ငရုတ်မှာ သီးနှံလောကတွင် တန်ဖိုးမြင့်သီးနှံ High value crop တစ်မျိုးဖြစ်သည်။ ပေါ်ပင်သီးနှံမဟုတ်၍ ဈေးကွက်ပျက်ရန်၊ ဈေးကွက် မှ ပျောက်သွားရန်အကြောင်းမရှိပါ။
အချို့သောနိုင်ငံများက ငရုတ်ကို ဆောင်းသီးနှံအဖြစ်သာမက မိုးကာလစပါးစိုက်ခင်းများ၏ ကန်သင်းရိုးများ၌ပင် ကြိုးစားစိုက်ကြသည်။
ငရုတ်စိုက်ပျိုးသူများက အပင်များကြီးထွားရန် ယူရီးယားကဲ့သို့ နိုက်ထရိုဂျင်မြေဩဇာများကို အသုံးပြုပြီး၊အပွင့်အသီးများဖြစ်ပေါ်ရန် တီဆူပါမြေဩဇာများကို သုံးကြသည်။
သို့သော် အဓိကအာဟာရ ၃ မျိုးတွင် တစ်မျိုးဖြစ်သော ပိုတက်စီယမ်(ခေါ်)ပြာဓာတ်ကို ချန်လှပ်ထားကြသည်။
ဤသို့ချန်လှပ်ထားခြင်းမှာ ပိုတက်စီယမ်၏ အာနိသင်ပြမှုမှာ ယူရီးယားတို့ တီဆူပါတို့လောက် မပေါ်လွင်ခြင်းကြောင့်ဖြစ်သည်။
အမှန်မှာ အရွက်မှချက်လုပ်သော အစာများ အစာသိုလှောင်ရာ အသီးများဆီသို့ရွှေ့ပြောင်းရာတွင် ပိုတက်စီယမ်မှာအဓိကဖြစ်သည်။
ပိုတက်စီယမ်၏ အာနိသင်ပြမှုကို နောက်ဆုံးအသီးအထွက်နှုန်းအပေါ်၌သာ တွေ့မြင်နိုင်သည်။
ပိုတက်စီယမ်သည် အသီးအလေးချိန်ကိုတိုး စေသည်။
အသီးအရောင်ကိုလည်း တောက်ပစေသည်။
ပိုတက်စီယမ်မြေဩဇာကို အသုံးပြုခြင်းမှာ အသီးမှည့်များကို နေလှန်းချိန်မှ ဆားရည်ပက်ဖျန်းခြင်းနှင့် မတူပါ။
ဆားရည်များမှာ အသီးများအတွင်းပေါင်းစည်းခြင်းမရှိဘဲ အရည်ပျော်ပြန်ထွက်လာခြင်းကြောင့် ငရုတ်သီးများ ပျက်ဆီးရသည်။
အပင်စိုက်စဉ်အသုံးပြုသော ပိုတက်စီယမ်မှာကား ငရုတ်အသားထဲတွင် တည်ဆောက်ထားခြင်းကြောင့် အရည်ပျော်ပြန်ထွက်ရန် အကြောင်းမရှိပါ။
ငရုတ်များ ပွင့်ခါနီးမှ အသီးကင်းစတည်ချိန်အထိမှာ အာဟာရလိုအပ်မှု အလွန်ကြီးမားသည်။
အပင်၏ သက်တမ်းတစ်လျောက် အစာပမာဏအများဆုံး လိုအပ်ချိန်လည်းဖြစ်သည်။
ထို့ကြောင့် မြေမှချကျွေးထားသော မြေဩဇာအလုံအလောက်ရှိနေသည့်တိုင်အောင် အပင်၏အားနည်းချက်များ၊ ဝန်းကျင်အခက်အခဲ
များကြောင့် အပင်အတွက်လိုအပ်သော အာဟာရကို အပြည့်အဝမရရှိနိုင်ပါ။
ထိုအချိန်နှင့် နှောင်းပိုင်းကာလတွင် ပိုတက်စီယမ်နိုက်ထရိတ်ကို အရွက်ဖျန်းမြေဩဇာအဖြစ် ပက်ဖျန်းပေးပါက အသီးများ အလေးချိန် တိုးခြင်း၊ အရောင်လှပခြင်း၊ စသည့်အကျိုးထူးများကို ရရှိနိုင်ပါသည်။
Credit – ဦးဖရက်သိန်းဖေ
The post ငရုတ်သီးများ အလေးချိန်တိုးစေခြင်း နှင့် အရောင်ကောင်းစေခြင်း နည်းစနစ်ကောင်းများ appeared first on Myanmar Farmers' Portal.