မြေပြုပြင်နည်း
ဆောင်းရာသီ ပြောင်းဖူးကို ကိုင်း၊ မြေနှင့် မြေနုကျွန်းပေါ်များတွင် အများအပြားစိုက်ပျိုးကြပါသည်။ လယ်မြေနှင့် ယာမြေတို့တွင် စိုက်ပျိုး မှုမရှိ သလောက်ပင်ဖြစ်သည်။ အောက်တိုဘာလ မြစ်ရေကျစတွင် ကိုင်းမြေ၌ အစေ့ထုတ်ပြောင်းသာမက ဖူးစားပြောင်းကိုပါ စတင် စိုက်ပျိုးသည်။ မြေနုကျွန်းပေါ်လာသောအခါ ယင်းမြေများပေါ်၌ ဆက်လက်စိုက်ပျိုးသည်။ မြေအမျိုးအစားမှာ နုန်းမြေနှင့် နုန်းသဲ မြေများ ဖြစ်၍ ထယ်ထိုးရာတွင် အလွန်လွယ်ကူသည်။
ထယ်ထိုးပြီးနောက် ထယ်စာခဲများထိပ်မွေးစပြုချိန်တွင် လေးသွားထွန် (၁-၂) စပ်မွေပြီး သံချွန်များထပ်ထားသော ဒလိမ့်တုံးဖြင့် ခဲချေပေး သည်။ ၄င်းနောက် လိုအပ်လျှင် လိုအပ်သလို လေသွား၊ ၇ သွားထွန်တို့ဖြင့် ထွန်ယက်ခြင်း၊ အမှိုက်များခြစ်ထုတ်ခြင်းတို့ကို ပြုလုပ်သည်။ ထွန်ရေးမှုန့်သည့်အခါ ကြမ်းတုံးရိုက်ပြီး မြေညှိရသည်။ မြေနုကျွန်းများသည် မြေမွများဖြစ်၍ သံချွန်များထပ်ထားသော ဆူးလုံးဒလိမ့်တုံး (Spike roller) ဖြင့်ပင် ထယ်စာခဲများပေါ်တွင် မောင်းပေးလျှင် ကြေမွသွားသည်။ သို့သော် မြေသား၏ ပွမှု၊ စေးမှုကြည့်ပြီး သင့်လျှော် သလို ခဲချေးပေးရသည်။
စိုက်ပျိုးနည်း
မြေတွင်းအစိုဓါတ်ကောင်းသော မြေဖြစ်ပါက (၃၀ × ၉) လက်မ အကွာအဝေးဖြင့် တစ်ဧကတွင် အပင် (၂၃၂၃၂) ပင် ၀င်အောင်စိုက်နိုင် သည်။
အစိုဓါတ် အသင့်အတင့်သာ ထိန်းနိုင်သောမြေတွင် အပင်ဦးရေ များစွာစိုက်ပါက အပင်မှရေငွေ့လွင့်သွားမှုများပြီး ရေငတ်ဒဏ်ခံရတတ် သည်။ အကယ်၍ ကျွန်းပေါ်သို့ ရေစုတ်တင်နိုင်ပါက အပင်ရေ (၂၃၂၃၂) ပင်စိုက်နိုင်သည်။
အပင်ပြုစုနည်း
မြေသြဇာနှုန်းနှင့် ထည့်သွင်းနည်းတို့မှာ မိုးရာသီပြောင်းဖူးစိုက်ပျိုးသည့်နည်း အတိုင်းဖြစ်သည်။ ဆောင်ရာသီတွင် စိုက်ပျိုးသော ပြောင်းဖူးသည် မိုးရာသီတွင် စိုက်ပျိုးသော ပြောင်းဖူးထက် သက်တမ်း (၁၀)ရက် (၁၅) ရက်ခန့် ပို၍ကြီးသည်။ မိုးရာသီတွင် သက်တမ်း (၉၅ – ၁၀၀)ရက် ရှိသော ပြောင်းဖူးသည် အောက်တိုလာလ လယ်ခန့် စိုက်ပျိုးသောအခါ ဖေဖော်ဝါရီလ ကုန်လောက်မှ ရင့်မှည့်သည်။
ရေသွင်းစိုက်ပျိုးနည်း
မြစ်ချောင်များ၊ ဆည်ရေသောက်ဒေသများရှိ ယာမြေ၊ ကိုင်းမြေ၊ လယ်မြေ တို့တွင် ပြောင်းဖူးကို ရေသွင်းစိုက်နိုင်သည်။ ထပ်ကုန်းဗဟိုခြံ၊ န၀င်းချောင်းဘေးရှိ ယာမြေများတွင် ဆောင်းရာသီ၌ ရေသွင်းစိုက်ပျိုးခဲ့ဘူးသည်။ မိုးသီးနှံရိတ်သိမ်းပြီးနောက် (၃) သွားစက်ထယ်ဖြင့် တစ်စပ်ထိုးပြီး အစိုဓါတ်သင့်တင့်မှု ရှိချိန်တွင် ၁၆-သွားထွန်ဖြင့် (၃-၄) စပ်ထိုးပေးသည်။ ၄င်းနောက် ကြမ်းတုံးဖြင့် မြေညှိကာ (၃၀ လက်မ) အကွာအဝေး စိုက်ကြောင်းများ ဆွဲပေးသည်။
၎င်းနောက် စိုက်ကြောင်းများအတွင်း၌ တုတ်တိုင်းဖြင့် ဖြစ်စေ၊ ကြိုးတိုင်းနှင့်ဖြစ်စေ တစ်ကျင်းလျှင် (၂)စေ့နှုန်းဖြင့် (၉)လက်မ အကွာ အဝေးစိုက်သည်။ ပြီးသည်နှင့် တစ်ပြိုင်နက် စိုက်တန်းများအကြား၌ ငါးသွားထပ်ထွန်ဖြင့် တစပ်မောင်းပြီး ဒုတိယအစပ်တွင် သံထွန် နောက်ဆုံးအသွားနေရာ၌ စွန်မြီးသွားတပ်၍ မောင်းရသည်။ ထိုအခါ အတန်းများစပ်ကြား၌ မြောင်းပုံစံဖြစ်ပြီး စိုက်တန်းများပေါ်တွင် မြေဘောင်အငယ်စားများဖြစ်ပေါ်နေသည်။ စိုက်တန်းများ ထိပ်တဘက်စီတွင် ထိပ်စီးမြောင်းများကို ထယ် သို့မဟုတ် ပေါက်တူးဖြင့် ပြုလုပ်ထားရသည်။
၎င်းချောင်းရေကို ရေစုတ်စက်ဖြင့် ထိပ်စီးမြောင်းများထဲသို့ စုပ်တင်ပြီး အတန်းများစပ်ကြားရှိ မြောင်းငယ်များထဲသို့ ရေလွှတ်ပေးသည်။ စိုက်တန်းဘောင်များ ရေမြုပ်သွားအောင် ရေမသွင်းမိရန် အထူးသတိပြုရမည်။ ဘောင်များရေမြုပ်သွားလျှင် မြေမျက်နှာပြင်မာသွားပြီး အပင်ပေါက် ညံ့တတ်သည်။ စိုက်တန်းကြားမြောင်းများ ရေပြည့်ရုံလောက်သာ သွင်းပေးလျှင် ဘောင်များပေါ်သို့ ရေစိမ့်တက်သွားမည်ဖြစ် သည်။
အစေ့များသည် စိမ့်တက်ရေဖြင့် ထိတွေ့သောအခါ အစို့ညှောင့်များ လွယ်ကူစွာပေါက်လာနိုင်ပါသည်။ အပင်ပေါက်ပြီးနောက် (၁၅-၂၀ ) ရက် ကြာလျှင် ရေတစ်ကြိမ်သွင်းပြီး အစိုဓါတ်သင့်တင့်မျှတမှုရှိသော အခါ ငါးသွားတံထွန် တစ်စပ်မောင်း၍ ပေါင်းသင်မြေဆွပေးရသည်။ အပင်ပေါက်ပြီးနောက် ( ၄၀-၄၅) ရက်သားရှိသည့်အခါ မြေမျက်နှာပေါ်တွင် ရေတင်သည်အထိ သွင်းပေးရသည်။ ဤအဆင့်သည် အဖို နှံနှင့် ပြောင်းဖူးမြိတ်ဆာများ (အမ ၀တ်ရည်တိုင်) ထွန်ချိန်ဖြစ်၍ အစိုဓါတ်အထူးလိုအပ်သော ကာလဖြစ်သည်။
မြေအစိုဓါတ်ခြောက်နေလျှင် ၀တ်မှုံကူးပြီးနောက် ရေတစ်ကြိမ်ပေးရန်လိုသည်။ အစိုဓါတ်ရှိနေပါက အစေ့ရင့်သည်အထိ ရေသွင်းရန်မလို တော့ပေ။ ရေသွင်းခြင်းကြောင့် ပြောင်းဖူးစေ့ (၈၀%) ခန့် ပိုထွက်သည်။ အမေရိကန် ပြည်ထောင်စု နီဘရာစကားတက္ကသိုလ် (University of Mebraska) မှ ဂျီဟန်ဝေး (D.G.Hancvay)၏ တွေရှိချက်အရ အစိုနှံအပြည့်အ၀ထွက်ချိန်တွင် ရေတစ်ကြိမ်သွင်းပေး လျှင် အစေ့ (၄၆%) အနှံထွက်စတွင် (၁၅) ရက်စီခြား၍ ရေ (၂)ကြိမ် သွင်းလျှင် (၆၂%) အနှံပြူစနှင့် အပြည့်အ၀ထွက်ချိန်တို့၌ ရေသွင်း ပေးလျှင် (၇၄%) သုံးကြိမ် သွင်းပေးလျှင် (၁၀၈%) အသီးသီး ပိုမို ထွက်ရှိကြောင်း ဖော်ပြထားသည်။ လက်တွေ့ ဆောင်ရွက်ရာတွင် အနှံထွက်ပြူစတွင် ရေကိုအလျှံပယ် တစ်ကြိမ်သွင်းပြီး ၀တ်မှုံကူးပြီး တစ်ပတ်အကြာ၌ရေတစ်ကြိမ်သွင်းလျှင် ပြောင်းဖူးစေ့ အထွက်နှုန်း အမြင့်ဆုံးကို ရနိုင်သည်။
Pissaya Info
The post ဆောင်းရာသီ ပြောင်းဖူးစိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.