မြန်မာနိုင်ငံ၏ သီးနှံစိုက်ပျိုးထုတ်လုပ်ရေးတွင် အသုံးပြုသော စိုက်ပျိုးရေသုံး ဓါတုပိုးသတ်ဆေးများကို ၁၉၈၈ ခုနှစ်အထိ စိုက်ပျိုးရေး လုပ်ငန်းတစ်ခုထဲမှ ဖြန့်ချီခဲ့ပြီး ဈေးကွက်စီးပွားရေးစနစ်ဖွံ့ဖြိုးတိုးတက်လာသောအခါ ပုဂ္ဂလိကလက်ထဲသို့ လွှဲပြောင်းပေးအပ်ကာ ဈေးကွက်ထဲတွင် တရားဝင် ရောင်းဝယ်ခွင့် ပြုခဲ့ပါသည်။
ထိုသို့တရားဝင် ရောင်းဝယ်ဖေါက်ကားခွင့်ပြုပေးရာ ၁၉၉၀ခုနှစ်တွင် ပိုးသတ်ဆေးဥပဒေကို ပြဌာန်းခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ထံတွင် မှတ်ပုံတင်ရရှိပြီးမှ ဈေးကွက်တွင် ရောင်းဝယ်ဖေါက်ကားခြင်းကို ခွင့်ပြုခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ခေတ်နှင့်လျော်ညီသော ပိုးသတ်ဆေးဥပဒေအသစ်ကို ထပ်မံပြဌာန်းခဲ့ပြီး ဖြစ်သည်။
စိုက်ပျိုးရေးကို လုပ်ကိုင်နေသောသူများအနေဖြင့် မိမိစိုက်ခင်းတွင် ပိုးမွှားရောဂါဖျက်ဆီးမှုမှ ကင်းဝေးစေရန်နှင့် သီးနှံအထွက်နှုန်း မထိ ခိုက်စေရန် စိုက်ပျိုးရေးသုံး ဓါတုပိုးသတ်ဆေးများကို သုံးစွဲနေရသည်။ ထိုသို့သုံးစွဲရာတွင် ဈေးကွက်ထဲ၌ တရားဝင်မှတ်ပုံတင်ပြီး ရောင်း ချနေသော ပိုးသတ်ဆေးများကိုသာ သုံးစွဲသင့်ပေသည်။
တရားဝင် မှတ်ပုံတင်ထားသော ဆေးဘူး / ဆေးထုပ်များတွင်
- မြန်မာစာအညွှန်းပါရှိသဖြင့် သုံးရမည့်ဆေးပမာဏကို လွယ်ကူစွာ တွက်ချက် ဖော်စပ် အသုံးပြုနိုင်ခြင်း
- အသုံးပြုမည့် ပိုးသတ်ဆေးနှင့် မိမိစိုက်ပျိုးသီးနှံတွင် နှိမ်နင်းလိုသည့် ပိုး၊ ရောဂါ၊ ပေါင်း စသည်တို့အတွက် အသုံးပြုသင့်သည့် ပိုးသတ်ဆေးနှင့်နှုန်းထားကို လွယ်ကူစွာ သိနိုင်ခြင်း
- သတ်တမ်းကုန်ဆုံးမည့်ရက်ကို ဖေါ်ပြထားသဖြင့် သက်တမ်းလွန်နေသော ပိုးသတ်ဆေးများကို လွယ်ကူစွာ သိရှိနိုင်ခြင်း
- သီးနှံများ မခူးဆွတ်မရိတ်သိမ်းမီ စောင့်ဆိုင်းရမည့် အချိန်ကာလ (PHI = Pre-Harvest Interval) ပါရှိသဖြင့် ပိုးသတ်ဆေးဓါတ်ကြွင်းများ ပါဝင်မှုမရှိရန် ပိုးသတ်ဆေးဖျန်းရက်ကို ချင့်ချိန် ဆောင်ရွက်နိုင်ခြင်း
- ပိုးသတ်ဆေးဖြန့်ဖြူးသော ကုမ္ပဏီ၏ လိပ်စာ ပါရှိသောကြောင့် ပိုးသတ်ဆေးနှင့် ပက်သက်၍ တစ်စုံတစ်ခုသော ကိစ္စကြီးငယ်ပေါ်ပေါက်ပါက ဆက်သွယ်နိုင်ခြင်း၊ သတင်းအချက်အလက် ရယူနိုင်ခြင်း၊ ကုမ္ပဏီ၏ တာဝန်ခံမှု၊ တာဝန်ယူမှုရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။
တောင်သူများအနေဖြင့် တရားမ၀င်ပိုးသတ်ဆေး၊ မြန်မာစာအညွှန်းမပါသော ပိုးသတ်ဆေးများကို ဈေးကွက်တွင် အလွယ်တကူ ၀ယ်ယူ သုံးစွဲနိုင်ခြင်း၊ ဈေးနှုန်းသက်သာခြင်း၊ ပိုးသတ်ဆေးရောင်းသူ၏ အညွှန်းကောင်းခြင်းတို့ကြောင့် ၀ယ်ယူသုံးစွဲကြသည်။ တရားမ၀င် ပိုးသတ်ဆေးများကို လုံးဝ ၀ယ်ယူသုံးစွဲခြင်းမပြုရပါ။
မြန်မာနိုင်ငံနှင့် ကုန်းတွင်းပိုင်းနယ်နမိတ် ထိစပ်သောနိုင်ငံများမှ တရားမ၀င် ၀င်ရောက်လာသော ပိုးသတ်ဆေးများမှာ မြန်မာစာ အညွှန်း မပါရှိခြင်း၊ ဆေးဘူး / ဆေးထုပ်ထဲတွင် မည်သည့် အဆိပ်ရှိပစ္စည်းများအား ပေါင်းစပ် ထည့်သွင်းထားခြင်း၊ မည်သည့် ဆေးနှုန်းထားဖြင့် ဖျန်းရမည် စသည်တို့ကို ဖတ်ရှုနားလည်ရန် ခက်ခဲခြင်း၊ မတော်တဆ အဆိပ်သင့်သော ကိစ္စရပ်တွင်မူ မည်သို့ဆောင်ရွက်ရမည် ဟူသော အသိပေးချက်များ မပါရှိခြင်း၊ ပါရှိပြီး မဖတ်တတ်ခြင်း၊ ကုမ္ပဏီ၏ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိနိုင်ခြင်း တို့ကြောင့် ထိုပိုးသတ်ဆေးများကို အသုံးပြုလျှင် ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်ပြီး ဆေးဖျန်းသူ၊ သီးနှံစားသုံးသူများနှင့် ပတ်ဝန်းကျင်အတွက် အလွန်စိုးရိမ်ဖွယ် ကောင်းလှပါသည်။
ဤနေရာတွင် ပိုးသတ်ဆေးကိုင်တွယ်သုံးစွဲသူများ ဆောင်ရန် / ရှောင်ရန် စသည့် အချက်များကို အဓိက မဆွေးနွေးလိုဘဲ လက်တွေ့ လုပ်ကိုင်ဆောင်ရွက်ရာတွင် စဉ်းစားရန်လိုအပ်သည့် အဓိက အချက်များကိုသာ အလေးထား ဆွေးနွေးလိုသည်။
ပိုးသတ်ဆေးသည် မည်သို့ပင် အစွမ်းထက်သောဆေးဖြစ်စေကာမူ အသုံးပြုသူ၏ မှန်ကန်စွာ အသုံးချမှုအပေါ် မူတည်ပြီး ဆေးထိရောက် မှုရှိ / မရှိ ကွာခြားနိုင်သည်။ ဖျက်ပိုးများအား ကာကွယ်နှိမ်နင်းရာတွင် ရွေးချယ်သောဆေးမှန်ကန်မှု၊ ဆေးနှုန်းထားမှန်ကန်မှု၊ ဖျက်ပိုး များအား နှိမ်နင်းရမည့် အချိန်တွင် အချိန်ကိုက် ဆေးဖျန်းနိုင်မှုတို့သည် အရေးပါလှသည်။ ထိုအချက်များအားလုံးကို ပိုးသတ်ဆေး အညွှန်းစာ (Label) တွင် ဖေါ်ပြထားသဖြင့် ဆေးအသုံးမပြုမီ အညွှန်းစာအား သေချာစွာ ဖတ်ကြည့်ပြီးမှ ဆောင်ရွက်သင့်သည်။
အချို့ အင်းဆက်ဖျက်ပိုးများ နှင့် ရောဂါဖြစ်စေသောမှိုများမှာ မြေကြီးထဲတွင် နေထိုင်ပြီး တိုက်ခိုက်ဖျက်ဆီးခြင်း၊ ရောဂါဖြစ်စေခြင်း တို့ကြောင့် အရွက်ကို ဖျန်းခြင်းထက် မြေကြီးထဲသို့ ထည့်သွင်းခြင်း၊ မျိုးစေ့ကို လူးနယ်ခြင်းက ပို၍ ထိရောက်သည်။ သီးနှံ သက်တမ်း တစ်လျှောက် ပိုးသတ်ဆေးတစ်မျိုးတည်းကို ဆက်တိုက် သုံးစွဲမည့်အစား ဆေးပြောင်းလဲ သုံးစွဲသင့်သည်။
ပိုးသတ်ဆေးပက်ဖျန်းရာတွင် တောင်သူများသည် နီးစပ်ရာရေမြောင်းထဲမှ သန့်ရှင်းမှုမရှိသော ရေများဖြင့် ရောစပ်ပက်ဖျန်းကြသဖြင့် ပိုးသတ်ဆေး၏ အာနိသင်လျော့ခြင်း၊ ပျက်ပြယ်ခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် သန့်ရှင်းကြည်လင်သောရေနှင့်သာ ရောစပ် ပက်ဖျန်းသင့်သည်။ ထို့အတူ အသုံးပြုသောပိုးသတ်ဆေး ကိရိယာသည်လည်း မှန်ကန်ကောင်းမွန်ရမည်။
တစ်ချို့တောင်သူများသည် အချိန်နှင့်လုပ်အား သက်သာလိုခြင်း၊ ပိုမိုထိရောက်မည်ဟု ထင်မြင်ယူဆခြင်းတို့ကြောင့် ပိုးသတ်ဆေး (၂)မျိုး /(၃)မျိုးအား မိမိဘာသာရောစပ်၍ ဖျန်းကြသည်။ ရွက်ဖျန်းမြေသြဇာနှင့်လည်း ရောစပ်၏။ ပိုးသတ်ဆေးများအား အတိုင်းအဆမရှိ မိမိဘာသာရောစပ်ခြင်းကြောင့် အာနိသင်ပြောင်းလဲခြင်း၊ အပင်ဆေးလောင်ကျွမ်းခြင်း၊ ထိရောက်မှုအားနည်ခြင်း၊ ပိုးသတ်ဆေး ဓါတ် ကျွင်းများဖြစ်ပေါ်ခြင်း စသည်တို့ ဖြစ်ပေါ်နိုင်သဖြင့် ကိုယ့်သဘောနှင့်ကိုယ် ပိုးသတ်ဆေးများအား ရောစပ် ပက်ဖျန်းခြင်းကိုလည်း မပြုလုပ်သင့်ပေ။
ထို့အတူ ပိုးသတ်ဆေးပက်ဖျန်းသုံးစွဲရာတွင် သတ်မှတ်ထားသော ဆေးနှုန်းထားထက် လျော့ဖျန်းခြင်း၊ ပိုဖျန်းခြင်းတို့မလုပ်သင့်ပေ။ တစ်ချို့သော ဆေးအနံ့လေးပေးပြီး ပိုးကို အဝေးသို့ ပြေးစေချင်သည်ဟုဆိုကာ ထောက်ခံထားသော ပမာဏကို အသုံးမပြုဘဲ ဆေးနှုန်း ထားကို လျော့ဖျန်းကြသည်။ ထိုအခါ ထိရောက်မှုမရှိဘဲ မိမိနှိမ်နင်းလိုသည့် ဖျက်ပိုးအား ကာကွယ်နှိမ်နင်းနိုင်ခြင်းမရှိသည့် ပြဿနာကို ကြုံတွေ့ရတတ်သည်။
တစ်ချို့တောင်သူများ ပိုးမသေမှာ စိုးရိမ်သဖြင့် အသုံးပြုရမည့် ဆေးပမာဏထက် ပိုဖျန်းကြသည်။ ပိုးများသေစေသောပမာဏထက်ပို အသုံးပြုပါက ပိုးများသေစေရုံမျှမက တောင်သူများ သတိမမူမိသော ပြဿနာ (၃)ရပ်ကို မကြာမီအတွင်း ခံစားလာရတော့မည် ဖြစ်ပေ သည်။
- ဖျက်ပိုးများသည် ဆေးကိုခံနိုင်ရည် ရှိလာတတ်သည်။ ခံနိုင်ရည်ရှိသော ပိုးသည် နှိမ်နင်းရန် မလွယ်ကူတော့ပေ။ ထို့အပြင် ဆေး ဖျန်းလျှင် အရင်သုံးခဲ့သောဆေးနှုန်းပမာဏထက် ပိုအသုံးပြုရသဖြင့် ပိုးသတ်ဆေးဖိုး ငွေပိုမိုကုန်ကျစေသည်။
- ပိုးသတ်ဆေးများကို လိုအပ်သည်ထက်ပိုဖျန်းလျှင် သီးနှံပေါ်တွင် ဓါတ်ကြွင်းအာနိသင် ပိုမိုပါဝင်နိုင်သဖြင့် စားသုံးသူများကို အန္တရာယ်ဖြစ်စေသည့် အပြင် နိုင်ငံခြားဈေးကွက်သို့ တင်ပို့ရောင်းချခွင့်လည်း ဆုံးရှုံးနိုင်သည်။
- အသုံးပြုရမည့် ဆေးပမာဏထက်ပို၍ နှုန်းလွန်ပမာဏ ပက်ဖျန်းခြင်းဖြင့် သီးနှံပင်တွင် ကျရောက်သည့် သာမန်ဖျက်ပိုးများသည် အဓိက ဖျက်ပိုးများဖြစ်လာသည်။ ထိုပိုးများကိုထပ်မံနှိမ်နင်းရသဖြင့် ပိုးသတ်ဆေးဝယ်ယူစရိတ်၊ ဆေးဖျန်းစရိတ် စသည်တို့ ကုန်ကျစေသည့်အပြင် ဆေးဖျန်းသူကိုလည်း အန္တရာယ်ဖြစ်စေနိုင်သကဲ့သို့ ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းမှု ဖြစ်ပေါ်စေနိုင်သည်။
ပိုးသတ်ဆေးသုံးစွဲသူများသည် ဆေးဖျန်းမည်ဆိုပါက ပိုးသတ်ဆေးဘူး / ဆေးထုတ်များတွင် ဖေါ်ပြပါရှိသည့် သီးနှံများမခူးဆွတ် မရိတ်သိမ်းမီစောင့်ဆိုင်းရမည့် အချိန်ကာလ (PHI = Pre- Harvest Interval )ကိုလိုက်နာရမည်။ သီးနှံများ မခူးဆွတ် မရိတ်သိမ်းမီ် စောင့်ဆိုင်းရမည့် အချိန်ကာလ (PHI = Pre-Harvest Interval) ကို (၁၄) ရက်ဟုဖော်ပြထားလျှင် ပိုးသတ်ဆေးဖျန်းပြီးနောက် (၁၄) ရက်နေ့ကျော်မှ သီးနှံများကို ခူးဆွတ်ရိတ်သိမ်းရမည်။ ထိုသို့မဟုတ်ဘဲ ခူးဆွတ်ရိတ်သိမ်းပါက သီးနှံများတွင် ဓါတ်ကြွင်းပါဝင်မှု ပြဿနာများနှင့် ကြုံတွေ့ရတတ်သည်။ စားသုံးသူကိုလည်း အန္တရာယ်ဖြစ်စေသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ ၀န်ထမ်းများ ကျေးရွာအရောက် ပိုးသတ်ဆေးကိုထိရောက်စွာနှင့် အန္တရာယ်ကင်းစွာ အသုံးပြုရေးသင်တန်းများ ပို့ချချိန်တွင် ပိုးသတ်ဆေးကို ကိုင်တွယ်သုံးစွဲမည့်သူကိုယ်တိုင်တက်ရောက်နားထောင်ကာ မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကို လေ့လာဆွေးနွေးမေးမြန်းသင့်ပေသည်။ မိမိအိမ်မှ ကလေးများ၊ သက်ကြီးရွယ်အိုများကိုသာ တက်ရောက်စေခိုင်းခြင်း မပြုသင့်ပေ။
သို့မှသာ ပိုးသတ်ဆေးသုံးစွဲရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို နားလည်သဘောပေါက်ပြီး မိမိနှင့် ပတ်ဝန်းကျင်ကို မထိခိုက်အောင် သတိထားဆောင်ရွက်နိုင်မည် ဖြစ်သည်။ ပိုးသတ်ဆေးဖျန်းမည့်သူသည် မိမိဆေးဖျန်းလိုက်လျှင် ပိုးများသေ မသေ မည်ဖြစ်သကဲ့သို့ မိမိကိုယ်တိုင်တွင်လည်း အန္တရာယ်ဖြစ်စေနိုင်သည်ကို သတိပြုရန်နှင့် တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ (Personal Protective Equipment) ၀တ်ဆင်ကာ ဆေးဖျန်းသင့်သည်။
ပိုးသတ်ဆေးအား တရားဝင်လွတ်လပ်စွာ ရောင်းဝယ်ဖေါက်ကားခွင့်ကို ပုဂ္ဂလိက လက်ထဲသို့ လွှဲပြောင်းပေးအပ်ခြင်းနှင့် အတူ ဈေးကွက် စီးပွားရေးကို အပြိုင်အဆိုင် ဆောင်ရွက်ရာ၌ ပိုးသတ်ဆေးကြော်ငြာများသည်လည်း ပါဝင်ပတ်သက်လာသည်။ ပိုးသတ်ဆေးကြော်ငြာ များတွင် ပိုးသတ်ဆေး ဖျန်းနေသော သရုပ်ဆောင်များသည် မည်သည့် အကာအကွယ်ပစ္စည်းမှ ၀တ်ဆင်ထားမှုမရှိခြင်း၊ ဆေးဖျန်းမှု နည်းစနစ်မှန်ကန်မှု မရှိသည်မှာလည်း အထူးပြုပြင်သင့်စရာပင် ဖြစ်သည်။ ကုမ္ပဏီများဘက်မှလည်း တောင်သူများပိုးသတ်ဆေးကို လိုအပ်သည်ထက် ပိုမိုသုံးစွဲအောင် ဆွဲဆောင်ရောင်းချခြင်း မပြုလုပ်ရန်လည်း လိုပါသည်။
တောင်သူများ၏ စားဝတ်နေရေးအတွက် နေ့စားအငှါးလိုက် ပိုးသတ်ဆေးဖျန်းခြင်း၊ မိမိသီးနှံစိုက်ခင်းအတွင်း မိမိကိုယ်တိုင် ဖျန်းသူ များသည် အကာအကွယ်ပစ္စည်းများ ၀တ်ဆင်ပြီးမှ ဆေးဖျန်းသင့်ပေသည်။ ထို့ကြောင့် ပိုးသတ်ဆေးဖျန်းသူသည် ပိုးသတ်ဆေး ကိုင်တွယ်သုံးစွဲမှုနှင့် ပတ်သက်သည့် ဗဟုသုတရှိရန်လည်းလိုအပ်ပေသည်။ ဗဟုသုတ၇ှိရန် လေ့လာရန်မှာ ပိုးသတ်ဆေးသုံးစွဲသူ၏ တာဝန် ဖြစ်သည်။
မိမိသီးနှံစိုက်ခင်းများတွင် ပိုးသတ်ဆေး ဖျန်းသင့်မဖျန်းသင့် ချင့်ချိန်သင့်သည်။ မိမိစိုက်ခင်းတွင် ပိုးမွှားရောဂါကျရောက်မှုမှ ကာကွယ်နှိမ် နင်းရန်အတွက် ပိုးသတ်ဆေးသုံးစွဲခြင်း တစ်ခုထဲကို မဟုတ်ဘဲ လက်လှမ်းမီရာ အခြားနည်းလမ်းများ စုပေါင်း၍ ဘက်စုံသီးနှံကာ ကွယ်ရေးစနစ် (IPM = Integrated Pest Mangement)ကို ဆောင်ရွက်သင့်ပေသည်။ ပိုးသတ်ဆေးကို နောက်ဆုံးလက်နက်အဖြစ် မဖြစ်မနေ သုံးစွဲရမည့်အခြေအနေရောက်မှသာ သုံးစွဲသင့်ပေသည်။ လိုအပ်ပါက စိုက်ပျိုးရေးဦးစီးဌာနများသို့ အချိန်မရွေးဆက်သွယ်၍ အကြံဥာဏ်ရယူနိုင်သည်။ သို့မှသာ လူနှင့် ပတ်ဝန်းကျင်အတွက် အန္တရာယ် နည်းပါးသော၊ ရေရှည်တည်တန့်သော စိုက်ပျိုးရေးအဖြစ် အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်မည် ဖြစ်သည်။
စိုက်ပျိုးရေးဦးစီးဌာန
The post တောင်သူဦးကြီးများသတိပြုရမည့် ပိုးသတ်ဆေး appeared first on Myanmar Farmers' Portal.