မြန်မာအမည် – မက်မန်း
အင်္ဂလိပ်အမည် – Damson Plum
ရုက္ခဗေဒအမည် – Prunus communis
မျိုးရင်းအမည် – Rosaceae
မူရင်းဒေသ
ဥရောပ၊ တရုတ်၊ ဂျပန် တို့ဖြစ်သည်။
မျိုး
မက်မန်းမျိုးကို သီးစားမျိုးနှင့် ဆားရည်စိမ်မျိုးဟူ၍ အကြမ်းဖျင်းအားဖြင့် ခွဲခြားနိုင်ပါသည်။ သီးစားမျိုးတွင် ကွတ်ခိုင်မက်မန်းမျိုး (Santarosa) သည် အညိုရောင်ရှိ၍ အလုံးကြီးပြီး အစေ့သေး၍ လတ်တတ်ဆတ်ဆတ် စားသုံးနိုင်ပါသည်။
ဆားရည်စိမ်မျိုးတွင် မက်မန်းအညိုမျိုး၊ မက်မန်း အနီမျိုး၊ မက်မန်းအ၀ါမျိုး၊ ဟူ၍ ခွဲခြားထားပါသည်။ ဆားရည်စိမ်မျိုးမှ မက်မန်းဝိုင်၊ မက်မန်းဆားရည်စိမ်၊ မက်မန်းတော်ဖီ စသည်များပြုလုပ်နိုင်ပါသည်။
စိုက်ပျိုးသည့်ဒေသ
နေရောင်ခြည် ကောင်းမွန်လုံလောက်စွာရရှိပြီး လေပြင်းတိုက်ခတ်မှု၊ ဆီးနှင်းကျရောက်မှုနည်းပါးသည့် နေရာဖြစ်သည့် နေရာဖြစ်သင့် သည်။ တောင်ကုန်းမြေမြင့်ဖြစ်လျှင် (၁၀%) အစောင်းထက် မများသော နေရာဖြစ်သင့်သည်။ မြန်မာနိုင်ငံတွင် ကွတ်ခိုင်၊ ကလော၊ ပြင်ဦး လွင် နှင့် ချင်းပြည်နယ်များတွင် စိုက်ပျိုးပါသည်။
ရာသီဥတုအခြေအနေ
ဆောင်းရာသီ ၄၀ ဒီဂရီဖာရင်ဟိုက်အထိနှင့် နွေရာသီတွင် ၉၀ ဒီဂရီဖာရင်ဟိုက်တွင် ဖြစ်ထွန်းသည်။ မိုးရေချိန် ၃၀ -၆၀ လက်မအတွင်း စိုက်ပျိုးဖြစ်ထွန်း ကောင်းမွန်ပါသည်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၃၅၀၀) အထက် ကောင်းမွန်စွာ စိုက်ပျိုးဖြစ်ထွန်းပါသည်။
မြေအမျိုးအစား
ရေစီးဝင်မှုကောင်းမွန်သော မြေဖြစ်၍ (၄.၅ -၅) ပေ အနက်ထိ မြေကျစ် (Hardpan Compacted Layer) မဖြစ်သင့်ပါ။ နှစ်ရှည်ပင်များ အတွက် ရေထိန်းသိမ်းနိုင်သော မြေသားကောင်းဖြစ်သင့်ပါသည်။ မြေအချဉ် အငန်ဓာတ် အနေဖြင့် PH – ၄.၅ – ၆.၅ အတွင်း နှစ်သက် သည်။
စိုက်ပျိုးနည်းစနစ်များ
ဥရောပ မျိုးများအား (၂) နှစ်သား အဖူးမြှုပ်ပင်ကိုလည်းကောင်း၊ ဂျပန်မျိုးများအား (၁) နှစ်သားအဖူးမြှုပ်အပင်ကို လည်းကောင်း စိုက်ပျိုး နိုင်သည်။ ဆောင်ရာသီ အအေးဒဏ်လွတ်အောင် ရှောင်စိုက်ပျိုးရန် ဖြစ်ပါသည်။ စိုက်ပျိုးရာတွင် (၂၀ x ၂၀) ပေနှင့် (၂၄ x ၂၄ ) ပေ စိုက်ပျိုးကြသည်ကို တွေ့ရသည်။
ပြုစုစောင့်ရှောက်ခြင်း
စိုက်ပျိုးချိန်တွင် (၁) နှစ်သား အဖူးမြှုပ်ပင်သို့မဟုတ် (၂) နှစ်သား အဖူးမြှုပ်ပင် စိုက်လျှင် အမြစ်ကို လိုသလောက်ထားကာ ထပ်ဖြတ်ပေးပြီး ပင်မ ပထမဘေးကိုင်း (၃) ကိုင်းကို ရွေးချယ်ပါ။ ၄င်းကိုင်းများကို (၂၀)လက်မထက် မပိုစေဘဲ ဖြတ်ပါ။ အသီးမသီးမီ ကာလတွင် အပင်ပုံ သွင်းပါသည်။ ကိုင်းဖျားကိုသာ ဆောင်ရွက်ပေးရမည်။ လေ၀င် လေထွက်ကောင်းရုံ၊ နေရောင်ခြည်ကောင်းရုံသာ ဆောင်ရွက်ပါ။
အသီးသီးမှု အလေ့အထ
(၂) နှစ်သားနှင့် ၄င်းထက်အကိုင်းများမှ အပွင့် အသီးသီးသည်။ ကိုင်း၏ အဖျားပိုင်းတွင် သီးလေ့ရှိသည်။ (၆) ပေရှည်ကိုင်းတွင် ထိပ်ဖျား (၂) ပေ၊ (၃)ပေတွင် အသီးများ သီးလေ့ရှိသည်။ သန်စွမ်းသော အပွင့်များမှ အသီးသီးလေ့ရှိပြီး ၄င်းပွင့်ဖူးများရှိသော ကိုင်းများသည် တိုတောင်း ပြီး တုတ်ခိုင်လေ့ရှိသော ကိုင်းများဖြစ်သည်။ အသီးများမှ အသီးကိုင်း၏ထိပ်ဖျား၊ ပါးလွှာသော အခေါက်အသားရှိသော နေရာများတွင် သီးလေ့ရှိပါသည်။
ဓာတ်မြေသြဇာကျွေးခြင်း
အပင်၏ အဓိကလိုအပ်သော ဓာတ်မြေသြဇာမှာ ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ်(NPK) ဖြစ်သော်လည်း ယူရီးယား နှင့် ပိုတက်ရှ်များမှာ ပို၍ အရေးကြီးသည်။
အပင်တစ်ပင်အတွက် ယူရီးယား N (၁.၇၅ – ၃) ပေါင် အထိ ကျွေးရန်နှင့် ပိုတက်ရှ် K (၂.၂၅) ပေါင် ကျွေးခြင်းဖြင့် အထွက်နှုန်းကို ပုံမှန် ရရှိစေနိုင်ပါသည်။ အရွက်ထဲရှိ N (၂.၁%) နှင့် (၂%) သည် အသီးထွက် အကောင်းဆုံး အခြေအနေရရှိမှုကို ဖြစ်ပေါ်စေပါသည်။
ရေပေးသွင်းခြင်း
အသီးတင်မှု သီးထွက်မှုပေါ်မူတည်ပြီး ရေလိုအပ်မှု အနည်းအများရှိပါသည်။ အသီးများများတင်လျှင် ရေများများ လိုအပ်မည် ဖြစ်ပါသည်။ အသီးများကို ခြွေပေးပြီး လိုအပ်သလောက်သာ ချန်ထားခြင်းဖြင့် ရေလိုအပ်မှု လျော့နည်းစေနိုင်ပါသည်။
အပင်ကြီးထွား၍ အထွက်နှုန်းကောင်းသည့်အပြင် အသီးကြီးကြီး သီးနိုင်သည်။ အသီးကောင်းစွာ မကြီးရင့်မီ ရေလျော့ခြင်း၊ ဖြတ်ခြင်း ဖြစ်ခဲ့လျှင် အသီးတင်မှု လျော့နည်း ကျဆင်းသွားသည်။
အသီးညှက်ခြွေခြင်း
မက်မန်းမျိုးအများစု အသီးညှက်ချွေရန် မလိုအပ်လှချေ။ သို့သော် အသီးများစွာ သီးတတ်သော ဂျပန်မျိုးများကိုမူ သီးညှပ်ခြွေခြင်း ဆောင် ရွက်လျက်ရှိပါသည်။ အပင်သက်တမ်းကြာရှည်စွာ သီးနိုင်ရန် နှင့် အသီးပုံမှန်အရွယ်အစား ကောင်းမွန်ရန် ခြွေလေ့ရှိသည်။ ဓာတု ဆေး များဖြင့်လည်း ခြွေချလေ့ရှိသည်။
ပိုးမွှားရောဂါများ
ပိုးမွှားအနေဖြင့် ကျိုင်းများ၊ ဘောင်ဖတ်များ ကျရောက်တတ်သည်။ ရောဂါများ အနေဖြင့် ဗိုင်းရပ်စ် ရောဂါများကြောင့် အပင်ပုခြင်း၊ မှိုများ ကြောင့် အသီးနှင့် ပင်စည်တွင် ချိုင့်ခြင်း၊ ပုပ်ခြင်းများ ဖြစ်တတ်ပါသည်။
ခူဆွတ်ခြင်း နှင့် အထွက်
ဧပြီလမှ နေ၍ ဇူလိုင်၊ သြဂုတ်လအထိ အသီးခူးနိုင်ပါသည်။ (၂) ကြိမ်မှ (၃) ကြိမ်အထိ ခူးဆွတ်ရပါသည်။ အသီးထွက်ရှိမှုအနေဖြင့် (၀.၇၅ မှ ၁.၅) တင်းအထိ ထွက်ရှိပါသည်။
Source – စိုက်ပျိုရေးဦးစီးဌာန
The post မက်မန်းပင် စိုက်ပျိုးနည်းစနစ် appeared first on Myanmar Farmers' Portal.