မိုးစိုက်ပဲတီစိမ်း
ပဲတီစိမ်းကိ မိုးရာသီတွင် သီးထပ်စိုက်သည့်အလေ့ကို စစ်ကိုင်းတိုင်း၊ ဆာလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ကနီ၊ ဘုတလင်၊ မုံရွာ၊ အရာတော် တို့တွင် နှစ်အတော်ကြာကပင် ကျင့်သုံးခဲ့ပါသည်။ ယခုအခါ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အရှေ့ဘက်ခြမ်းနှင့် မတွေးတိုင်းတို့တွင် မိုးစိုက် ပဲတီစိမ်းများကို တိုးချဲ့စိုက်ပျိုးလျှက်ရှိသည်။ ဧရာဝတီတိုင်းတွင်လည်း အင်္ဂပူ၊ ကြံခင်း၊ မြန်အောင်တို့တွင် စိုက်ပျိုးကြသည်။ သီးညှပ်အဖြစ် မိုးပြောင်းဖူး၊ နှမ်းလျင်၊ ပဲစင်းငုံ၊ မိုးနေကြာတို့နှင့် ညှပ်၍ စိုက်ကြပါသည်။ မိုးကြိုစိုက် ပဲတီစိမ်းများသည် ဇူလိုင်လ မိုးပြတ်ချိန်တွင် ကောက်သိမ်းရပါက အရည်အသွေးကောင်းပသည်။
သတိပြုရန်အချက်များ
- ရေ၀ပ်မခံရန်အရေးကြီးပါသည်။ လယ်မြေဖြစ်ပါက ပတ်မြောင်းနှင့် စိုက်ကွက်အလယ်တွင် ရေထုတ်မြောင်းများ လုပ်ထားရမည်။
- ရင့်မှည့်ချိန်တွင် မိုးကြီးမိပါက သီးတောင့်များ ရေစွတ်စို၍ စိမ့်ဝင်နူးအိသွားကာ အစေ့ကပ်၍ ပုပ်သွားနိုင်ပါသည်။
- ပဲတီစိမ်းရင့်မှည့်လာသောအခါ အခွံအနက်ရောင်ပြောင်းသွားကာမျိုး၊ အခွံတွင် အမွှေးအမျှင် ထူထူရှည်ရှည်ပါသောမျိုးများမှာ ရေထိခံနိုင်သည်။ အတွင်းကို ရေ၀င်ရန် ခဲယဉ်းသည်။
- ပဲတီစိမ်းရွှေဝါမှာ မိုးကြီးမိခြင်းကို မခံနိုင်ပါ။
- ပဲတီစိမ်းတွင် အဆုံးမရှိပန်းပွင့်နေတတ်သည့် မျိုးတွေကများသည်။ အစသတ်သောမျိုး၊ တစ်ကြိမ်တည်းနှင့် ပန်းပွင့်တုံးသွားသော မျိုးများရှာဖွေစိုက်ရမည်။ လက်ရှိမျိုးများမှာ အစိုဓါတ်ရှိနေသ၍ ဆက်ပွင့်နေပြီး အခြေအနေပေးပါက အသီးဆက်ကောက်သင့်သည်။
မိုးလယ်စိုက် ပဲတီစိမ်း
မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောင်ပိုင်းနှင့် ရှမ်းပြည်နယ်အနောက်ပိုင်းတို့တွင် မေလ၊ ဇွန်လတွင် မိုးသည်းထန်စွာ ရွာသွန်း တတ်ပြီး ဇူလိုင်လနှင့် သြဂုတ်လတို့တွင် မိုးကွက်ကြားရွာပြီး မိုးပြတ်မိုးခေါင်နေတတ်ပါသည်။ သြဂုတ်လနှင့် စက်တင်ဘာလဆန်းတွင် ရွာသောမိုးနှင့် စိုက်သောပဲတီိစိမ်းသည် အစိုဓါတ်လုံလောက်စွာ ရရုံတင်မက ရိတ်သိမ်းချိန်ဖြစ်သော နိုဝင်ဘာလ၊ ဒီဇင်ဘာလတွင် မိုးလွတ်သဖြင့် အထွက်နှုန်းကောင်းပြီး အရည်အသွေးလည်း ကောင်းတတ်ပါသည်။
သတိပြုရန် အချက်များ
- မိုးလယ်စိုက်ပဲတီစိမ်းကို စိုက်ချိန်နောက်ကျသွား၍ည ပန်းပွင့်ပြီး သီးတောင့်ဖြစ်ထွန်းချိန်တွင် မိုးပြတ်နေပါက ရေသွင်းပေးရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ သြဂုတ်လအတွင်း မစိုက်နိုင်ပါက စက်တင်ဘာလဆန်းသည်နှင့် စိုက်ဖြစ်အောင် စိုက်သင့်ပါသည်။
- မိုးလယ်ရာသီတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး (ကချင်၊ ချင်း၊ ရှမ်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းမှ လွဲ၍) အပူချိန်မြင့်ပြီး စိုထိုင်းစလည်း များတတ်ရာ အပင်ပိုင်းဖြစ်ထွန်းမှု များလွန်းအားကြီး၍ မျိုးစေ့နှုန်းလျော့စိုက်သင့်သည်။ ပျဉ်းမနားကဲ့သို့  မြေသြဇာသန်သော ဒေသ တွင် တန်ကြား (၂) ပေခန့် ထားပြီး စိုက်သင့်သည်။ သို့မဟုတ် လက်ကြဲကြဲပါက ထွန်ကြောင်းခံပြီး မျိုးလေးပြည်မှ ခြောက်ပြည်ခန့် အထိ ကြဲသင့်ပါသည်။
- မိုးလယ်စိုက်တွင် စိုက်ချိန်တွင်သော်လည်းကောင်း၊ စိုက်ပြီးမကြာမီသော်လည်းကောင်း အစိုဓါတ်လုံလောက်စွာ ရရှိနိုင်ပါက ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်သင့်ပါသည်။ မျိုးစေ့များမစိုက်မီ တိုက်ရိုက်နေရာင်နှင့်မထိအောင် ဖုံးအုပ်ထားရမည်။
- မြေအချဉ်အငံဓါတ် ၅ ထက် နည်းမည်ဆိုလျှင် လတ်တလောမပြုပြင်နိုင်ပါက ကျောက်မှုန့်မြေသြဇာ၊ ( မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ထုတ်လုပ်သော (စပါးနှံ တံဆိပ်) ) တစ်ဧက ၅ အိတ်နှုန်းထည့်သင့်သည်။ တီစူပါအိတ်ကြီး ၄ ပုံတစ်ပုံ ထည့်သင့်သည်။
Source by – လယ်/ဆည်
The post မိုးစိုက်ပဲတီစိမ်းနှင့် မိုးလယ်စိုက်ပဲတီစိမ်း စိုက်ပျိုးရာတွင် သတိပြုရန်အချက်များ appeared first on Myanmar Farmers' Portal.