ပေါင်းဆန်ပြုလုပ်ခြင်းနည်းစနစ်များ
ပေါင်းဆန်ပြုလုပ်ရာတွင် အောက်ဖော်ပြပါနည်းစနစ်များကို အများဆုံး အသုံးပြုကြပါသည်။
(၁) စပါးကို ကွန်ကရစ်ကန်၊ အုတ်ကန်ကြီးများတွင် ရေစိမ်ပြီး တိုင်ကီအိုးငယ်များ အသုံးပြု၍ ရေနွေးငွေ့ဖြင့် အပူပေးခြင်း။
(၂) စပါးကို သတ္ထုတိုင်ကီအသေးများတွင်ထည့်၍ ရေစိမ်ခြင်း၊ ရေနွေးငွေ့ပေးခြင်းကို ဘွိုင်လာမပါဘဲ ဆောင်ရွက်ခြင်း။
(၃) စပါးကို သတ္ထုတိုင်ကီအကြီးများတွင်ထည့်၍ ရေစိမ်ခြင်း၊ ရေနွေးငွေ့ပေးခြင်းများကို ဘွိုင်လာအသုံးပြု၍ ဆောင်ရွက်ခြင်း။
(က) အုတ်ကန်တွင် ရေစိမ်၍ အိုးငယ်များဖြင့် ရေနွေးငွေ့ပေးခြင်း
စပါးများကို ကွန်ကရစ်၊ အုတ်ကန်များတွင်ထည့်၍ ရေစိမ်ပြီး တိုင်ကီ၊ အိုင်ငယ်များတွင် ရေနွေးငွေ့ပေးခြင်းဖြင့် ပေါင်းဆန်ပြုလုပ်ခြင်းကို အများဆုံးအသုံးပြုကြသည်။ ကွန်ကရစ်၊ အုတ်ကန်ကြီးများတွင် ရေအေး သို့မဟုတ် ရေပူဖြင့် ရေစိမ်ပြီး သတ္ထု သို့မဟုတ် ကွန်ဂရစ်တိုင်ကီ ကန်များတွင် ရေနွေးငွေ့ပေးခြင်းကို ဆောင်ရွက်ပါသည်။ ထို့နောက် စပါးအစိုများကို လှန်းတလင်းကျယ်များတွင် လည်းကောင်း၊ စက်ကိရိယာများ အသုံးပြု၍လည်းကောင်း အခြောက်ခံကြပါသည်။
ရေစိမ်ကန်များကို ကွန်ကရစ် သို့မဟုတ် အုတ်ဖြင့်ပြုလုပ်ကြပြီး လုပ်ငန်းပမာဏပေါ်မူတည်၍ အရွယ်အစားအမျိုးမျိုးရှိသော်လည်း အများ ဆုံး အသုံးပြုသော အရွယ်မှာ (၈)ပေ အကျယ်၊ (၁၀)ပေအရှည်၊ (၇)ပေအမြင့်ဖြစ်ပြီး စပါး (၃၃၅)တင်း ရေစိမ်နိုင်ပါသည်။ အမြင့် (၇) ပေဖြစ်သော်လည်း စပါးရေစိမ်လျှင် ပွလာမည်ဖြစ်သဖြင့် (၅.၆) ပေအမြင့် အထိသာ စပါး အခြောက်ကို ထည့်ရပါမည်။
ရေစိမ်ကန်များကို ရေထုတ်လွယ်ကူစေရန်အတွက်ကြမ်းခင်းကို မြေပြင်အထက်တွင် ရှိစေရပါမည်။ ကန်ထဲသို့ စပါးထည့်ရာတွင် လည်းကောင်း၊ ကန်ထဲမှ စပါးထုတ်ရာတွင်လည်းကောင်း၊ လူလုပ်အားဖြင့်သာ ဆောင်ရွက်ကြပြီး ထည့်ရာတွင် လွယ်ကူသော်လည်း ပြန်ထုတ်ရာတွင် စပါးများပူ၍ စိုနေခြင်းကြောင့် ခက်ခဲပါသည်။
ရေအေးဖြင့် စိမ်ခြင်းတွင် ကန်ထဲသို့ စပါးများဖြည့်ပြီးပါက ရေကိုထည့်ပါ။ ရာသီဥတု အခြေအနေမပေးသဖြင့် နေမလှန်းရပါက ရေစိမ်ခြင်းကို (၃၆-၄၈) နာရီ ဆောင်ရွက်ပါ။ ထိုကဲ့သို့ ရေစိမ်ထားစဉ်အတွင်း အချို့သော သက်ရှိငယ်များလှုပ်ရှားမှုရှိလာသဖြင့် ကာဗွန် ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များထွက်လာခြင်းကြောင့် ပလုံစီလာပြီး အနံ့ဆိုးများထွက်လာပါသည်။ ဆန်သားတွင်ပါဝင်သော ကစီ ဓာတ်ကြောင့်လည်း အချဉ်ပေါက်၍ အနံ့ဆိုးများကိုဖြစ်စေပါသည်။ စပါးကိုရေစိမ်ရာတွင် တစ်သုတ်ပြီးတိုင်း ရေဟောင်းများကို ပြန် မသုံးဘဲ ဖောက်ထုတ်ရပါမည်။ အကယ်၍ ရေစိမ်ကန်အား ပုံမှန်မဆေးကြောခြင်း၊ ရေဟောင်းများကို ပြန်လည်အသုံးပြုပါက အနံ့ အ သက်များ ပို၍ဆိုးလာပြီး ဆန်အရည်အသွေးနှင့် ရောင်းဈေးပါ ကျဆင်းလာပါသည်။
ရေပူဖြင့် ရေစိမ်ခြင်းတွင် ကန်ထဲသို့ စပါးများထည့်ပြီးနောက် (၆၀-၆၅) ဒီဂရီစင်တီရိတ်ရှိသော ရေပူကို အသုံးပြု၍ ရေစိမ်ပါမည်။ ရေပူ အသုံးပြု၍ ရေစိမ်ခြင်းဖြင့် ရေစိမ်ကြာချိန်နှင့် အနှံ့ဆိုးဖြစ်ပေါ်မှုကို လျော့ကျစေပါသည်။
ရေစိမ်ခြင်းပြီးပါက ရေနွေးငွေ့ဖြင့် အပူပေးခြင်းကို တိုင်ကီများတွင်ထည့်၍ ဆောင်ရွက်ကြပါသည်။ တိုင်ကီများကို စတီးသတ္ထုနှင့် ကွန်ဂရစ် တို့ဖြင့်ပြုလုပ်ကြပြီး စပါး (၁၈) တင်းဆံ့သော တိုင်ကီအရွယ်များကိုသာ အသုံးပြုကြပါသည်။ တိုင်ကီများကိုရေနွေးငွေ့ပိုက်များဖြင့် ဆက် သွယ်ထားပြီးစပါးများဖြင့်ဖြည့်ပြီးပါက အပေါ်ဖုံးကိုပိတ်၍ ရေနွေးငွေ့များဖြင့် အပူပေးပါသည်။ ရေနွေးငွေ့ပေးခြင်းကို (၁၅)မိနစ် ကြာမြင့် ပါက လုံလောက်မှုရှိပြီး စပါးများကို အပြင်သို့ ထုတ်ရပါမည်။ သတ္ထုတိုင်ကီများကို (၁၅)မိနစ်ကြာမြင့်ပါက လုံလောက်မှုရှိပြီး စပါးများကို အပြင်သို့ ထုတ်ရပါမည်။ သတ္ထုတိုင်ကီများကို အသုံးပြုပါက တိုင်ကီကိုစောင်း၍ ထုတ်နိုင်ရန်နှင့် ကွန်ကရစ်ကန်များကို အသုံးပြုပါက ကန်အောက်ခြေအခင်းအား အစောင်းပြုလုပ်ထားပြီး ထုတ်ပေါက်ပြုလုပ်၍ ထုတ်နိုင်ရန် ဒီဇိုင်းပြုလုပ်တည်ဆောက်ရပါမည်။ ရေနွေးငွေ့  ပေးပြီးစော စပါးများကို လက်တွန်းလှည်းဖြင့်သယ်၍ တလင်းများပေါ်တွင် ဖြန့်၍ လည်းကောင်း၊ စက်ကိရိယာများအသုံးပြု၍ လည်းကောင်း မြန်နိုင်သမျှ မြန်အောင်အခြောက်လှန်းရပါမည်။
၎င်းဂိုဗီယာနည်းတွင် စပါးတင်း (၄၈-၇၂) တင်းဆံ့သော သတ္ထုကန်ထဲတွင် စပါးထည့်၍ ရေပူဖြင့်စိမ်ခြင်းနှင့် အပူပေးပြုပြင်ခြင်းများဖြင့် ပေါင်းဆန်ပြုလုပ်ခြင်းဖြစ်ပါသည်။ ၄င်းဂိုဗီယာကန်သည် (၆)ပေအရှည်၊ (၅)ပေအကျယ်နှင့် (၅)ပေအမြင့်ရှိပါသည်။
တိုင်ကီ၏ အောက်ခြေအခင်းမှ အမြင့် (၁)ပေတွင် အပေါက်များပါဝင်သော အခင်းတစ်ခုကို တပ်ဆင်ထားပါသည်။ ၄င်းတိုင်ကီထဲသို့ စပါးများကို (၃)ပေထုအထိ ထည့်လိုက်ပါက (၇၂)တင်း ၀င်ဆံ့ပါသည်။ ထိုတိုင်ကီကို ထင်း သို့မဟုတ် စပါးခွံမီးဖိုပေါ်တွင် အုတ်ခုံဖြင့် တင်ထားပါသည်။
၎င်းတိုင်ကီထဲစပါးထည့်၍ ရေစိမ်ရာတွင် ရေအပူချိန်ကို (၄၅)ဒီဂရီစင်တီဂရိတ်တွင် ထိန်းထားပါသည်။ ရေပူဖြင့်စိမ်ခြင်းကို (၆)နာရီ ဆောင်ရွက်ပြီးပါက ရေများကို အပေါက်ပါသောအခင်းကြမ်းပြင်အောက်ရောက်သည်အထိ ဖောက်ထုတ်ရပါသည်။ ထို့နောက် အပူပေးခြင်းကို ရေများဆူပွက်နေသည်အထိ ဆက်လက်ဆောင်ရွက်ရပါသည်။ ထိုအခါ ရေငွေ့များထွက်လာပြီး ဖိအားကိုဖြစ်စေပြီး ထိုကဲ့သို့ ရေနွေးငွေ့ အပူပေးခြင်းကို (၁)နာရီကြာသည်အထိ ဆက်လက်ဆောင်ရွက်ရပါမည်။ ထို့နောက် စပါးများကို ဘေးပေါက်မှ ထုတ်၍ လှန်းတလင်းသို့ သယ်ယူပြီး အခြောက်ခံခြင်းကိုဆောင်ရွက်ရပါသည်။
တိုင်ကီကန်ထဲသို့ စပါးများထည့်ရာတွင် စပါးထုကို (၃)ပေထက် မပိုစေရပါ။ (၃)ပေထက် ပိုပါက ဆန်သားလျော့နည်းစေခြင်းနှင့် စပါးဆန်သားပုံပျက်စေခြင်းတို့ကို ဖြစ်စေသော ရေနွေးငွေ့ပေးခြင်းလွန်ကဲမှုကိုဖြစ်စေပါသည်။ ၄င်းဖြစ်စဉ်ကို တိုင်ကီတန်၏ အောက်ခြေ တွင် တွေ့ရပါသည်။ တိုင်ကီကန်၏ အပေါ်စပါးများသည် ရေနွေးငွေ့ပေးမှု လိုအပ်မှုရှိနေပါသည်။ ထိုကဲ့သို့ စပါး (၃-ပေ) ထုထက်များပါက ရေနွေးငွေ့ပေးခြင်း လွန်ကဲသော စပါးများ၊ ပုံမှန်အခြေအနေရှိ စပါးများ၊ လိုအပ်မှုရှိသော စပါးများ၊ ရောနှောဖြစ်ပေါ် နေသော အခြေအနေကို ဖြစ်ပေါ်စေပါသည်။
သတ္ထုတိုင်ကီကန်အကြီးများသည် စပါး (၄၈-၂၈၇) တင်း ၀င်ဆံ့ကြပါသည်။ စပါးများကို ၄င်းတိုင်ကီကန်ကြီးထဲထည့်၍ (၂-၄)နာရီ ရေ စိမ်ပြီးနောက် ရေနွေးငွေ့ဖြင့် အပူပေးခြင်းကို (၂၀-၃၀) မိနစ်ဆောင်ရွက်ကြပါသည်။ ၄င်းစပါး (၂၈၇)တင်းဆံ့ ဆန်တိုင်ကီကြီး (၄)လုံးကို အတူတွဲလျှက်ရေစိမ်ခြင်း၊ ရေနွေးငွေ့ပေးခြင်းများ ဆောင်ရွက်ရပါသည်။ ၄င်းပေါင်းဆန်ပြုလုပ်သော တိုင်ကီများကို မြန်မာနိုင်ငံနှင့် သီရိ လင်္ကာနိုင်ငံများသို့ ၁၉၄၀ ခုနှစ်အစောပိုင်းက တင်သွင်းခဲ့ကြပြီး ၁၉၆၀ ခုနှစ်လောက်တွင် အိန္ဒိယနိုင်ငံ၌ လူကြိုက်များလာပါသည်။ ၄င်းတို့သည် ပမာဏများများ လုပ်ဆောင်နိုင်ပြီး တိုင်ကီများအတွင်း စပါးထည့်ရန် ရွေ့ရှားခွက်များ၊ စပါးများပြန်ထုတ်ရန် အတွက် ရွေ့ရှားသားရေပတ်များကို တပ်ဆင်အသုံးပြုထားပါသည်။
တိုင်ကီအားလုံးကို ရေနွေးငွေ့ပိုက်များဖြင့် ဆက်သွယ်ထားပြီး ရေနွေးငွေ့ပိုက်များတွင် အပေါက်များပါဝင်ပါသည်။ ထည့်ထားသော စပါးများကို ရေနွေးငွေ့ ရရှိမှုညီညာစေရန်အတွက် ရေနွေးငွေ့ကို လှည့်ပတ်နေစေရန် ဆောင်ရွက်ထားပါသည်။
၎င်းတိုင်ကီများတွင် ရေပူများ ၀င်ပေါက် တစ်ခုပါဝင်ပြီး ရေပန့်တစ်ခုကိုလည်း တပ်ဆင်ထားသဖြင့် စပါးရေစိမ်ရာတွင် ရေ၏ အပူချိန် တသမတ်တည်းရှိစေရန် ရေပူများကို လှည့်ပတ်သွားစေပါသည်။ ၄င်းတိုင်ကီများတွင် စပါးအပြင်သို့ထုတ်ရန် အပေါက်တစ်ခုပါဝင်ပြီး ၄င်းအပေါက်ကို ရေစိမ်ခြင်း၊ ရေနွေးငွေ့ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်စဉ် စိမ့်ထွက်မှုမရှိစေရန် ပြုလုပ်ထားပါသည်။ ၄င်းအပေါက်မှပင် စပါးများကို လွယ်ကူစွာအပြင်သို့ ထုတ်နိုင်ပါသည်။
၎င်းတိုင်ကီဖြင့် ပေါင်းဆန်ပြုလုပ်ရာတွင် လွယ်ကူမှုရှိပြီး ပထမဆုံးတိုင်ကီ များထဲသို့ ရေကိုဖြည့်ရပါသည်။ ထို့နောက် ၄င်းရေကို အပူ ပေးကိရိယာအသုံးပြုပြီး အပူချိန် (၇၅-၈၅) စင်တီဂရိတ်ရောက်ရှိအောင် အပူပေးရပါသည်။ ထို့နောက် စပါးများကို တိုင်ကီများ ထဲသို့ ထည့်ပြီး ရေအပူချိန် (၇၀)ဒီဂရီစင်တီဂရိတ်ရှိနေစေရန် အပူပေးကိရိယာသုံး၍ ထိန်းထားရပါမည်။ တိုင်ကီများ၏ အောက်ခြေတွင် တပ် ထားသော ရေပန့်ကိုအသုံးပြုပြီး ၄င်းမှရေများကို အပူပေးကိရိယာမှတစ်ဆင့်ဖြတ်၍ တိုင်ကီထိပ်မှ ပြန်လည်ဝင်ရောက်စေခြင်းဖြင့် စပါး များကို ရေစိမ်ခြင်း ဆောင်ရွက်စဉ်အတွင်း ရေ၏အပူချိန်ကို တသမတ်တည်းရှိအောင် ထိန်းထားရပါမည်။ စပါးများရေစိမ်ရာတွင် စပါးမျိုး ကွဲများပေါ်မူတည်၍(၂-၄)နာရီ ကြာတတ်ပါသည်။
ရေစိမ်ခြင်းလုပ်ငန်းပြီးဆုံးပါက တိုင်ကီထဲရှိရေများကို ဖောက်ထုတ်ပြီးနောက် ရေနွေးငွေ့ဖြင့် အပူပေးခြင်း ဆက်လက်ဆောင်ရွက်ရန်လို ပါသည်။ ထို့နောက် စပါးများကို တိုင်ကီ၏အောက်ခြေပေါက်မှ ထုတ်ယူ၍ အခြောက်ခံခြင်း လုပ်ငန်းကို ဆောင်ရွက်ပါသည်။
Pissaya Info
The post ပေါင်းဆန်ပြုလုပ်ခြင်းနည်းစနစ်အကြောင်းသိကောင်းစရာ appeared first on Myanmar Farmers' Portal.