မြေပြုပြင်ခြင်း
မိုးရာသီပြောင်းဖူး စိုက်ပျိုးရန်မြေကို ယခင်နှစ်ဆောင်းရာသီ သီးနှံရိတ်ပြီးသည်နှင့်တစ်ပြိုင်နက် နွေထယ်ရေးကို စက်ထယ်ဖြင့်ဖြစ်စေ၊ နွားထယ်ဖြင့်ဖြစ်စေ နက်နက်ထိုးထားရန်လိုသည်။ ဤသို့ ထယ်ထိုးထားသဖြင့် သင်္ကြန်ကာလနှင့် မိုးဦးကျချိန် ရွာသွန်းသော မိုးရေ တို့သည် အခြားသို့စီးဆင်းသွားခြင်းမရှိဘဲ မြေအတွင်းသို့ စိမ့်ဝင်သွားမည်ဖြစ်ပြီး၊ မြေဆီလွှာသည် အစိုဓါတ်ဖြင့် ပြည့်ဝနေပေမည်။
မိုးရာသီတွင် မိုးရေချိန် (၂)လက်မ၊ (၃)လက်မ ရွာပြီးသည့်နောက် မြေအစိုဓါတ် အသင့်တော်ဆုံးအချိန်တွင် စက်ထယ်ဖြင့် ထိုးထားပါက (၁၀)သွား၊ (၁၆) သွား စက်ထွန်နှင့်ပင် နှစ်စပ်ထက်မနည်းထယ်ခဲချေပေးရသည်။ နွားထယ်ဖြင့် ထိုးထားပါက လေးသွား ထပ်ထွန်ဖြင့်ပင် (၃)စပ်၊ (၄)စပ် ထွန်ယက်ပေးရန်လိုသည်။ ၄င်းနောက် (၇)သွားထွန်ဖြင့် ကျွတ်ထွက်လာသောပေါင်းမြက်များနှင့် ပြီးခဲ့သောရာသီက ကြွင်းကျန်သည့် သီးနှံပင် အမှိုက်များကို ဖယ်ရှားပစ်ရသည်။ ထွန်ဖြင့်ခြစ်ကုပ်ပြီးနောက် ကြွင်းကျန်သောအမှိုက်များ၊ ပေါင်းမြက်များကို လက်ဖြင့် ကောက်ယူဖယ်ရှားပစ်ရသည်။ သို့မှသာလျှင် ပြောင်းဖူးပင်ငယ်များပေါက်လာသောအခါ ပေါင်းမြက်များ ထူထပ်စွာပေါက် မလာနိုင်တော့ပေ။ အနည်းငယ်မျှသောပေါင်းပင်များကို ငါးသွားသံထွန် ထွန်တိုကလေး၊ ကြားပေါင်းလိုက်ကိရိယာ စသည်တို့ဖြင့် ကြား ထွန်ဝင်ပေးလျှင် ပေါင်းမြက်လုံးဝကင်းစင်သွားမည်ဖြစ်သည်။
မြေသြဇာထည့်ပေးခြင်း
နွေထယ်ရေးထိုးပြီးနောက် မိုးဦးကျထယ်ခဲမချေမီ သစ်ရွက်ဆွေးမြေနှင့် နွားချေဆွေးတို့ကို ရနိုင်သလောက်ထည့်ပေးပြီး ထွန်မွှေပေးရ သည်။ နောက်ဆုံး ထွန်နှစ်စပ်မမွှေမီ တစ်ဧကလျှင် ယူရီးယား (၁၁၂)ပေါင် (နိုက်ထရိုဂျင် ၅၂ပေါင်)၊ တီစူပါဖေါ့စဖိတ် (၁၁၂)ပေါင် (ဖေါ့စ ဖိတ် ၅၀ပေါင်) နှင့် မြူရိတ်အော့ဖ်ပိုတက်ရှ် (၅၆)ပေါင် (ပိုတက်စီယမ် ၃၃ပေါင်)တို့ကို ညီညာစွာ ကြဲပက်ပေးပြီး၊ ထွန်နှစ်စပ် မွှေကာကြမ်း တုံးဖြင့် တစ်စပ်မောင်း၍ အစိုဓါတ်ထိန်းပေးရသည်။ ကြမ်းတုံးရိုက်သည့် နေ့ညနေပိုင်း၌ ဖြစ်စေ၊ နောက်တစ်နေ့ နံနက်ပိုင်း ၌ဖြစ်စေ တစ်ခုနှင့်တစ်ခု (၃၀) လက်မကွာဝေးသော စိုက်ကြောင်းများကို နွားထွန်ဖြင့် ဖြောင့်တန်းစွာဆွဲရသည်။ ထို့နောက် အတန်းအ တွင်း၌ (၉)လက်မကွာ စိုက်ကျင်းတစ်ကျင်းလျှင် အောင်မြင်သောမျိုးစေ့ (၂)စေ့ စီထည့်ပေးရသည်။
စိုက်ကြောင်းသည် နှစ်လက်မ၊ နှစ်လက်မခွဲထက် မနက်ရပေ။ ထွန်ကြောင်း နက်လွန်းလျှင် အပင်ပေါက်နှေးကွေးသည်။ မြေတွင်းအပူချိန် (Soil temperature) (၂၁) ဒီဂရီနှင့် (၂၇) ဒီဂရီ စင်တီဂရိတ်ကြားတွင် အပင်ပေါက်နှုန်း အကောင်းဆုံးဖြစ်သည်။ မြေအပူချိန်ပြဿနာသည် သမပိုင်း တိုင်းပြည်များ၌ ပို၍ အရေးကြီးသည်။ သို့သော် မည်သို့ပင် မြေတွင်းအပူချိန်နှင့် အစိုဓါတ်အခြေအနေကို ချိန်ဆပြီး စိုက်သော် လည်း ကွင်းထဲ၌ ခုတ်သိမ်းချိန်တွင် အပင်ဦးရေ (၈၁ % မှ ၈၉ %) အထိသာ ရနိုင်သည်။
ဤသို့ ဖြစ်ရသည်မှာ ပြောင်းဖူးပင်ပေါက်သည့်အချိန်မှ ရင့်မှည့်ချိန်အထိအကြောင်း အမျိုးမျိုးကြောင့် အပင်သေ၊ အပင်ပျောက်များ ဖြစ် ပေါ်မြဲ ဖြစ်သည်။ စိုက်ချိန်တွင် မြေတွင်း အစိုဓါတ် ကောင်းမွန်လာပါက အစေ့ချပြီး (၄-၅)ရက်ကြာလျှင် အပင်စပေါက်သည်။ စိုက်ပြီး (၇)ရက်ကြာသည့်တိုင်အောင် အပင်မပေါက်သေးသော ကျင်းများတွင် မျိုးစေ့ထပ်မံချပေးရန် လိုသည်။
တစ်ဧကစိုက်ရမည့် အပင်အရေအတွက်နှင့် မျိုးစေ့နှုန်း
ပြောင်းဖူးမျိုးတစ်မျိုးသည် ၄င်းနှင့် သင့်တော်သော အပင်အကွာအဝေး၌သာ အမြင့်ဆုံးအထွက်နှုန်းကို ပေးစွမ်းနိုင်သည်။ တနည်းအားဖြင့် သင့်တော်သော အပင်ဦးရေကို စိုက်ပျိုးမှသာလျှင် အထွက်နှုန်းကောင်းသည်။ ယင်းအပင်ဦးရေထက်လျှော့နေခြင်း၊ များနေခြင်းဖြစ်ခဲ့လျှင် အထွက်နှုန်းကို လျှော့နည်းစေသည်။ အနည်းငယ်သော ပြောင်းဖူးမျိုးများသာ အပင်ဦးရေများပြားမှုဒဏ် (Population pressure) ကို ခံနိုင်သည်။ ရွှေဝါ – ၇၊ ရွှေဝါ -၁၀ နှင့် ရွှေဝါ – ၁၃ တို့သည် တစ်ဧက အပင်ဦးရေ (၃၀၀၀၀) မှ (၃၅၀၀၀) အထိ စိုက်ပျိုးခြင်းကို ခံနိုင်ပြီး အထွက်နှုန်းကောင်းကြသည်။ အများစုသော မျိုးတို့သည် အပင်ဦးရေ (၂၃၂၃၀) ထက်ကျော်လာလျှင် ပြောင်းဖူးအရွယ်အစားသေး သွား ခြင်း ပြောင်းဖူးမထွက်သော အပင်ဦးရေများလာခြင်းနှင့် အပင်လဲခြင်းများကို ဖြစ်ပေါ်စေသည်။/တစ်ဧက မျိုးစေ့နှုန်းသည် အပင်ဦးရေ ကွာခြားသည်နှင့် အမျှ မျိုးစေ့နှုန်းလည်း အနည်းနှင့်အများကွာခြားသည့်အပြင် အစေ့ (၁၀၀၀) အလေးချိန် ကွာခြားမှုကြောင့်လည်း မျိုးစေ့နှုန်းခြင်း မတူနိုင်ကြပေ။
ပြောင်းဖူးမျိုးတစ်မျိုး၏ တစ်ဧက စိုက်ပျိုးရမည့်မျိုးစေ့နှုန်းကို အောက်ပါ တွက်နည်းဖြင့် တွက်ချက်နိုင်ပါသည်။
B
(အစေ့တစ်ပေါင်တွင် ပါသောအစေ့အရေအတွက်) = ၁၀၀၀ (အစေ့) x ၄၅၄ (ဂရမ်)
A (အစေ့ ၁၀၀၀ အလေးချိန်)
C
(တစ်ဧကမျိုးစေ့နှုန်း) = တစ်ဧကတွင် စိုက်မည်စိုက်ကျင်း x ၂
B (အစေ့ ၁ပေါင်တွင်ပါသော အစေ့အရေအတွက်)
အပင်ခွဲပေးခြင်း
ပြောင်းဖူးစေ့များ အပင်ပေါက်ပြီးနောက် (၅) ရက်မှ (၇)ရက်အတွင်း ငါးသွားသံထွန် သို့မဟုတ် တီထွင်ထားသော ကြားပေါင်းလိုက် ကိရိ ယာများဖြင့် အတန်းကြားတွင် ပေါင်းသင်မြေဆွရသည်။ အပင်ခြေတွင် ကျန်ရှိနေသော ပေါင်းများကို လက်ဖြင့် ရှင်းရသည်။
တစ်ချိန်တည်းမှာပင် အကွာအဝေး (၃၀ လက်မ x ၉ လက်မ) ဖြင့် စိုက်ထားသော အတန်းများအတွင်း၌ တစ်ကျင်းလျှင် သန်စွမ်းသော အပင်တစ်ပင်ချန်ပြီး၊ ကျန်အပင်များကို နှုတ်ပယ်ပစ်ရသည်။ ၄င်းလုပ်ငန်းကို အပင်ခွဲပေးသည်ဟု ပြောဆိုသုံးစွဲကြသည်။ အပင်ခွဲပြီးသည့် အခါ တစ်ဧက အပင်ဦးရေ (၂၃၂၃၂) ကျန်မည်ဖြစ်သည်။ အပင်ခွဲချိန် နောက်ကျပါက အစေ့ထွက်နှုန်း (၂၀%) အထိ လျော့နည်း သွားနိုင် သည်။
ကြားပေါင်းလိုက်မြေဆွပေးခြင်း
ပထမအကြိမ် ကြားပေါင်းလိုက်ခြင်းကို အပင်ခွဲချိန်၌ ဆောင်ရွက်ရကြောင်း အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သည်။ ဒုတိယအကြိမ် ပေါင်း လိုက်ခြင်းကို အပင်များ (၁၅-၂၀) ရက်သားလောက်တွင် ငါးသွားသံထွန်ဖြင့် အပင်တန်းများအကြား၌ မောင်းပေးရသည်။ အကယ်၍ အပင်ကြီးထွားဆဲကာလ၌ မိုးခေါင်နေပါက ကြားထွန် (၄-၅) ကြိမ် ၀င်ပေးရသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် မြေဆီလွှာအတွင်းမှ အစိုဓါတ် လွင့်ထွက်ခြင်းကို လျော့နည်းစေသည်။ ကြားထွန် အကြိမ်ကြိမ်လိုက်ခြင်းနှင့် သာမန်ကြားထွန်လိုက်ခြင်းတို့ကို (၁၉၇၂) ခုနှစ် တပ်ကုန်းခြံ တွင် နှိုင်းယှဉ်ကြည့်ရာ ကြားထွန် အကြိမ်ကြိမ်လုပ်သော ပြောင်းဖူးခင်း (၁၆) ဧကမှ ပျှမ်းမျှခြင်း (၃၂) တင်းနှုန်းထွက်ပြီးသာမန်ကြား ထွန် လိုက်သော ပြောင်းဖူး (၁၆) ဧကမှ (၁၆) တင်း နှုန်းသာထွက်ကြောင်းတွေ့ရသည်။ တတိယအကြိမ်ကြားထွန်လိုက်ခြင်းကို ပြောင်းဖူး ပင်များ (၃၀-၃၅)ရက်သားလောက်တွင် ဆောင်ရွက်ရသည်။ တတိယအကြိမ် ကြားထွန်ဝင်ပြီးသောအခါ နားရွက်ပါသော အမှတ်-၁ သိပ္ပံထယ်ဖြင့် ပြောင်းဖူးပင်တန်းတစ်လျှောက်တွင် ဘောင်တင်ပေးရသည်။ နောက်တစ်နည်းမှာ ငါးသွားသံထွန်၏ နောက်ဆုံးသံထွန် သွားဖြုတ်၍ စွန်မြီးပုံသဏ္ဍာန်ရှိသော ဘောင်တင်ကရိယာ တပ်ဆင်ပြီး ဘောင်တင်ပေးနိုင်သည်။ စွန်မြီးသွားဖြင့် ဘောင်တင်ပေးခြင်းက ပိုမိုလုပ်ငန်းတွင်ကျယ်ပြီး ပြောင်းဖူးပင်များလည်း ထိခိုက်ဒဏ်ရာ ရရှိမှုနည်းသည်။
ဒုတိယအကြိမ် မြေသြဇာကျွေးခြင်း
တတိယအကြိမ်ကြားထွန်ဝင်ချိန်တွင် တစ်ဧကလျှင် ယူရီးယား မြေသြဇာ (၅၆) ပေါင်ကို အတန်းများကြား၌ ညီညာစွာ ကျဲပက်ပေးပြီး ချက်ချင်းငါးသွားသံထွန်ဖြင့် မွှေပေးရသည်။ နောက်ဆုံးလုပ်ငန်းမှာ ထယ်ဖြင့်ဖြစ်စေ စွန်မြီးသွားဖြင့်ဖြစ်စေ ဘောင်တင်ပေးခြင်းဖြစ် သည်။ ဘောင်တင်ပြီးနောက် အထူးပြုစုရန် မလိုတော့ပေ။ ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ ကိုသာ စောင့်ကြည့်ပြီး လိုအပ်လျှင် ပိုးသတ် ဆေး မှိုသတ်ဆေးများဖြင့် ပက်ဖျန်းနှိမ်နင်းပေးရန်ဖြစ်သည်။
ရင့်မှည့်ချိန်နှင့် ရိတ်သိမ်းချိန်
ပြောင်းဖူးသက်တမ်းကိုလိုက်၍ မြိတ်ဆာထွက်ပြီးနောက် (၃၅) ရက်မှ (၅၀) ရက်ခန့်အကြာတွင် အစေ့များ ရင့်မှည့်သည်။ အစေ့နှင့် အူ တိုင်ဆက်သည့်နေရာတွင် အစေ့ညှာတွင် အမဲရောင် (Black Layer) ဖြစ်ပေါ် လာသည်။ ထိုအချိန်တွင် ပြောင်းဖူးဖက်များ ၀ါခြောက် လာပြီး ဖက်နှင့်ပြောင်းဖူ ဆက်စပ်သောနေရာတွင် အညိုရောင်အရစ်ဖြစ်ပေါ်လာသည်။ အရွက်များလည်း ၀ါစပြုလာသည်။
ဤအဆင့်သည် ပြောင်းဖူးစေ့ ကောင်းစွာရင့်မှည့်ချိန် ဖြစ်သည်။ ယခုအခါ ပြောင်းဖူးစေ့ရင့်မှည့်သော်လည်း အရွက်များ စိမ်းနေသော ပြောင်းဖူးမျိုးကို ရွေးချယ်သည်။ ရိတ်သိမ်းချိန်တွင် အစေ့အတွင်းအစိုဓာတ်ရာခိုင်နှုန်း (၂၀-၂၅) ခန့် အထိ ရှိသည်။ ထို့ကြောင့် ပြောင်းဖူး ရိတ်သိမ်းပြီးနောက် ဖက်လှီးမည်ဆိုပါက ဖက်များကိုမခွာသေးဘဲ (၁၀)ဖူးစီ အတွဲများ ပြုလုပ်၍ အကာမဲ့တဲအတွင်းတွင် ၀ါးလုံးတန်းများ ပေါ်တွင် ချိတ်ဆွဲထားရသည်။ ဖက်များကောင်းစွာ ခြောက်သွေ့သောအခါ ဖက်သားများချောမွေ့သော ပြောင်းဖူးများကို ရွေးချယ်ပြီး ဆေးလိပ်ပြုလုပ်ရန် ကျွမ်းကျင်သော ဖက်လှီးသမားများဖြင့် အုပ်ဖက်လှီးရသည်။ တစ်ဧကမှ အုပ်ဖက်ပိဿာ (၆၀) မှ (၇၀) အထိ ထွက်ပြီး ပြောင်းဖူးညံ့များမှ အစီခံမှ ဖက်ပိဿာ (၅၀) မှ (၆၀) ထွက်သည်။ ယခု ၂၁ ရာစုကာလတွင် ပြောင်းဖူးဖက်ဆေးလိပ် သောက်သုံးသူ အလွန် နည်းပါးလာပြီး သနပ်ဖက်ဆေးပေါ့လိပ်ကိုသာ သောက်ကြတော့ သည်။ ထို့ကြောင့် ပြောင်းဖူးဖက်ကို သနပ်ဖက်ဆေးလိပ် အစီခံအတွက်သာ ရောင်းဝယ်မှု ပြုလုပ်ကြသည်။
သိုလှောင်နည်း
အစေ့ထိုးပိုးသည် ပြောင်းဖူးစေ့သိုလှောင်ရာတွင် ဆိုးဝါးစွာကျရောက် ဖျက်ဆီးသည်။ အနည်းငယ်သာ သိုလှောင်မည်ဆိုပါက ခြောက် သွေ့အောင် နေလှန်းထားသော ပြောင်းဖူးစေ့တစ်တင်းလျှင် မဖောက်ထုံးမှုန့် နို့ဆီဗူး (၄) ဗူးဖြင့် သမအောင်မွှေပြီး ဂုန်နီအိတ်ဖြင့်ဖြစ်စေ၊ ပီပါများဖြင့်ဖြစ်စေ သိုလှောင်ရမည်။ တင်ပေါင်း များစွာ သိုလှောင်မည်ဆိုလျှင် (၂) လတစ်ကြိမ်ခန့် အဆိပ်ငွေ့ဆေးများဖြင့် (၂) ရက်ကြာမျှ အုပ်ပေးရသည်။ တိုးတက်ဖွံ့ဖြိုးသောနိုင်ငံများတွင် တန်(၅၀) မှ (၅၀၀) ခန့်ဆန့်သော သံစည်များ (Seed bins) များဖြင့်သို လှောင်သည်။ အစ္စရေးတွင် ပိုလီသင်းအထူစားသိုလှောင်အိတ်ကြီးများ (Polythene Stroage Sacks) များ ဖြင့် သိုလှောင်သည်။ ၎င်းတို့ကို အိတ်ဟု ဖော်ပြထားသော်လည်း မျိုးစေ့ကုန်သောအခါ ခေါက်ပြီး သိမ်းထားနိုင် သည်။ မျိုးစေ့တန် (၅၀) မှ (၁၀၀) ခန့် အထိ ၀င်ဆံ့သည်။
သိုလှောင်ထားစဉ် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ကို စက်ဖြင့် မှုတ်သွင်းပေးသည်။ ယင်းဓာတ်ငွေ့ကြောင့် သိုလှောင်ပိုးများ မကျ ရောက်နိုင်ပေ။ ပြောင်ဖူးစေ့စိုက်ပျိုးသော တောင်သူတို့သည် အစေ့ထုတ်ပြောင်းဖူးကို အနည်းဆုံး (၃) ဧကမှ ဧက (၃၀) ခန့် အထိ စိုက်ပျိုးကြသည်ဖြစ်ရာ ၎င်းတို့အဖို့ အထက်ပါနည်းဖြင့် သိုလှောင်ရန် မဖြစ်တော့ပေ။ ထို့ကြောင့် ကောင်းစွာရင့်မှည့်သော ပြောင်းဖူးများမှ အထွန်ကို ပြောင်းဖူးခေါင်းဖက်သို့ လှန်ခွာပြီး (၁၀) ဖူးစီ တွဲသည်။ ၎င်း အတွဲများကို (အလျား ၆၀ပေ၊ အနံ ၃၀ ပေ) ခန့် အရွယ်ရှိ အကာမဲ့တဲများတွင် ၀ါးတန်းများ ဆန့်တန်းပြီး ချိတ်ဆွဲထားသည်။ ဖက်လှီးရန် ပြောင်းဖူးများကို ဖက်ခြောက်သွေ့သည်အထိ ချိတ်ဆွဲထားပြီး အုပ်ဖက်လှီးယူသည်။ ၎င်းနောက် ပြောင်းဖူးများကို အထက်ပါအတိုင်း ၀ါးတန်းများတွင် ချိတ်ဆွဲထားပြီး ရောင်ချခါနီးမှ အစေ့ချွေယူပြာလှေ့ နေလှန်းသည်။
ယင်းနည်းဖြင့် သိုလှောင်ခြင်းသည် ပြောင်းဖူးတောင့်များကို ခြောက်သွေ့စေသည့်အပြင် သိုလှောင်ပိုးကျရောက်မှုလည်းသက်သာသည်။
စိုက်ပျိုးသုတ ပစ္စယ
The post မိုးရာသီပြောင်းဖူးစိုက်ပျိုးနည်း (အပိုင်း-၂) appeared first on Myanmar Farmers' Portal.