Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

စပါး သို့မဟုတ် ဆန်ကို အိတ်ဖြင့်သိုလှောင်ခြင်း

$
0
0

စပါး သို့မဟုတ် ဆန်များကို အိတ်များဖြင့် သိုလှောင်ရာတွင် အခင်းကြမ်းပြင်မှ ရေငွေ့အစိုဓာတ်မရိုက်စေရန်အတွက် သစ်သားခုံများတွင် အမြဲတမ်းစီထပ်၍ထားရန်နှင့် အထူးသန့်ရှင်း နေစေရန် လိုအပ်ပါသည်။ သိုလှောင်ရာတွင် ဂုန်နီအိတ် သို့မဟုတ် ပီနန်အိတ် (ပီပီအိတ်) များဖြင့် သိုလှောင်နိုင်ပြီး ယခုအခါ ပီနန်အိတ်များကိုသာ အသုံးပြုလျှက်ရှိပါသည်။ ၄င်းအိတ်များကို သစ်သားခုံများတွင် စနစ်တကျ စီထပ် ထားရပါမည်။ အကယ်၍ သစ်သားခုံများပေါ်တွင် စီထပ်ထားသော စပါးအိတ်များကို အပြင်တွင် ယာယီသိုထားမည်ဆိုပါက ပလပ်စတစ် သို့မဟုတ် တာပေါ်လင်စများဖုံးအုပ်ထားရန် လိုအပ်ပါသည်။ သိုလှောင်ရုံများအတွင်း သစ်သားခုံများပေါ်တွင် စီထပ်ထားသော စပါးအိတ် တစ်ပုံနှင့် တစ်ပုံကြားတွင် လည်းကောင်း၊ နံရံနှင့် သော်လည်းကောင်း၊ (၃)ပေကွာဝေးနေရပါမည်။ သို့မှသာ လေ၀င်လေ ထွက်ကောင်း မွန်ပြီး ဆောင်ရွက်ရန်ရှိသော လုပ်ငန်းများကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါသည်။

မြန်မာနိုင်ငံရှိ သိုလှောင်ရုံအများစုသည် အင်းဆက်ဖျက်ပိုးများကို နှိမ်နင်းနိုင်ရန် အဆိပ်ငွေ့မှိုင်းတိုက်ခြင်း ဆောင်ရွက်ရာတွင် ပလပ်စတစ် (သို့မဟုတ်) တာပေါ်လင်များဖြင့် ဖုံးအုပ်ပေးထားရပါမည်။ ယခုအခါ ခေတ်မီ သိုလှောင်ရုံများဆောက်လုပ်ရန် လိုအပ်ပါသည်။ ကွန်ကရစ်၊ အုတ်၊ သစ်သား၊ သံသတ္တုများ အသုံးပြု၍ ဆောင်ရွက်နိုင်ပြီး၊ သယ်ယူပို့ဆောင်သော ယာဉ်ပေါ်သို့ လည်းကောင်း၊ ယာဉ်ပေါ်မှ လည်း   ကောင်း အတင်အချလွယ်ကူစေရန်နှင့် ကြွက်အန္တရာယ်ကာကွယ်နိုင်ရန်အတွက်  ကြမ်းခင်းအမြင့်သည် မြေပြင်မှ  အနည်းဆုံး (၃)ပေ   မြင့်ရပါမည်။ ကြွက်များမတက်စေရန်အတွက် ကြမ်းခင်းကို ဘေးဘက်များသို့ အစွန်းထုတ်ထားရန်နှင့် ကြမ်းခင်းကို အစိုမပြန်ရန် ရေ တားပစ္စည်းများကို ခင်း၍ အခင်းလောင်းရပါမည်။ ၀င်ပေါက် တံခါးမကြီးသည် လုံလောက်သော အကျယ်ရှိရမည်ဖြစ်ပြီး၊ အင်းဆက်ဖျက် ပိုးများ ၀င်ရောက်မှုကို ကာကွယ်ရန်နှင့် အဆိပ်ငွေ့မှိုင်းတိုက်ရာတွင် လွယ်ကူမှုရှိစေရန် နံရံနှင့် အမိုးကြားတွင် အပေါက်များလုံးဝမရှိစေဘဲ လုံခြုံနေရပါမည်။ သိုလှောင်ရုံအမိုးကိုလည်း သံသတ္ထုအမိုးပြားများ၊ ဘိလပ်မြေအမိုးပြားဖြင့် မိုးရန်လည်းလိုအပ်ပြီး၊ ပြူတင်းပေါက်များ ကို လည်း လေ၀င်လေထွက် လိုအပ်ပါက ဆောင်ရွက်နိုင်ရန် အင်းဆက်ဖျက်ပိုးများ မ၀င်ရောက်နိုင်ရန် နှင့် အဆိပ်ငွေ့မှိုင်းတိုက်ရာတွင်လည်း လွယ်ကူမှုရှိစေရန်အတွက် စေ့စပ်လုံခြုံရန်လိုအပ်ပါသည်။

(က) အိတ်ဖြင့် သိုလှောင်ရာတွင် အဆောက်အဦး၏ ပြည့်စုံရမည့်အချက်များ

–  ရေ၊ မိုးရေ မ၀င်ရောက်နိုင်သော အခြေအနေဖြစ်ရပါမည်။

– အင်းဆက်ဖျက်ပိုး၊ ကြွက်၊ ကြက် ငှက်များ မ၀င်ရောက်နိုင်စေရပါ။

– အလွယ်တကူသန့်ရှင်းရေးဆောင်ရွက်နိုင်ရန် အခင်းကြမ်းပြင်နှင့် နံရံတို့သည် ချောမွေ့ရပါမည်။

– ခေတ်မီဂိုဒေါင် သိုလှောင်ရုံများသည် အတွင်းတိုင်ပျောက်ဖြစ်ရပါမည်။ အိတ်များစီထပ်ပုံရာတွင် စနစ်တကျနှင့် စီတန်းမှုရှိစေခြင်း၊ သိုလှောင်နိုင်မှုပမာဏလျော့နည်းမှုမရှိစေခြင်းနှင့် ပိုးမွှားကာကွယ်နှိမ်နင်းရာတွင် ခက်ခဲမှုမရှိစေခြင်းတို့အတွက် ဖြစ်ပါသည်။

– ရေထုတ်လွယ်ကူသော နေရာမျိုးဖြစ်ရမည်ဖြစ်ပြီး ရေထုတ်မြောင်းများရှိရပါမည်။

– သယ်ယူပို့ဆောင်ရေးအတွက် ၀င်ထွက်နိုင်သောလမ်းများရှိရပါမည်။

– လုပ်ငန်းဆောင်ရွက်ချိန်နှင့် အခြားလိုအပ်သော အချိန်တွင် လေ၀င် လေထွက် ကောင်းစွာဆောင်ရွက်နိုင်မည့် အခြေအနေရှိရပါမည်။

(ခ) လေလွင့်ဆုံးရုံးမှုလျော့နည်းစေရန် ဆောင်ရွက်ရမည့်အချက်များ

(၁) သိုလှောင်ခြင်းမပြုမီ အခင်းကြမ်းပြင်၊ နံရံ၊ မျက်နှာကျက်စသည်တို့ကို သန်ရှင်းရေး ဆောင်ရွက်ပြီး ဆေးဖျန်းပါ။   လေ၀င်လေထွက် ရှိစေရန် ပြူတင်းတံခါးများ ဖွင့်ပေးထားပါ။

(၂) သိုလှောင်မည့်စပါးသည် သန့်စင်မှုရှိပြီး သိုလှောင်ရန်စိတ်ချရသော အစိုဓာတ်ပါဝင်မှု အဆင့်ထိခြောက်သွေ့ရပါမည်။

(၃) သိုလှောင်ထားသော စပါးအိတ်များကို ပထမ၀င်၊ ပထမထွက် စနစ်ကို သုံးရပါမည်။

(၄) သိုလှောင်ထားသော စပါးများအား ကြွက်၊ ငှက်၊ ပိုးမွှားများ ဖျက်ဆီး ကျရောက်မှုရှိ မရှိ ကို ပုံမှန်စစ်ဆေးမှုများပြုလုပ်ရပါမည်။

(၅) သိုလှောင်ရုံ၏ အမိုး၊ နံရံများအား မိုးရေ၀င်ရောက်နိုင်မှု ရှိ၊ မရှိ မကြာခဏ စစ်ဆေးပါ။ တွေ့ရှိပါက ချက်ချင်းလုံခြုံအောင် ဆောင်ရွက် ရပါမည်။

(၆) လေ၀င်လေထွက်ကောင်းမွန်စေရန် စီထပ်ထားသော အိတ်အပုံများသည် နံရံမှလည်းကောင်း၊ တစ်ပုံနှင့် တစ်ပုံသည် လည်းကောင်း၊ (၃)ပေ ကွာဝေးရပါမည်။

(၇) စီထပ်ထားသော အိတ်များ အစိုဓာတ်ရေငွေ့မရိုက်စေရန် သစ်သားခုံများပေါ်တွင် စီထပ်ထားရပါမည်။

(၈) ပိုးမွှားကျရောက်မှု ကင်းစင်သော စပါးအိတ်များနှင့် တိုက်ခိုက်ခံခဲ့ရသော စပါးအိတ်များကို သိုလှောင်ရုံတစ်ခုအတွင်း အတူမသို   လှောင်ရပါ။ သီးခြားသိုလှောင်ရုံတွင် သိုလှောင်ထားရပါမည်။

(၉) ပိုမွှားဖျက်ဆီးခံထားရသော စပါးစေ့များကို သိုလှောင်ရုံနှင့် ဝေးသော နေရာတွင် မီးရှို့ခြင်း၊  မြေမြှပ်ခြင်းများကို ဆောင်ရွက်ပါ။

(၁၀) သိုလှောင်ထားသောစပါးများ အပူဓာတ်တက်မလာစေရန်အတွက် လေ၀င်လေထွက် အမြဲရှိဆောင်ဆောင်ရွက်ထားရပါမည်။

(၁၁) သိုလှောင်ထားသော စပါးများအင်းဆက်ပိုးများ ကျရောက်ဖျက်ဆီးမှုလက္ခဏာ တွေ့ရှိရပါက ဆေးဖျန်းခြင်း၊ အဆိပ်ငွေ့မှိုင်းတိုက်ခြင်း များကို ချက်ချင်းဆောင်ရွက်ပါ။

(၁၂) သိုလှောင်ရုံအတွင်း ကြမ်းပြင်နှင့် စီထပ်ထားသော အိတ်များပေါ်တွင် ကြွက်ချေးနှင့် ကြွက်ချေးရာများ၊ ငှက်ချေးများတွေ့ရှိပါက ကာကွယ်နှိမ်နင်းခြင်း နည်းလမ်းတစ်ခုခုဖြင့် နှိမ်နင်းပါ။

(၁၃) ကြွက်၊ ငှက် ၀င်ရောက်နိုင်သော လမ်းကြောင်းများကို ရှာဖွေ၍ ပိတ်ဆို့ပါ။

(၁၄) အသေဖမ်း၊ အရှင်ဖမ်း ထောင်ချောက်များ အသုံးပြု၍ သိုလှောင်ရုံအတွင်း ကြွက်၊ ငှက်များ လုံးဝမရှိအောင် ဆောင်ရွက်ပါ။

(၁၅) မျှားစာများ အသုံးပြု၍ ကြွက်ဆေးများဖြင့် နှိမ်နင်းပါ။

(၁၆) ငှက်များ မ၀င်ရောက်နိုင်စေရန် ပြူတင်းပေါက်များတွင် သံဇကာများ၊ ပိုက်များ၊ တပ်ဆင်ထားပါ။

Pissaya_Info

 

 

The post စပါး သို့မဟုတ် ဆန်ကို အိတ်ဖြင့်သိုလှောင်ခြင်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>