ပြောင်းဖူးအမပွင့်သို့ ၀တ်မှုန့်များမကျမီ သို့မဟုတ် အဖိုမှုန့်များဖြင့် မျိုးမကူးစပ်မီ မြိတ်ဆာထွက်စအဆင့်တွင် ရှိသေး သော အမပန်းပွင့် ရှိသော အဖူးကို ပြောင်းဖူးနု ( သို့မဟုတ် ) ဟင်းစားပြောင်း (Baby Corn) ဟု ခေါ်ဝေါ်ကြသည်။ ယင်းပြောင်းဖူးနုများကို တရုတ်၊ ထိုင်ဝမ်၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့နှင့် တောင်အမေရိကတိုက်ရှိ နိုင်ငံအချို့တွင် လွန်ခဲ့ သော ဆယ်စုနှစ်များစွာကပင် ဟင်းသီးဟင်းရွက်အဖြစ် စားသုံး ကြသည်။ ယခုအခါ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒို နီးရှား၊ ကိုးရီးယား၊ ထိုင်းတို့တွင် အများအပြား စားသုံးလာကြ သည်။ မြန်မာနိုင်ငံတွင် လည်း လွန်ခဲ့သော ဆယ်စုနှစ် လောက်ကပင် စတင်စားသုံးလာကြရာ ယခုအခါ စားသောက်ဆိုင်ကြီးများ၊ ဟိုတယ်များတွင် အစိမ်း အကြော်အဖြစ် စားသုံးကြသည်။
ကမ္ဘာ့နိုင်ငံများအနက် ပြောင်းဖူးနုစိုက်ပျိုးသော နိုင်ငံများမှာ ထိုင်းနိုင်ငံ၊ ကွာတီမာလာ၊ တောင်အာဖရိက၊ ဇန်ဘီယာနှင့် ဇင်ဘာဘွေနိုင်ငံ များ ဖြစ်သည်။ အခြားနိုင်ငံများတွင်လည်း ပြောင်းဖူးနုကို စက်မှုကုန်ကြမ်း သီးနှံအဖြစ် တိုးတက် ထုတ်လုပ်ကြသဖြင့် တောင်သုများတွင် ကြားဖြတ်ဝင်ငွေ ရရှိကြသည်။ ပြောင်းဖူးနုကို ဟင်းသီးဟင်းရွက်အဖြစ် စားသုံး သည့်အပြင် စည်သွပ်ဘူး အစားအစာပြုလုပ်ကာ နိုင်ငံခြား သို့ တင်ပို့ရောင်းချ ကြသည်။ ထိုင်းနိုင်ငံသည် အများဆုံး စိုက်ပျိုးထုတ်လုပ်ပြီး ပြည်ပသို့ စည်သွပ်ဘူးအဖြစ် တင်ပို့သည်။
ပြောင်းဖူးနုစည်သွပ်ဘူးကို တင်သွင်းသော နိုင်ငံများမှာ အင်္ဂလန်၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဒိန်းမတ်၊ ဆော် ဒီအာရေဘီးယား၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဂျပန်၊ ဟောင်ကောင်၊ စင်ကာပူ၊ နယူးဇီလန်၊ သြစတေးလျ နှင့် မလေးရှားနိုင်ငံတို့ ဖြစ်သည်။
ပြောင်းဖူးနု စိုက်ပျိုးနည်း
မြေပြုပြင်နည်းမှာ အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း စိုက်ပျိုးနည်းများကဲ့သို့ပင် ထယ်ရေးနက်နက်နှင့် ထွန်ရေးမှုန့် ညက်အောင် ပြုပြင် ရသည်။ နောက်ဆုံးထွန်မမွှေမီ တစ်ဧကလျှင် ယူရီးယား(၁၈၆) ပေါင်၊ တီစူပါဖော့စဖိတ် (၅၆) ပေါင်နှင့် မြူရိတ်အော့ဖ်ပိုတက်ရှ် (၂၈) ပေါင် တို့ကို ညီညာပြန့်နှံ့စွာ ကျဲပက်ပြီး ထွန်မွှေကာ ကြမ်းတုံးဖြင့် ညှိပေး ရသည်။ ၎င်းနောက် လက်မ (၂၀) ကျယ်သော စိုက်ကြောင်းများကို လေးကွက်ကြား ဆွဲရသည်။ ထိုအခါ တစ်တန်း နှင့်တစ်တန်း (၂၀) လက်မ၊ တစ်ကျင်းနှင့် တစ်ကျင်း (၂၀) လက်မ ကွာဝေးမည် ဖြစ်သည်။ ၎င်းနောက် စိုက်ကြောင်း နှစ်ကြောင်းဆုံရာတွင် ပြောင်းဖူးစေ့ (၄-၅) စေ့ထည့်ပြီး မြေဖုံးအုပ်ကာ ကြမ်းတုံးဖြင့် ဖုံးပေးရသည်။ မျိုးပေါက်ကောင်း မွန်ပါက (၃-၄) စေ့ ထည့်လျှင် လုံလောက်သည်။
ပြောင်းဖူးနု သို့မဟုတ် ဟင်းစားပြောင်းစိုက်ပျိုးရာတွင် အသုံးပြုရမည့်ပြောင်းဖူးမျိုးများ
ပြောင်းဖူးမျိုးအုပ်စုများအနက် ကော်ပျော့ပြောင်း၊ ပြောင်းစေး၊ သကြားပြောင်းနှင့် ကော်မာပြောင်းဖူးများကို အသုံးပြု၍ ပြောင်းဖူးနု ထုတ် လုပ်ရန် စိုက်ပျိုးနိုင်သည်။ သို့သော် ၎င်းမျိုးများအနက် သကြားပြောင်းသည် အကောင်းဆုံးဖြစ်ပြီး ကော်ပျော့နှင့် ပြောင်းစေးတို့မှာ ဒုတိယ အကောင်းဆုံး ဖြစ်သည်။ ၎င်းမျိုးများမရနိုင်မှ ကော်မာပြောင်းမျိုး၊ ထိပ်ခွက် ပြောင်းမျိုးတို့ကို အသုံးပြုနိုင်သည်။
အပင်ပေါက်ပြီးနောက် (၇-၁၅) ရက်ကြာလျှင် တစ်ကျင်းတွင် သန်စွမ်းကောင်းမွန်သော အပင်(၃) ပင်ချန်ပြီး ကျန်အပင် များကို နှုတ်ပစ်ရ ပါမည်။ ထိုအခါ တစ်ဧကတွင် အပင်(၄၇၀၄၄) ပင် ၀င်ဆန့်မည် ဖြစ်သည်။ ပေါင်းရှင်းခြင်း၊ မြေဆွခြင်း တို့ကို အပင်ခွဲသည့်နေ့တွင် ပင် ပြုလုပ်ရသည်။ အပင်ပေါက်ပြီးနောက် (၄၅) ရက်ကြာသောအခါ အဖိုနှံများကို နှုတ် ပယ်ရသည်။ အသုံးပြုသောမျိုး၏ သက်တမ်း ကို လိုက်၍ အဖိုနှံနှုတ်ပယ် ရမည့်ရက်ကို ပုံသေမှတ်မထားသင့်ပေ။ သက်လျင်မျိုးဖြစ်လျှင် အပင်ပေါက်ပြီး နောက် ရက်(၄၀) အကြာလောက် တွက် အဖိုနှံကို နှုတ်ပေးရမည်။ အကောင်း ဆုံးမှာ အပင်ထိပ်ဖျားအရွက်ကြားမှ အဖိုနှံများ ထွက်ပြူစတွင် နှုတ်ပယ်ပစ်လျှင် ပို၍ စိတ်ချ ရ သည်။ ဤသို့ အဖိုနှံကို စော၍ နှုတ်ပယ်ခြင်းဖြင့် အမပွင့်ဖြစ်သော ပြောင်းဖူးနု ကြီးထွားမှုကို ပို၍ လျှင်မြန်စေသည်။ အဖိုနှံ နှုတ်ပြီးနောက် (၃) ရက်မှ (၅) ရက် အကြာအတွင်း ပြောင်းဖူးနု၏ အရှည်(၉) စင်တီမီတာ၊ အချင်း (၁.၀ မှ ၁.၅) စင်တီမီတာ၊ ပြောင်းဖူး ထိပ်တွင် ထွက် သော မြိတ်ဆာ(၃) စင်တီမီတာ ခန့်ရှိလာပေမည်။ ထိုအဆင့်တွင် ပြောင်းဖူးနုကို ချိုးယူနိုင်သည်။ ပြောင်းဖူးတစ်ပင်မှ အခွံဖြင့် တစ်ဧက လျှင် ပြောင်းဖူးနု (၂) တန် မှ (၂.၅) တန်နှုန်း ထွက်သည်။ ၎င်းကို အခွံလွှာ သည့်အခါ ပြောင်းဖူးနု(၁၅%) မှ (၁၈%) အထိ ထွက်သည်။ ထို့ကြောင့် (၂) တန်နှုန်းဖြစ်လျှင် တစ်ဧကမှ အခွံလွှာပြီး ပြောင်းဖူးနု (၀.၃) တန်မှ (၀.၃၆၄) တန် ထွက်သည်။ အခွံဖြင့် (၂.၅၀) တန်နှုန်း ထွက်ပါက ပြောင်းဖူးနု (၀.၃၈) မှ (၀.၄၅) တန် ထွက်သည်။ ကြီးကြပ်ကွပ်ကဲမှု ကောင်းပါက လုပ်ချိန် (၈) နာရီ အတွင်း အခွံအုပ်ပြောင်းဖူးနု (၂) တန်ရအောင် ချိုးယူနိုင်သည်။
ပြောင်းဖူးနု တစ်ပိဿတွင် (၁၉၆) ဖူးမှ (၂၄၅) ဖူးအထိ ပါဝင်သည်။
စပါးစိုက်ပျိုးသော တောင်သူများအား ပဲနှင့် ဆီထွက် သီးနှံ မစိုက်ပျိုးနိုင်သော လယ်မြေများတွင် ပြောင်းဖူးနု စိုက်ပျိုး ထုတ်လုပ်စေသင့်သည်။
ဤသို့ စိုက်ပျိုးစေခြင်းဖြင့် လယ်သမားတစ်ဦးသည် (၄၅-၅၀) ရက် အတွင်း ကြားဖြတ်ဝင်ငွေ မြောက်များစွာ ရနိုင် သည်။ စပါးအခြေခံသော သီးနှံစိုက်ပျိုးရေးစနစ်တွင် စပါး-ပြောင်းဖူးနု သီးနှံပုံစံတစ်ခုကို ထည့်သွင်းသင့်သည်။ မြန်မာနိုင်ငံရှိ စည်သွပ်ဘူးထုတ်လုပ်သော စက်ရုံများနှင့် ဆက်သွယ်ညှိနှိုင်း စိုက်ပျိုးလျှင် ပြောင်း ဖူးနု ဈေးကွက်ကို ပိုမိုကျယ်ပြန့်ပေမည်။
Source – စိုက်ပျိုးရေးဦးစီးဌာန
The post ပြောင်းဖူးနု ( သို့မဟုတ် ) ဟင်းစားပြောင်းစိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.