Quantcast
Channel: စိုက်ပျိုးရေးနည်းပညာ – Myanmar Farmers' Portal
Viewing all articles
Browse latest Browse all 691

သဘာဝမြေသြဇာများပြုလုပ်သုံးစွဲနည်း

$
0
0

သဘာဝမြေသြဇာသည် ဓါတ်မြေသြဇာနှင့် နှိုင်းယှဉ်ပါက အာဟာရဓါတ်ပါဝင်မှု မများသော်လည်း မြေဆီလွှာ ကောင်မွန်ရေးအတွက် မရှိမဖြစ်လိုအပ်သော မြေသြဇာများဖြစ်ပါသည်။ အထူးသဖြင့် မြေဆီလွှာ၏ ရုပ်/ဂုဏ်သတ္တိ အခြေအနေများကို ပြုပြင်ပြောင်းလဲပေးနိုင် သည့်အပြင် သီးနှံအထွက်နှုန်းတိုးရေးအတွက် အထောက်အကူဖြစ်စေပါသည်။ စိုက်ပျိုးမြေများတွင် သဘာဝမြေသြဇာများကို  နှစ်စဉ် ထည့်သွင်းပေးခြင်း ဖြင့် စိုက်ပျိုးမြေများအား မြေဆီသြဇာထက်သန်စေပါသည်။

သဘာဝမြေသြဇာ၏ အကျိုးအာနိသင်ကို တောင်သူလယ်သမားများ သိရှိသော်လည်း သဘာဝမြေသြဇာပြုလုပ်ရန် ကုန်ကြမ်း (Bio Mass) ကို လိုအပ်ပါသည်။ တောင်သူလယ်သမားအများစုသည် ဗေဒါ၊ နှမ်းရိုး၊ ကောက်ရိုး၊ မြေပဲရိုး၊ ပဲရိုးစသည်များကို စုဆောင်း သိုလှောင်မှုမပြုလုပ်ဘဲ အလွယ်တကူရနိုင်သမျှနှင့် ရောင့်ရဲနေခြင်း၊ ဓါတ်မြေသြဇာကိုသာ အဓိက မှီခိုအားထားသုံးစွဲလိုခြင်းများကြောင့် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲမှုတွင် အချို့သောတောင်သူလယ်သမားများ လက်ခံသုံးစွဲမှုမှာ အားနည်းကြောင်း လေ့လာတွေ့ရှိရပါသည်။

၂၀၃-၂၀၀၄ ခုနှစ်တွင် တောင်သူလယ်သမားများ ပြုလုပ်သုံးစွဲမည့် သဘာဝမြေသြဇာ အမျိုးအစားနှင့် ပတ်သတ်၍ အချက်အလက် အကျဉ်းချုပ်ကို အောက်တွင် ထုတ်နှုတ်ဖော်ပြပါသည်။

(၁) ကြံမြှုပ်ချေးသဘာဝမြေသြဇာ။         ။ ကြံမြှုပ်သဘာဝမြေသြဇာကို (Bio Composer) ဟုလည်း ခေါ်ပါသည်။ သကြားစက်များ၏   ဘေးထွက်ပစ္စည်းဖြစ်သော ကြံမြှုပ်ချေးများအား အီးအမ် ( Effective micro organism – EM) ဖျော်ရည်ပက်ဖျန်း၍ သိပ္ပံနည်းကျ    ဆွေးမြေ့စေပြီး နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက်ဆီယမ်၊ ကယ်လဆီယမ် နှင့် ဆာလဖိတ်ဓါတ်များကို အချိုးကျဖြည့်စွက်၍ ထုတ်လုပ်   သော မြေသြဇာများ ဖြစ်ပါသည်။

(၂) အားဖြည့်သဘာဝမြေသြဇာ ။          ။ အားဖြည့်သဘာဝမြေသြဇာသည် မြို့လူထုစွန့်ပစ်အမှိုက်ဆွေးများကို အခြေခံ၍   ပြုလုပ်ထား   သော မြေသြဇာဖြစ်ပါသည်။ ဆွေးမြေ့ပြီး အမှိုက်များအား စက်အား၊ လူအားဖြင့် သတ္တုပစ္စည်း၊ ဖန်နှင့် ကြွေထည်ပစ္စည်း၊ ပလပ်စတစ် ပစ္စည်းများကို ရွေးထုတ်ပြီး အီးအမ်ဖျော်ရည်ပက်ဖျန်း၍ သိပ္ပံနည်းကျဆွေးမြေ့စေပါသည်။ ထို့အပြင် သီးနှံပင်များအတွက် လိုအပ်သည့် အနည်းလို အာဟာရဓါတ် (micro element)များပါဝင်သဖြင့် သီးနှံအထွက်နှုန်း တိုးတက်ရေးကို အထောက်အကူ ဖြစ်စေပါသည်။

(၃) ဘိုင်အိုစူပါ ။          ။ စိုက်ပျိုးသီးနှံပင်တွင် ရွက်ဖျန်းမြေသြဇာအရည်အဖြစ် သုံးစွဲသော မြေသြဇာအမျိုးအစားဖြစ်ပါသည်။ သီးနှံပင် များအတွက် အဓိက လိုအပ်သော အာဟာရဓါတ်နှင့် အနည်းလိုအာဟာရ ဓါတ်များ ပါဝင်သော မြေသြဇာအမျိုးအစားဖြစ်ပြီး သီးနှံပင်၏ အရွက်အပေါ်နှင့် အောက်မျက်နှာ နှစ်ဖက်စလုံးပက်ဖျန်းပေးရသော မြေသြဇာအမျိုးအစားဖြစ်ပါသည်။ သုံးစွဲရာတွင် လွယ်ကူပြီး သယ်ယူ ကိုင်တွယ် စရိတ်သက်သာပြီး အထူးသဖြင့် ပဲမျိုးစုံသီးနှံအတွက် ပိုမိုသင့်လျှော်ပါသည်။

(၄) စပါးခွံမီးသွေး။        ။ သီးနှံရိတ်သိမ်ရာမှ အလေအလွင့်များဖြစ်သော စပါးခွံ၊ ပြောင်းရိုး၊ ပဲခွံများကို မီးသွေးအဖြစ် ပြုလုပ်၍ သဘာဝမြေသြဇာအဖြစ် ပြုလုပ်သုံးစွဲခြင်းစနစ် ဖြစ်ပါသည်။ စပါးခွံမီးသွေးကို စိုက်ပျိုးမြေအတွင်းသို့ ချက်ချင်းထည့်ပေးခြင်းဖြင့် မီးသွေးရှိ အပေါက်ငယ်များကြောင့် မြေတွင်းလေ၀င်လေထွက်ကောင်းမွန်စေပြီး အပင်၏အမြစ်များ ဖြစ်ထွန်းမှု အားကောင်းစေခြင်း၊  မြေတွင်း အစိုဓါတ်ထိန်းသိမ်း နိုင်ခြင်း၊ စပါးခွံမှ ပါဝင်သော ဆီလီကာဓါတ်များ အပင်မှ ရယူအသုံးပြုနိုင်ခြင်း ဖြစ်ပေါ်စေပါသည်။

(၅) သီးနှံဘေးထွက်ပစ္စည်း ။      ။ သီးနှံဘေးထွက်ပစ္စည်းများဖြစ်သော ကောက်ရိုး၊ နှမ်းရိုးနှင့် ကျွဲနွားစာပိုလျှံသော သီးနှံဘေးထွက် ပစ္စည်းများဖြစ်သည့် ပဲရိုး၊ နေကြာရိုး၊ပြောင်းဖူးရိုး၊ ပဲစင်းငုံ ရိုးဖြတ်စများကို မြေတွင်ထည့်သွင်းပေးခြင်းဖြင့် မြေဆီလွှာတွင် ရုပ်ဂုဏ်သတ္တိ တိုးတက်စေသည့်အတွက် သီးနှံအထွက်နှုန်းတိုးရေးကို အထောက်အကူပြုစေမည်ဖြစ်ပါသည်။

(၆) နွားချေးသဘာဝမြေသြဇာ။   ။ တောင်သူလယ်သမားများသည် မိမိတို့ လယ်ယာလုပ်ငန်းခွင်အတွက် ခိုင်းကျွဲ၊ ခိုင်းနွားများကို အသုံးပြုကြပါသည်။ သို့အတွက် တောင်သူလယ်သမားများသည် မိမိတို့ကိုယ်ပိုင်ကျွဲနွားများမှ စွန့်ပစ်ပစ္စည်းများကို သစ်ရွက်ခြောက်၊ အမှိုက်ဆွေး၊ ကောက်ရိုး၊ မြက်ခြောက်စသည်တို့ကိုပါ ရောနှော၍ စနစ်တကျ သိုလှောင်သုံးစွဲခြင်းဖြင့် စိုက်ပျိုးမြေ၏မြေဆီလွှာ ရုပ်ဂုဏ် သတ္တိတိုးတက် ကောင်းမွန်စေပြီး သီးနှံအထွက်နှုန်းတိုးတက်ရေးကို အထောက်အကူပြုစေမည်ဖြစ်ပါသည်။

Source by – လယ်/ဆည်

 

The post သဘာဝမြေသြဇာများပြုလုပ်သုံးစွဲနည်း appeared first on Myanmar Farmers' Portal.


Viewing all articles
Browse latest Browse all 691

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>