ကော်ဖီသီးနှံအတွက် အသုံးပြုမည့် အစိုကြိတ်ခွဲစက် ကိရိယာများ၊ သီးနှံအချဉ်ဖောက်ကန်များ အသီးလှန်းစင်/ တလင်းများ၊ သိုလှောင်ရုံများကို ကြိုတင်သန့်ရှင်းရေးလုပ်ပြီး ပြင်ဆင်ထားရမည်။
ကော်ဖီကြိတ်ခွဲရာမှ ထွက်လာသည့် စွန့်ပစ်အသီးခွံအစိုများ၊ ရေဆိုးများကို သီးသန့်နေရာ သတ်မှတ်ပြီး စနစ်တကျ စွန့်ပစ်ရမည်။
သီးနှံ (ကော်ဖီ) လှန်းတလင်းနှင့် လှန်းစင်များကို ကျောက်ခဲ၊ သဲ၊ တိရစ္ဆာန် အညစ်အကြေးများ ပေကျန်မှု မရှိအောင် သန့်ရှင်းထားရမည်။
ကော်ဖီသီးစို၊ သီးခြောက်ထည့်မည့် အိတ်ခွံများကို အိတ်အသစ်ဖြင့်သာ အသုံးပြုရမည်။ မြေသြဇာအိတ်ခွံနှင့် အခြား အနှံ့စွဲလွယ်သော အိတ်များအသုံးမပြုရ။
ကော်ဖီကြိတ်ခွဲရာတွင် (သီးစို) ရေကောင်းရေသန့်ကိုသာလျှငိ အသုံးပြုရမည်။
ကော်ဖီအရည်အသွေးကောင်းမွန်စေရန် သတ်မှတ်ထားသော နည်းပညာများကို အသုံးပြု၍ အသီးမှည့်များအားခူးခြင်း၊ အမှိုက်မပါစေခြင်း၊ ကော်ဖီတစ်ကီလိုလျှင် ရေ (၁ ဂါလံနှုန်းခန့်) ဖြင့် (၂၄) နာရီအတွင်း အသီးခွံချွတ်ခြင်း၊ (၃၆ – ၄၈) နာရီထိ အချဉ်ဖောက်ခြင်း၊ ကော်ဖီအိတ်များကို သစ်သားစင် (သို့မဟုတ်) သစ်သားကြမ်းခင်းဖြင့်သိုလှောင်ခြင်း စသည့်နည်းပညာအရလိုက်နာရမည့်အချက်များကို လိုက်နာဆောင် ရွက်ရမည်။
အသီးများနေလှန်းရာတွင် ညဘက်နှင်းများမစိုရန် နှင့် မိုးရွာပါက မိုးမစိုစေရန် ပလတ်စတစ်မိုးကာများ စီမံထားရမည်။
ကော်ဖီစေ့များ သိုလှောင်ရာတွင် စက်သုံးဆီ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဓါတ်မြေသြဇာများနှင့် ရောနှောမသိုလှောင်ရ။ ဂိုဒေါင်အတွင်းသို့ အသီးများ ရုတ်သိမ်းသိုလှောင်သည့် မှတ်တမ်းများထားရှိရမည်။
စိုက်ပျိုးရေးနှင့် အခြားဆက်စပ်ပစ္စည်းကိရိယာများ
ထွက်ကုန်သီးနှံအတွက် အသုံးပြုသော စက်ပစ္စည်းကိရိယာများ၊ သိုလှောင်ပစ္စည်းများနှင့် အခြားပစ္စည်းများသည် သန့်ရှင်းရန် လိုအပ်ပြီး ထွက်ကုန်သီးနှံကို ညစ်ညမ်းမှု မရှိစေရ။
စွန့်ပစ်ပစ္စည်းများ၊ ဓာတုပစ္စည်းများ နှင့် အခြားအန္တရာယ်ဖြစ်စေသည့် အရာများကို တိတိကျကျ သတ်မှတ် ထားရမည်။
၎င်းပစ္စည်းများဖြင့် ထွက်ကုန်သီးနှံများထည့်ခြင်း၊ သိုလှောင်ခြင်း၊ ထုပ်ပိုးခြင်းမပြုရ။
ရိတ်သိမ်းခြင်း နှင့် ထွက်ကုန်ပြုပြင်ခြင်း
ကော်ဖီသီးများကောင်းစွာရင့်မှည့်မှုရှိသည့် အချိန်တွင် ကော်ဖီပင်ကို မထိခိုက်စေသော နည်းစနစ်ဖြင့် ခူးဆွတ်ရိတ်သိမ်းရမည်။
ရိတ်သိမ်းခူးဆွတ်ပြီး ကော်ဖီသီးနှံများကို ကြိတ်ခွဲစက်ရုံသို့ အချိန်မီရောက်ရှိရန် စီမံရမည်။ ကော်ဖီမျိုးအလိုက် ခွဲခြားခူးဆွတ်ရိတ်သိမ်း ကြိတ်ခွဲမှတ်တမ်းများထားရှိရမည်။
မျိုးအဖြစ် အသုံးပြုမည့် စိုက်ကွက်အတွင်းရှိအပင်ကို သေချာရွေးချယ်ပြီး အမှတ်အသားပြုလုပ်ပြီး မှတ်တမ်း ထားရှိရမည်။
ကော်ဖီသီးခူးခြင်းကာလကို နိုဝင်ဘာမှ မတ်လလယ်ထိ သတ်မှတ်၍ မတ်လကုန် အပြီးဆောင်၇ွက်ရမည်။ အပင်နားနေကာလပေးရန် နှင့် အပင်ပြုပြင်ပုံသွင်း သန့်ရှင်းရေးလုပ်ရန်ဖြစ်ပါသည်။
အစေ့အဆံပြည့်ဝသော အရည်အသွေးမြှင့် အထူးတန်းဝင် ကော်ဖီစေ့ရရှိစေရန် စိုက်ပျိုးပြီး သက်တမ်း (၄) နှစ်ကျော်တွင် စတင်ခူးဆွတ်ရပါမည်။
စိုက်ပျိုးရေးဦးစီးဌာန
The post ကော်ဖီသီးနှံ မရိတ်သိမ်းမီ (မခူးဆွတ်မီ) လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် ရိတ်သိမ်းခြင်းလုပ်ငန်းများအကြောင်း appeared first on Myanmar Farmers' Portal.