Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

ေ⁠ပြာင်းဖူးစိုက်ပျိုးနည်းများ⁠နှင့် အသုံးဝင်ပုံအေ⁠ကြာင်း (အပိုင်း-၁)

$
0
0

ပြောင်းဖူး

အင်္ဂလိပ်အမည် – Maize or Corn

ရုက္ခဗေဒအမည် – Zea mays

မျိုးရင်း – Gramineae

မူရင်းဒေသ – မက္ကဆီကို

 

 ပြောင်းဖူး အမျိုးအစား ခွဲခြားခြင်း

အဓိကအားဖြင့် ‘ဖူးစားပြောင်း’ နှင့် ‘အစေ့ထုတ်ပြောင်း’ ဟူ၍ ရှိသည်။ ဖူးစားပြောင်းတွင် ပြောင်းစေးခေါ် ဖယောင်းပြောင်း၊ သကြား   ပြောင်းခေါ် နိုင်လွန်ပြောင်း၊ ကော်ပျော့ပြောင်းခေါ် ကော်ပွပြောင်းတို့ ပါဝင်ပြီး အစေ့ထုတ်ပြောင်းတွင် ကော်မာပြောင်း၊ ထိပ်ခွက်နှင့် တစ်ဝက်တပျက် ထိပ်ခွက်ပြောင်း၊ ပေါက်ပေါက်ပြောင်းတို့ ပါဝင်ကြသည်။ ပြောင်းစေးခေါ် ဖယောင်းပြောင်း၏ အစေ့အတွင်းစာ အထဲ တွင် အမိုင်လို ပက်တင်ဓာတ်တို့နှင့်သာ ဖွဲ့စည်းထားသည်။ ရှမ်းပြောင်း၊ ပအိုဝ်ပြောင်း၊ ၀က်သားဆီ၊ စားအိုးကြီး၊ ငပြာရင်၊ ပြလို့၊ ချိန်နီ၊ ဗိုလ်ကတော်လည်ညိတ်တို့သည် ဒေသအခေါ်ဖြစ်ပြီး ၄င်းအမျိုးအစားများ ဖြစ်ကြသည်။

‘သကြားပြောင်း’ ခေါ် နိုင်လွန်ပြောင်း၏ အစေ့ထဲတွင် ကစီဓာတ်ထက် သကြားဓာတ် ပါဝင်မှုက ပိုများသဖြင့် အရသာချိုသည်။ နိုင်လွန်   ပြောင်းသည် ၄င်းအမျိုးအစား ဖြစ်သည်။ ‘ကော်ပျော့ပြောင်း’ ခေါ် ‘ကော်ပွပြောင်း’ ၏ အစေ့ထဲတွင် ကစီအပျော့စား ပါဝင်မှုများသည်။   ပြောင်းဝါလေး၊ ပုပ္ပားနဂါးလည်၊ ငဖြူရင်၊ သူတော်ဖြူတို့သည်ဒေသအခေါ်ဖြစ်ပြီး ၄င်းအမျိုးအစားဖြစ်ကြသည်။ ‘ကော်မာပြောင်း’ ၏ အစေ့ထဲတွင် ကစီအမာစား ပါဝင်မှုများသည်။ အစေ့အရောင်ဝါ၍ တင်းပြောင်နေသည်။ ဟင်္သာတပြောင်းဝါ၊ ယောပြောင်းဝါ၊ တပ်ကုန်း   ပြောင်းဝါ၊ တောင်တွင်းပြောင်းဝါ အောင်လံပြောင်းဝါ၊ ရွှေဝါ ၃၊ ရွှေဝါ ၄၊ သရက်ချောင်းပြောင်းဝါ၊ ဗိန့်ပြောင်းဖြူတို့သည် ၄င်းအမျိုးအစား   ဖြစ်ကြသည်။ ‘ထိပ်ခွက်နှင့် တစ်ဝက်တပျက် ထိပ်ခွက်ပြောင်း၏ အစေ့ထဲတွင် ကစီအမာစားများ ပါဝင်မှုများပြီး ကစီအပျော့စားသည် အစေ့၏ ထိပ်ဘက်၌ ရှိသည်။ အစေ့ရင့်မှည့်သော် ကစီအပျော့စားတို့ ခြောက်သွားသဖြင့် အစေ့ထိပ်ဘက်သည် လုံးလုံးသော်လည်း   ကောင်း၊ တစ်ဝက်တပျက်သော်လည်းကောင်း ခွက်သွားသည်။ အမေရိကန် ၂၊ တီစီ ၅၊ တရုတ်ပြောင်းဝါ၊ ယူပီစီအော၊ တပ်ကုန်းစပ်မျိုး ၁၊ ရွှေဝါ ၁၊ ရွှေဝါ ၂ တို့သည် ၄င်းအမျိုးအစား ဖြစ်ကြသည်။ ‘ပေါက်ပေါက်ပြောင်း’ ၏ အစေ့အရွယ်အစားသည် သေးငယ်ပြီး အစေ့တစ်ခု လုံးတွင် ကိုယ်စီအမာစားချည်းသာ ပါဝင်သည်။ ၄င်း အမျိုးအစားပြောင်း၏ အမည်ရင်း မှာလည်း ပေါက်ပေါက်ပြောင်းပင် ဖြစ်သည်။

 

ဖူးစားပြောင်းစိုက်ပျိုးနည်း

ဖူးစားပြောင်းကို စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းနှင့် ပဲခူးတို့တွင် မိုးရာသီနှင့် ဆောင်းရာသီ နှစ်ချိန်စလုံးတွင် စိုက်ပျိုးပြီး ရှမ်းပြည်နယ်တွင် မိုးရာသီတွင် စိုက်ပျိုးကြသည်။ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ကိုင်းမြေ၊ ကျွန်းမြေများနှင့် ရေသွင်းနိုင်သော   မြစ်ချောင်းအနီး တို့တွင် စိုက်ပျိုးကြသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ကော်ပျော့နှင် ပြောင်းစေးတို့ကို စားပြောင်းဖူးအဖြစ် စိုက်ပျိုးသည်။ (၁၉၆၀) ခုနှစ် နောက်ပိုင်းတွင် သကြားပြောင်းကို နိုင်ငံခြားမှ အနည်းအကျဉ်း တင်သွင်းစိုက်ပျိုးသည်။ ယခုအခါ သကြား ပြောင်းကို ကျယ်ပြန့်စွာ စိုက်ပျိုးလာကြသည့်အပြင် ပြောင်းဖူးနု (Baby Corn) အဖြစ်နှင့်ပင် စိုက်ပျိုးရောင်းချကြ သည်။ မိုးရာသီဖူးစားပြောင်းကို ယာမြေများတွင် လည်းကောင်း၊ ဆည်ရေသောက် လယ်မြေများတွင် စပါးမစိုက်မီ မိုးဦးကျစတွင်လည်းကောင်း စိုက်ပျိုးသည်။ အညာဒေသတိုင်းဒေသ ကြီးများတွင် ဆောင်းရာသီ ဖူးစားပြောင်းကို ကိုင်းမြေ၊ ကျွန်မြေများတွင် အောက်တိုဘာလ ရေကျသည့်အခါ စတင်စိုက်ပျိုးသည်။

မြေပြုပြင်နည်း နှင့် မြေသြဇာကျွေးနည်း

မြေပြုပြင်နည်းနှင့် မြေသြဇာကျွေးနည်းတို့မှာ အစေ့ထုတ်ပြောင်းဖူး စိုက်ပျိုးနည်းအတိုင်း ဖြစ်သည်။ ဖူးစားပြောင်းမျိုးများသည် သက်တမ်း (၇၅) ရက်မှ (၉၀) ရက်ခန့်သာ ရှိသဖြင့် အရွက်အရေအတွက်နည်းပြီး အပင်ရပ်လည်း (၆) ပေခန့်သာ ရှိသည်။ ထို့ကြောင့် အတန်း၊ အပင်အကွာအဝေး (၁၈×၁၂) လက်မ ထားပြီး စိုက်ရသည်။ ဤအကွာအဝေးဖြင့် စိုက်လျှင် တစ်ဧကတွင် အပင်ဦးရေ (၁၉၀၄၀) ၀င်ဆန့်သည်။

ရိတ်သိမ်းခြင်း

အပင်ပေါက်ပြီးနောက် ပြောင်းဖူးမျိုးများ၏ သက်တန်းကိုလိုက်၍ (၄၅) ရက် မှ (၅၅) ရက်အကြာတွင် ချိုးယူရိတ်သိမ်းနိုင်သည်။   ပြောင်းဖူး ပင်သည် သက်တမ်းကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ကြိုးပဲ့ပျက်စီးတတ်သဖြင့် ရိတ်သိမ်းချိန်တွင် အပင်ဦးရေ (၈၅%) ခန့်သာ ရတတ်သည်။ ချိုးယူမည့် အဆင့်မှာ နို့ရည်ခဲစ(Dough stage) အချိန်သည် အကောင်းဆုံးဖြစ်သည်။

ပြောင်းဖူးနု ( သို့မဟုတ် ) ဟင်းစားပြောင်းစိုက်ပျိုးနည်း

ပြောင်းဖူးအမပွင့်သို့ ၀တ်မှုန့်များမကျမီ သို့မဟုတ် အဖိုမှုန့်များဖြင့် မျိုးမကူးစပ်မီ မြိတ်ဆာထွက်စအဆင့်တွင် ရှိသေးသော အမပန်းပွင့် ရှိသော အဖူးကို ပြောင်းဖူးနု ( သို့မဟုတ် ) ဟင်းစားပြောင်း (Baby Corn) ဟု ခေါ်ဝေါ်ကြသည်။ ယင်းပြောင်းဖူးနုများကို တရုတ်၊ ထိုင်ဝမ်၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့နှင့် တောင်အမေရိကတိုက်ရှိ နိုင်ငံအချို့တွင် လွန်ခဲ့သော ဆယ်စုနှစ်များစွာကပင် ဟင်းသီးဟင်းရွက်အဖြစ် စားသုံး ကြသည်။ ယခုအခါ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုးရီးယား၊ ထိုင်းတို့တွင် အများအပြား စားသုံးလာကြ သည်။ မြန်မာနိုင်ငံတွင် လည်း  လွန်ခဲ့သော ဆယ်စုနှစ်လောက်ကပင် စတင်စားသုံးလာကြရာ ယခုအခါ စားသောက်ဆိုင်ကြီးများ၊ ဟိုတယ်များတွင် အစိမ်း အကြော်အဖြစ် စားသုံးကြသည်။

ကမ္ဘာ့နိုင်ငံများအနက် ပြောင်းဖူးနုစိုက်ပျိုးသော နိုင်ငံများမှာ ထိုင်းနိုင်ငံ၊ ကွာတီမာလာ၊ တောင်အာဖရိက၊ ဇန်ဘီယာနှင့် ဇင်ဘာဘွေနိုင်ငံ များ ဖြစ်သည်။ အခြားနိုင်ငံများတွင်လည်း ပြောင်းဖူးနုကို စက်မှုကုန်ကြမ်း သီးနှံအဖြစ် တိုးတက်ထုတ်လုပ်ကြသဖြင့် တောင်သုများတွင် ကြားဖြတ်ဝင်ငွေ ရရှိကြသည်။ ပြောင်းဖူးနုကို ဟင်းသီးဟင်းရွက်အဖြစ် စားသုံးသည့်အပြင် စည်သွပ်ဘူး အစားအစာပြုလုပ်ကာ နိုင်ငံခြား သို့ တင်ပို့ရောင်းချ ကြသည်။ ထိုင်းနိုင်ငံသည် အများဆုံး စိုက်ပျိုးထုတ်လုပ်ပြီး ပြည်ပသို့ စည်သွပ်ဘူးအဖြစ် တင်ပို့သည်။

ပြောင်းဖူးနုစည်သွပ်ဘူးကို တင်သွင်းသော နိုင်ငံများမှာ အင်္ဂလန်၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဒိန်းမတ်၊ ဆော်ဒီအာရေဘီးယား၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဂျပန်၊ ဟောင်ကောင်၊ စင်ကာပူ၊ နယူးဇီလန်၊ သြစတေးလျ နှင့် မလေးရှားနိုင်ငံတို့ ဖြစ်သည်။

ပြောင်းဖူးနု စိုက်ပျိုးနည်း

မြေပြုပြင်နည်းမှာ အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း စိုက်ပျိုးနည်းများကဲ့သို့ပင် ထယ်ရေးနက်နက်နှင့် ထွန်ရေးမှုန့်ညက်အောင်  ပြုပြင် ရသည်။ နောက်ဆုံးထွန်မမွှေမီ တစ်ဧကလျှင် ယူရီးယား(၁၈၆) ပေါင်၊ တီစူပါဖော့စဖိတ် (၅၆) ပေါင်နှင့် မြူရိတ်အော့ဖ်ပိုတက်ရှ် (၂၈) ပေါင် တို့ကို ညီညာပြန့်နှံ့စွာ ကျဲပက်ပြီး ထွန်မွှေကာ ကြမ်းတုံးဖြင့် ညှိပေးရသည်။ ၎င်းနောက် လက်မ (၂၀) ကျယ်သော စိုက်ကြောင်းများကို   လေးကွက်ကြား ဆွဲရသည်။ ထိုအခါ တစ်တန်းနှင့်တစ်တန်း (၂၀) လက်မ၊ တစ်ကျင်းနှင့် တစ်ကျင်း (၂၀) လက်မ ကွာဝေးမည်   ဖြစ်သည်။ ၎င်းနောက် စိုက်ကြောင်းနှစ်ကြောင်းဆုံရာတွင် ပြောင်းဖူးစေ့ (၄-၅) စေ့ထည့်ပြီး မြေဖုံးအုပ်ကာ ကြမ်းတုံးဖြင့် ဖုံးပေးရသည်။မျိုးပေါက်ကောင်းမွန်ပါက (၃-၄) စေ့ ထည့်လျှင် လုံလောက်သည်။

 

ပြောင်းဖူးနု သို့မဟုတ် ဟင်းစားပြောင်းစိုက်ပျိုးရာတွင် အသုံးပြုရမည့်ပြောင်းဖူးမျိုးများ

ပြောင်းဖူးမျိုးအုပ်စုများအနက် ကော်ပျော့ပြောင်း၊ ပြောင်းစေး၊ သကြားပြောင်းနှင့် ကော်မာပြောင်းဖူးများကို အသုံးပြု၍ ပြောင်းဖူးနု ထုတ် လုပ်ရန် စိုက်ပျိုးနိုင်သည်။ သို့သော် ၎င်းမျိုးများအနက် သကြားပြောင်းသည် အကောင်းဆုံးဖြစ်ပြီး ကော်ပျော့နှင့် ပြောင်းစေးတို့မှာ ဒုတိယ အကောင်းဆုံး ဖြစ်သည်။ ၎င်းမျိုးများမရနိုင်မှ ကော်မာပြောင်းမျိုး၊ ထိပ်ခွက်ပြောင်းမျိုးတို့ကို အသုံးပြုနိုင်သည်။

အပင်ပေါက်ပြီးနောက် (၇-၁၅) ရက်ကြာလျှင် တစ်ကျင်းတွင် သန်စွမ်းကောင်းမွန်သော အပင်(၃) ပင်ချန်ပြီး ကျန်အပင်များကို နှုတ်ပစ်ရ ပါမည်။ ထိုအခါ တစ်ဧကတွင် အပင်(၄၇၀၄၄) ပင် ၀င်ဆန့်မည် ဖြစ်သည်။ ပေါင်းရှင်းခြင်း၊ မြေဆွခြင်းတို့ကို အပင်ခွဲသည့်နေ့တွင် ပင်   ပြုလုပ်ရသည်။ အပင်ပေါက်ပြီးနောက် (၄၅) ရက်ကြာသောအခါ အဖိုနှံများကို နှုတ်ပယ်ရသည်။ အသုံးပြုသောမျိုး၏ သက်တမ်း ကို လိုက်၍ အဖိုနှံနှုတ်ပယ် ရမည့်ရက်ကို ပုံသေမှတ်မထားသင့်ပေ။ သက်လျင်မျိုးဖြစ်လျှင် အပင်ပေါက်ပြီး နောက် ရက်(၄၀) အကြာလောက် တွက် အဖိုနှံကို နှုတ်ပေးရမည်။ အကောင်းဆုံးမှာ အပင်ထိပ်ဖျားအရွက်ကြားမှ အဖိုနှံများ ထွက်ပြူစတွင် နှုတ်ပယ်ပစ်လျှင် ပို၍ စိတ်ချ ရ သည်။ ဤသို့ အဖိုနှံကို စော၍ နှုတ်ပယ်ခြင်းဖြင့် အမပွင့်ဖြစ်သော ပြောင်းဖူးနု ကြီးထွားမှုကို ပို၍ လျှင်မြန်စေသည်။ အဖိုနှံ နှုတ်ပြီးနောက် (၃) ရက်မှ (၅) ရက် အကြာအတွင်း ပြောင်းဖူးနု၏ အရှည်(၉) စင်တီမီတာ၊ အချင်း (၁.၀ မှ ၁.၅) စင်တီမီတာ၊ ပြောင်းဖူးထိပ်တွင် ထွက်   သော မြိတ်ဆာ(၃) စင်တီမီတာ ခန့်ရှိလာပေမည်။ ထိုအဆင့်တွင် ပြောင်းဖူးနုကို ချိုးယူနိုင်သည်။ ပြောင်းဖူးတစ်ပင်မှ အခွံဖြင့် တစ်ဧက လျှင် ပြောင်းဖူးနု (၂) တန် မှ (၂.၅) တန်နှုန်း ထွက်သည်။ ၎င်းကို အခွံလွှာသည့်အခါ ပြောင်းဖူးနု(၁၅%) မှ (၁၈%) အထိ ထွက်သည်။ ထို့ကြောင့် (၂) တန်နှုန်းဖြစ်လျှင် တစ်ဧကမှ အခွံလွှာပြီး ပြောင်းဖူးနု (၀.၃) တန်မှ (၀.၃၆၄) တန် ထွက်သည်။ အခွံဖြင့် (၂.၅၀) တန်နှုန်း ထွက်ပါက ပြောင်းဖူးနု (၀.၃၈) မှ (၀.၄၅) တန် ထွက်သည်။ ကြီးကြပ်ကွပ်ကဲမှု ကောင်းပါက လုပ်ချိန် (၈) နာရီ အတွင်း အခွံအုပ်ပြောင်းဖူးနု (၂) တန်ရအောင် ချိုးယူနိုင်သည်။

ပြောင်းဖူးနု တစ်ပိဿတွင် (၁၉၆) ဖူးမှ (၂၄၅) ဖူးအထိ ပါဝင်သည်။ မြန်မာနိုင်ငံတွင် သက္ကရာဇ် (၂၀၀၀-၂၀၀၁) ခုနှစ်တွင် ဖောက်သည်ဈေး တစ်ဖူးလျှင် (၂) ကျပ်နှုန်း အနည်းဆုံးရှိသည်။ လက်လီဈေး (၃) ကျပ်မှ (၅) ကျပ်အထိ ရှိသည်။ ( အချိန်ကာလအလိုက် ဈေးနှုန်း အပြောင်း အလဲ ရှိနိုင်ပါသည် ) ထို့ကြောင့် တစ်ပိဿာလျှင် လက်ကားဈေး (၃၉၂) ကျပ်မှ လက်လီဈေး (၅၈၀) ကျပ် အနည်းဆုံး ရှိသည်။ စနစ်တကျ စိုက်လျှင် အနည်းဆုံး တစ်ဧကမှ ပိဿာ (၁၂၀၀)၊ ပြောင်းဖူး (၉၄၀၀၀) ခန့် ရနိုင်သည်။ စပါးစိုက်ပျိုးသော တောင်သူများအား ပဲနှင့် ဆီထွက် သီးနှံ မစိုက်ပျိုးနိုင်သော လယ်မြေများတွင် ပြောင်းဖူးနု စိုက်ပျိုးထုတ်လုပ်စေသင့်သည်။ ဤသို့ စိုက်ပျိုးစေခြင်းဖြင့် လယ်သမားတစ်ဦးသည် (၄၅-၅၀) ရက် အတွင်း ကြားဖြတ်ဝင်ငွေ မြောက်များစွာ ရနိုင်သည်။ စပါးအခြေခံသော သီးနှံစိုက်ပျိုးရေးစနစ်တွင် စပါး-ပြောင်းဖူးနု သီးနှံပုံစံတစ်ခုကို ထည့်သွင်းသင့်သည်။ မြန်မာနိုင်ငံရှိ စည်သွပ်ဘူးထုတ်လုပ်သော စက်ရုံများနှင့် ဆက်သွယ်ညှိနှိုင်း စိုက်ပျိုးလျှင် ပြောင်း ဖူးနု ဈေးကွက်ကို ပိုမိုကျယ်ပြန့်ပေမည်။

စိုက်ပျိုးသုတ ပစ္စယ

The postေ⁠ပြာင်းဖူးစိုက်ပျိုးနည်းများ⁠နှင့် အသုံးဝင်ပုံအေ⁠ကြာင်း (အပိုင်း-၁) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>