် အရိပ်ပြုလုပ်ပေးရ၏။ ပြုပြင်ပြီး ပျိုးဘောင်တွင်ရင့်မှည့်ပြီး   ကြွေကျလာသော အသီးမှ အစေ့ကိုယူ၍ နှစ်ရက် သုံးရက်အတွင်း ပျိုးထောင်ရသည်။ အစေ့ခွံထူသည့်အတွက် အပင်ပေါက်အလွန်နှေး ပြီး  (၅)ပတ်၊ (၆)ပတ် ကြာမှ အညှောင့်ထွက်တတ်သည်။ အပင်ပေါက်မြန်ရန်အစေ့ကို မထိခိုက်စေဘဲ အစေ့ခွံကို ခွာပြီး မြေတွင် လက်မ  ၀က်ခန့်မြှုပ်၍ ပျိုးထားလျှင် ပျိုးထောင်ပြီး (၁၅)ရက်မှ (၂၀)ရက်အတွင်း အညှောက်စတင်ထွက်သည်။ မျိုးစေ့များကို တစေ့နှင့်တစေ့ (၄)လက်မခြား စိုက်ပြီး ရေရွှဲရွှဲလောင်းပေးရန်လိုသည်။

ပျိုးထောင်ပြီး (၁၁)လခန့် အကြာတွင် ပျိုးမြေပါတပါတည်းအမြစ်ကို မထိခိုက်စေဘဲ တူးယူ၍၊ နွားချေးမှုန့် မြေဆွေးနှင့် မြေကျက်တို့ကို   ရောစပ်ပြီး အပေါ်ယံသဲ (၁)လက်မခန့်ထည့်ထားသည့် ခြင်းတောင်း၊ ၀ါးကျည်ထောက် သို့မဟုတ် ပလပ်စတစ်အိတ်တို့တွင် ရွှေ့စိုက်  ရ၏။ နောက် တနှစ်အကြာပျိုးပင် (၂)နှစ်သားအရွယ်တွင် စိုက်ခင်းသို့ ပြောင်းရွေ့စိုက်နိုင်၏။

၈။ မြေချ စိုက်ပျိုးနည်း။            ။ စိုက်ကျင်းများကို မြေသြဇာကျွေးပြီး (၁)လအကြာ အမြင့် (၁)ပေရှိ ပျိုးပင်များကို မြေချစိုက်နိုင်၏။ ပျိုးပင် ထည့်စိုက်ထားသော ပလပ်စတစ်တစ်အိတ်၊ တောင်း သို့မဟုတ် ၀ါးကျည်ထောက်တို့ကို အမြစ်မထိခိုက်စေရန် အထူးဂရုပြု၍ ဓါးနှင့်ခွဲပြီး ပျိုးပင်ကို မူလမြေတွင် တပါတည်းယူ၍ ပြုပြင် ထားသောကျင်းအတွင်း ညင်သာစွာချ၍ စိုက်ရ၏။ ပျိုးပင်ကို မူလမြေနှင့် ချစိုက်ခြင်းဖြင့် အပင်တက်အားကောင်း၏။

၉။ မြေသြဇာ ကျွေးနည်း။                   ။ အပင်ငယ်စဉ် N P K _၂း၂း၁ အပင်ကြီး ၁း၂း၁။

သဘာဝမြေသြဇာအနေနှင့် နွားချေးနှင့်  မြေကျက် ၁း၆ ကျွေးရန်လိုသည်။ အပင်ငယ်စဉ် ဓါတ်မြေသြဇာ ကျွေးရာတွင် အပင်ငယ်၏ အမြစ်နှင့် ဓါတ်မြေသြဇာအမြစ် တိုက်ရိုက်မထိတွေ့ရန်ဂရုပြုရမည်။ အပင်ငယ်စဉ် သက်မှတ်ထားသော ဓာတ်မြေသြဇာ အချိုးနှုန်းကို အပင်ငယ်စိုက်ကျင်းတွင် ရွှေ့စိုက်ပြီး (၁-၃)နှစ်အတွင်း တပင်လျှင် နို့ဆီဘူး တ၀က်ခန့်ကျွေးသင့်သည်။ ရေမပေးသွင်းမည် သို့မဟုတ် အစိုဓါတ်ရှိသော အချိန်တွင် (၁)လ သို့မဟုတ် (၂)လ တကြိမ် ကျွေးသင့်သည်။

အပင်ငယ်စိုက်ကျင်းတွင် ရွှေ့စိုက်ပြီး (၃-၆)နှစ် အတွင်း တပင်လျှင် နို့ဆီဘူး (၁)လုံးခန့် ကျွေးသင့်သည်။ ရေမသွင်းမှီ သို့မဟုတ် အစို ဓါတ်ရှိနေချိန်တွင် (၃)လ တကြိမ် ကျွေးသင့်သည်။

ဓါတ်မြေသြဇာကျွေးရာတွင် အပင်အရွက်အလိုက် မွန်းတည့်ချိန်အရိပ်ကျသည့် အရိပ်ဝန်းအတိုင်း အပင်အရွယ်အစားလိုက်၍ အနက် (၆)လက်မမှ (၁၂)လက်မ၊ အကျယ် (၆)လက်မ မှ (၁၂)လက်မ အပင်ပတ်လည် ကျင်းတူး၍ မြေသြဇာထည့်ပြီး သစ်ရွက်ဆွေး၊ မြေဆွေးများထည့်၍ ကျင်းတူး၍ မြေသြဇာထည့်ပြီး သစ်ရွက်ဆွေး၊ မြေဆွေးများထည့်၍ ရေလောင်းပေးသင့်သည်။ ဓါတ်မြေသြဇာကျွေးရန် သင့်သော အချိန်မှာ ပွင့်တံမထွက်မီ ကျွေးကပို၍ သင့်လျော်ပါသည်။

၁၀။ မျိုးပွားနည်း။         ။ အစေ့မှ ပျိုးထောင်မျိုးပွား၏။

၁၁။ တဧက အပင်နှုန်း။            ။ တစ်ဧကလျှင် အပင် ၁၀၀။

၁၂။ အပင်ပြုစုနည်း။               ။ ငယ်စဉ်အခါ တိုက်ရိုက်နေပူခြင်းကို မခံနိုင်သည့်အတွက် အရိပ်ရအောင်ပြုလုပ်ပေးရ၏။ အပင်ထနှေး  သဖြင့်  ပေါင်းမကြာခဏရှင်းရန်လိုသည်။ ရာသီဥတု အခြေအနေပေါ်ကြည့်၍ နွေရာသီတွင် ပင်ခြေအမြဲစိုစွတ်ရန် ရေသွင်းလောင်းပေး   ခြင်း၊ မိုးရာသီ၌  ပင်ခြေရေမ၀ပ်ရန်ပြုလုပ်ပေးရ၏။ သဘာဝ မြေသြဇာနှင့် ဓါတ်စုံမြေသြဇာကိုလိုအပ်သလိုကျွေးပေးပြီး အကိုင်းအောက်  များကို လိုအပ်ပါက ရှင်းလင်းဖြတ်တောက်ပေးရ၏။

၁၃။ ကျရောက်တတ်သော ပိုးမွှားနှင့် ကာကွယ်နည်းများ။            ။ Sudden Death_ ခေါ် အပင်ရုတ်တရက်သေသွားသော ရောဂါ တမျိုး ကျရောက်တတ်သည်။ ရောဂါဖြစ်ခြင်းအကြောင်းရင်းကို သေချာစွာ မသိရသေးချေ။ အရွက်များ၌ မှိုရောဂါ တမျိုး ကျရောက်တတ်၏။ ၄င်းကို ဘော်ဒိုဆေးရည်ဖြင့် ကာကွယ်နိုင်သည်။

၁၅။ ဆွတ်ခူးခြင်း။        ။ စိုက်ပြီး (၆)နှစ်ခန့်အကြာတွင် ပန်းစပွင့်သည်။ ပင်သက် အနှစ်(၂၀)တွင် ပွင့်နှုန်း အပြည့်အ၀ ပွင့်သည်။ နှစ်ပေါင်း (၈)နှစ်ခန့်အထိ ကြာရှည်စွာ ဆက်လက်သီးပွင့်နိုင်သည်။ လေးညှင်းပွင့်များကို ပွင့်ငုံများ အစိမ်းရင့်ရောင်မှ ကြက်သွေးရောင် သို့ ပြောင်းချိန်တွင် ဆွတ်ခူး၏။ ဇံဇီဘာနှင့်  ပင်ဘာ၌ တစ်နှစ်လျှင် နှစ်ကြိမ် (သြဂုတ်နှင့် ဒီဇင်ဘာလ အကြား) ဆွတ်ခူးလေ့ရှိ၏။ ဆွတ်ခူးရ ရှိသောပွင့်ခိုင်များကို လေဟာပြင်၌ ဖျာပေါ်တွင် ဖြန့်၍နေတွင် အခြောက်လှမ်းသည်။ ပွင့်ငုံများ အညိုရင့်ရောင်သို့ ပြောင်းလာပါက   ခြောက်သွေ့သည်ဟု ယူဆသည်။ ကောင်းစွာခြောက်သွေ့သော အခါ၌ ပွင့်ခိုင်နှင့် ပွင့်ငုံများကို သီးသန့်ခွဲထုတ်ရ၏။

(လေးညှင်းများကို အုန်းလက်ဖြင့်ပြုလုပ်ထားသော ဖျာများဖြင့် ဖုံးအုပ်ထားသည့် အထုပ်အပိုးများတွင် ထည့်သွင်း၍ ပြည်ပသို့ တင်ပို့ရောင်းချသည်။

၁၆။ လေးညှင်းဆီ ထုတ်လုပ်နည်း။        ။ လေးညှင်းဆီကို အသီးစိမ်း၊ အပွင့်ခြောက်နှင့် အပွင့်ရိုင်းတို့ကို ရေနွေးငွေ့နှင့် ပေါင်းခံသော နည်းဖြင့် ထုတ်ယူရရှိ၏။ အပွင့်တွင် လေးညှင်းဆီ (၁၄) ရာခိုင်နှုန်းမှ (၁၉) ရာခိုင်နှုန်းထိ ပါဝင်၏။ အရောင်မှာ အ၀ါရောင်ရှိပြီး   လေ နှင့်   တွေ့ထိသောအခါ၌ ညိုမဲသော အရောင် ပြောင်းလဲသွား၏။

၁၇။ အထွက်နှုန်း။        ။ တပင်လျှင် လေးညှင်းပွင့် အခြောက်ပျမ်းမျှ (၁)ပိဿာမှ (၃)ပိဿာ အထိ ထွက်သည်။ တဧက ပျမ်းမျှ ပိဿာ (၁၀၀)မှ ပိဿာ (၃၀၀)အထိ အထွက်နှုန်းရှိသည်။

၁၈။            ။ (၁)၀မ်းဗိုက်အမြဲထိုးအောင့်နာကျင်၍ ၀မ်းဖြူဖြူအရေကျဲကျဲများ သွားပါက လေးညှင်းမှုန့်ကို ပျားရည်နှင့်ရော၍          လျက်သော်ပျောက်၏။

(၂) လေးညှင်းပွင့်နှင့် ကနခိုတို့ကို ညက်ညက်ကြိပ်၍ လုံးပြီး အရိပ်၌ အခြောက်လှမ်း၍ရေနွေးနှင့် သုံးဆောင်ပါက ဓာတ်ချုပ်ခြင်း၊ သလိပ်ကြပ်ခဲခြင်းတို့ကို ပျောက်၏။

(၃) လေးညှင်းပွင့်ကို သွေးပြီး သကြားခဲရည်ပျစ်ပျစ်နှင့် ရောစပ်၍ လျက်သော် ကိုယ်ဝန်တည်စ အန်သောရောဂါ ပျောက်၏။

(၄) လေးညှင်းပွင့်ကို ရေနှင့်ကြိတ်၍ ခပ်နွေးနွေးပြုပြီး သောက်သော် ပျို့အန်လိုခြင်း၊ လျှာခြောက်ခြင်း၊ ချွဲခြင်း၊ အရသာ မပေါ်ခြင်းများ ပျောက်၏။

(၅) လေးညှင်းပွင့်နှင့် နနွမ်းဆတူရောပြီး မြုံနေသော အနာများပေါ်တွင် လိမ်းပေးသော် ပျောက်၏။

(၆) အထိုင်အထတို့၌ မူး၍ မျက်စိမူးမိုက်သော် လေးညှင်းကို ရေအေးနှင့် သွေးပြီး အနည်းငယ် မျက်စဉ်းခပ်ပေးက ပျောက်၏။

အဆီ_           (၁) လေးညှင်းဆီ သို့မဟုတ် လေးညှင်းပွင့်ကို သွေး၍ သွားနာ သွားကိုက်သောနေရာတွင် လိမ်းပေးသော် သွားနာ၊ သွားကိုက် ပျောက်၏။

(၂) လေးညှင်းဆီကို မုန်ညှင်းဆီနှင့် ရော၍ လိမ်းသော် အဆစ်အမြစ် ကိုက်ခဲနာကျင်ခြင်းများ ပျောက်၏။

(၃) နဖူး၏အထက်ပိုင်းသို့ လေးညှင်းဆီကို လိမ်းပေးသော် ခေါင်းကိုက်ရောဂါ ပျောက်၏။

နိုင်ငံခြားတိုင်းပြည်များ၌ လေးညှင်းကို ဟင်းခက်အမွှေးအကြိုင်အဖြစ်လည်းကောင်း Kretek Cigarettes_ ထုတ်လုပ်ရာတွင် ဆေးနှင့်   လေးညှင်းဆီ ရောစပ်ရန်အတွက်လည်းကောင်း၊ လေးညှင်းရွက်ဆီကို သစ်ခွရည် အတုပြုလုပ်ရန်အတွက်လည်းကောင်းအဓိက ကုန် ကြမ်းအဖြစ် အသုံးပြုလျက် ရှိပေသည်။

၁၉။ ရောင်းချခြင်း။        ။ ဈေးကွက်ကောင်းသော အပင်မျိုးဖြစ်သဖြင့် သင့်လျော်ရာ အရပ်ဒေသများတွင် စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးသူတောင် သူများအတွက် တဦးချင်းဝင်ငွေတိုးတက်စေနိုင်မည့်အပြင် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေများလည်း ရရှိနိုင်မည့် အပင်ဖြစ်ပါသည်။

မှတ်ချက်။        ။ ဆေးပညာရှင်များ၏ လမ်းညွှန်မှုကို ရယူသုံးစွဲရန်ဖြစ်ပါသည်။

လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်း

The post အလားအလာ⁠ကောင်းတဲ့ ⁠လေညှင်းပင်စိုက်ပျိုးနည်းအေ⁠ကြာင်းသိ⁠ကောင်းစရာ appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>