Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

စပါး⁠ကြိတ်ခွဲ⁠ခြင်းဆိုင်ရာ သိ⁠ကောင်းစရာ (အပိုင်း – ၂)

$
0
0

စပါးလုံးများခွဲထုတ်ဖယ်ရှားခြင်း

စပါးခွံဖယ်ထုတ်ပြီးသော လုံးတီးဆန်များနှင့် စပါးခွံ မကျွတ်သေးသော စပါးစေ့များကို သီးခြားစီဖြစ်စေရန် ခွဲခြားဖယ်ထုတ်ခြင်းဖြစ်ပါ သည်။ လုံးတီးဆန် ၈၅-၉၀ ရာနှုန်းနှင့် စပါး ၁၀-၁၅ ရာနှုန်းတို့ရောနှောလျက်ရှိပြီး လုံးတီးဆန်များ ဖွဲနုလွှာမဖယ်ရှားမီ လုံးတီးဆန်မှ စပါး များကို ခွဲခြားဖယ်ထုတ်၍ စပါးခွံချွတ်ခြင်း၊ ထပ်မံဆောင်ရွက်ရပါသည်။

စပါးလုံးများနှင့် လုံးတီးဆန်များကို ခွဲထုတ်ဖယ်ရှားရာတွင် အကန့်လိုက် လုံးတီးခွဲစက်နှင့် ဘန်းဖြင့် လုံးတီးခွဲစက်ဟူ၍ နှစ်မျိုးနှစ်စား ရှိပါ သည်။

(၁) အကန့်လိုက် လုံးတီးခွဲစက်

၎င်းလုံးတီးခွဲစက်သည် လွန်ခဲ့သော နှစ် (၈၀)မှ စတင်အသုံးပြုခဲ့ကြပါသည်။ ၄င်းစက်တွင် သံမဏိ သို့မဟုတ် သစ်သားများဖြင့် ပြုလုပ် ထားသော အကန့်များစွာပါဝင်ပြီး ၄င်းအကန့်များသည် ရှေ့နောက်တုန်ခါရွေ့ရှားလှုပ်ရှားနေပြီး စပါးလုံး နှင့် လုံးတီးများကို သီးခြား ဖြစ်   အောင် ခွဲထုတ်နိုင်ပါသည်။

(၂) ဘန်းဖြင့်လုံးတီးခွဲစက်

၎င်းလုံးတီးခွဲစက်ကို လွန်ခဲ့သော ၂၅-နှစ်ခန့်မှစ၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါသည်။ ၄င်းလုံးတီးခွဲစက်တွင် ဘန်းတစ်ခုနှင့် တစ်ခုကို ၂-လက်မ အကွာအဝေးထား၍ အထက်အောက်စီထပ်၍ ဘန်းများစွာကို တပ်ဆင်ထားပါ။

ဘန်းအားလုံးရှေ့နောက် ရွေ့ရှားတုန်ခါနေသော ဘောင်အတွင်း အနည်းငယ်စောင်း၍ တပ်ဆင်ထားပါသည်။ လုံးတီးဆန်များသည် မျက်နှာပြင်ချောခြင်းနှင့်  သိပ်သည်းဆများခြင်းကြောင့် ဘန်း၏ အပေါ်ဘက်သို့ ရွေ့ရှားသွားပြီး ဆန်ဖြူဖွတ်မည့် စက်ဆီသို့  ဦးတည်ရွေ့ ရှားပါသည်။ စပါးလုံးများသည် ဘန်း၏အောက်ဘက်ဆီသို့ ဦးတည်ရွေ့ရှားပြီး စပါးခွံချွတ်စက်ဆီသို့ ရွေ့ရှားသွားပါသည်။

ဖွဲနုလွှာဖယ်ရှားခြင်း

လုံးတီးဆန်မှ ဆန်ဖြူထုတ်လုပ်ရန်အတွက် ဖွဲနုလွှာအားလုံး သို့မဟုတ် တစ်ချို့တ၀က်ကို ဖယ်ရှားခြင်းလုပ်ငန်းဖြစ်ပါသည်။ လုံးတီးဆန်ရှိ ဖွဲနုလွှာဖယ်ရှားရာတွင် ကြမ်းသောမျက်နှာပြင်နှင့် ဆန်သားများကိုပွတ်တိုက်ခြင်းနှင့် ဆန်ဆန်ခြင်းပွတ်တိုက်ခြင်း နည်းနှစ်မျိုးဖြင့် ဆောင် ရွက်ကြပါသည်။

လုံးတီးဆန်မှ ဖွဲနုဖယ်ရှား၍ ဆန်ဖြူပြုလုပ်ရာတွင် ဒေါင်လိုက်ဆန်ဖြူဖွတ်စက်၊ ပြင်ညီအလျားလိုက်ဆန်ဖြူဖွတ်စက်နှင့် ဆန်သားအချင်းချင်း ပွတ်တိုက်ဆန်ဖြူဖွတ်စက် သုံးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါသည်။

(က) ဒေါင်လိုက် ဆန်ဖြူဖွတ်စက်

၎င်းစက်ကို ဆန်စပါးကြိတ်ခွဲရေးလုပ်ငန်းတွင် နှစ်အတော်ကြာကပင် အသုံးပြုခဲ့ပြီး နိုင်ငံအများအပြားမှ ထုတ်လုပ်ခဲ့ကြပါသည်။ ၄င်းစက် တွင် အပေါ်ထိပ်ပိုင်းကြီး၍ အောက်ဘက်ထိပ်သေးသော ထုလုံးပုံတစ်ခုပါဝင်ပြီး ၄င်းသည် အပေါ်၊ အောက်ရွေ့လျား ချိန်ညှိ၍ရသည်။ ၄င်းထုလုံး၏ မျက်နှာပြင်သည် မျက်နှာပြင်ကြမ်းတမ်းပြီး ထုလုံးရှည်တစ်ခုအတွင်း လည်ပတ်နိုင်ပြီး လုံးတီးဆန်မှ ဖွဲများကို ဖယ်ရှားပေး ပါသည်။

(ခ) ပြင်ညီအလျားလိုက် ဆန်ဖြူဖွတ်စက်

၎င်းဆန်ဖြူဖွတ်စက်သည် ဒေါင်လိုက်ဆန်ဖြူဖွတ်စက်ထက် ပိုမိုကျစ်လစ်သဖြင့် နေရာလိုအပ်မှုနည်းစေပါသည်။ ၄င်းစက်တွင် မျက်နှာ   ပြင်ကြမ်းသော ထုလုံးရှည်သံမဏိချောင်း (အလူမီနီယမ် အောက်ဆိုဒ်ဖုံးထားသော သံမဏိချောင်း) ပါဝင်ပြီး ၄င်းကို အပေါက်များပါ   သော သံဇကာလုံးအတွင်း အလျားလိုက်ရေချိန်ညီတပ်ဆင်၍ လည်ပတ်အလုပ်လုပ်စေပြီး လုံးတီးဆန်၏ ဖွဲလွှာများကို သံမဏိထုလုံး၊ ဇကာတို့ဖြင့် ပွတ်တိုက် ဖယ်ရှားပေးပါသည်။

(ဂ)  ဆန်သားအချင်းချင်းပွတ်တိုက် ဆန်ဖြူဖွတ်စက်

၎င်းဆန်ဖြူဖွတ်စက်ကို ပြင်ညီအလျားလိုက်တည်ဆောက်ထားပြီး အဓိကလုပ်ငန်းဆောင်ရွက်သော အစိတ်အပိုင်းများမှာ လည်ပတ်နေ   သော သတ္တုထုလုံးရှည်နှင့် အပေါက်များပါဝင်သော သတ္တုဇကာတို့ဖြစ်ပါသည်။ ၄င်းစက်တွင် ဆန်အချင်းချင်း ပွတ်တိုက်ခြင်းဖြင့် ဖွဲလွှာကို ဖယ်ရှားစေပါသည်။ လေကို စက်၏အလယ်တွင် ရှိသော အခေါင်းပေါက်ပါသော ပိုက်ထဲသို့ မှုတ်သွင်းပြီး စက်အစိတ်အပိုင်းများနှင့် ဆန် များကို အေးစေသဖြင့် ဆန်အကျိုးအကြေ နည်းစေပါသည်။

အဆင့်ခွဲခြားခြင်း

ဆန်ဖြူလုပ်ငန်း ဆောင်ရွက်ပြီးနောက် ဆန်သားအကောင်းများသည် အရွက်အမျိုးမျိုးက ဆန်ကွဲများ၊ ဖွဲနု၊ ဖုံများဖြင့် ရောနှောလျက်ရှိသည်။ ဆန်ဖြူပြုလုပ်ပြီး ၄င်းအရောအနှောများကို ရွေးထုတ်ဖယ်ရှားရပါမည်။ ဆန်သားနှင့် ရောနှောပါဝင်နေသော ဖွဲနုနှင့်ဖုံများကို ပန်ကာဖြင့် ဆွဲစုပ်ဖယ်ရှားနိုင်ပါသည်။ သေးငယ်သော ဆန်ကွဲများနှင့် သန္ဓေလောင်းများကို တုန်ခါနေသော ဇကာ သို့မဟုတ် လည်ပတ်နေသော ဇကာလုံများဖြင့်  ခွဲထုတ်ကြပါသည်။ ဆန်ကွဲများကို ဆန်ကွဲကြီး၊ ဆန်ကွဲလတ်၊ ဆန်ကွဲသေးဟူ၍ အရွယ်အစား အမျိုးမျိုးခွဲခြားပြီး သီးခြားစီ သိုလှောင်ထားရပါမည်။

ဆန်ဝါရောင်ပျက်ဖယ်ရှားခြင်း

ဆန်ဈေးကွက်တွင် ရောင်းပန်းလှစေရန်နှင့် ဈေးကောင်းရစေရန် ဆန်သားအကောင်းတွင် ရောလျက်ပါရှိတတ်သော၊ အနီ၊ အ၀ါ၊ အမဲ စသော ဆန်ဝါရောင်ပျက်များကို ရွေးထုတ်ဖယ်ရှားရပါမည်။ ဆန်များကို အရောင်ခွဲစက်တွင် ဖြတ်သန်း၍ အရောင်ပျက်ဆန်များကို ခွဲခြား ဖယ်ထုတ်နိုင်ပါသည်။

ဆန်အရောင်တင်ခြင်း

ရောင်းချမည့်ဆန်များကို ဆန်သားတောက်ပြောင်သွားစေရန် အတွက် ရေအမှုံအမွှားလေးများ ဖျန်းပေးခြင်းဖြစ်ပါသည်။ ဆန်များကို မရောင်းချမီ နောက်ဆုံးဆန်ဖြူပြုလုပ်ရာတွင် ၄င်းဆန်ဖြူဖွတ်စက်ထဲသို့ ရေအမှုံအမွှားလေးများကို ဖျန်းပေးခြင်းဖြင့် ဆန်သားမျက်နှာပြင် တွင်ရှိသော ဖွဲနု၊ ဆန်သားအမှုံများသည် မာကျောသိပ်သည်းပြီး ဆန်သားသည် ပြောင်လက်တောက်ပလာပါသည်။ ထိုကဲ့သို့ အရောင် တင်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကြောင့် ဆန်ထွက်နှုန်းကို လျော့နည်းထိခိုက်မှု မရှိသလောက်ဖြစ်ပါသည်။

ဆန်သားနှင့် ဆန်ကွဲရောနှောခြင်း

ဆိုင်လို သို့မဟုတ် ဒေါင်လိုက်သိုလှောင် ပုံးကြီးများတွင် သီးခြားစီသိုလှောင်ထားသော ဆန်သာများ၊ ဆန်ကွဲကြီး၊ ဆန်ကွဲလတ်နှင့် ဆန်ကွဲသေးများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရာတွင် ၀ယ်သူ၏လိုအပ်ချက်အရ တောင်းဆိုသတ်မှတ်အချိုးများဖြင့် တခါတရံ ပြန်လည်ရောစပ်ပေးရပါသည်။

ခေတ်မီကောင်းမွန်သောဆန်စက်သည် ဆန်သားအကောင်း ၅၀-၆၀ ရာနှုန်းရရှိပြီး ဆန်ကွဲကြီး ၅-၁၀ ရာနှုန်းနှင့် ဆန်ကွဲသေး ၁၀-၁၅ ရာနှုန်းရရှိနိုင်ပါသည်။ နိုင်ငံတကာဆန်ဈေးကွက်တွင် ၀ယ်ယူကြသော နိုင်ငံများပေါ်မူတည်၍ ဆန်ကွဲပါဝင်မှုရာနှုန်းကို ၅-၂၅ ရာနှုန်း အတွင်း အရောင်းအ၀ယ်ပြုလုပ်ကြပါသည်။

ချိန်တွယ်ခြင်းနှင့် ထုတ်ပိုးခြင်း

ဆန်များကို ဈေးကွက်သို့ မပို့မီ ထုတ်ပိုးရန်လိုအပ်ပါသည်။ ပီပီအိတ်များကို ဆန်ထုပ်ပိုးရာတွင် အသုံးပြုကြပါသည်။ မြန်မာနိုင်ငံတွင် ပီပီ အိတ်အရွယ်အစား ၂၃ လက်မ × ၃၅ လက်မကို အသုံးပြုကြပြီး ထိုင်းနိုင်ငံတွင် ၂၃ လက်မ × ၃၇ လက်မအရွယ်အစားကို အသုံးပြုကြ ပါသည်။ ဆန် ၅၀  ကီလိုထည့်ပြီးပါက  ထိုင်းနိုင်ငံသုံးအိတ်သည် မြန်မာနိုင်ငံသုံးအိတ်ထက် ခပ်လျော့လျော့ဖြစ်နေသဖြင့် အလုပ်သမားများ ကိုင်တွယ်အလုပ်လုပ်ရာတွင် ပိုမိုလွယ်ကူမှုရှိစေပါသည်။

နိုင်ငံတကာဆန်ဈေးကွက် ၅၀ ကီလိုအလေးချိန်ထည့်ကြပြီး ပြည်တွင်းဈေးကွက်အတွက် ၁ကီလို၊ ၂ ကီလို၊ ၁၀ ကီလို နှင့် ၅၀ ကီလို အလေးချိန်ထည့်ကြပါသည်။

စိုက်ပျိုးသုတ ပစ္စယ

 

The post စပါး⁠ကြိတ်ခွဲ⁠ခြင်းဆိုင်ရာ သိ⁠ကောင်းစရာ (အပိုင်း – ၂) appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>