အင်္ဂလိပ်အမည် – Plum or Jujube
ရုက္ခဗေဒအမည် – Zizyphus jujube
မျိုးရင်း – Rosaeeae
မူရင်းဒေသ – အရှေ့တောင်အာရှ
ဆီးသီး အမျိုးအစားခွဲခြားခြင်း
ဆီးရိုင်း နှင့် ဆီးယဉ်ဟူ၍ အဓိက နှစ်မျိုးရှိသည်။ ဆီးယဉ်တွင် ဆီတော်မျိုး၊ စလေဆီးသီးမျိုး၊ ယိုးဒယားဆီးသီးမျိုး ဟူ၍ သုံးမျိုးရှိသည်။ ဆီးတော်သည် အသီးတစ်လက်မ၊ တစ်လက်မခွဲရှိပြီး အစေ့ကြီးသည်။ စလေဆီးသီးသည် အစေ့ငယ်၍ အခွံပါးသဖြင့် အခွံပါ ၀ါးစား၍ ရသည်။ ယိုးဒယာဆီးသီးသည် ဆီးတော်ထက် ပို၍ ကြီးသည်။
ဆီးသီးစိုက်ပျိုးခြင်း
ဆီးသီးသည် မြေမရွေး စိုက်ပျိုး ဖြစ်ထွန်းသော်လည်း နုန်းမြေစေးနှင့် နုန်းမြေများတွင် မျိုးကောင်းများ စိုက်သင့်သည်။ ဆီးသီးပင်သည် ရေ၀ပ်ခြင်း ကို မကြိုက်ပါ။
ဆီးသီးကို အစေ့မှ စိုက်လေ့ရှိကြသည်။ အစေ့မြန်မြန် ပေါက်လိုသော် အစေ့ကို ကွဲအက်အောင် တူဖြင့် ထု၍ လည်းကောင်း၊ အဆံနီးပါး ရောက်အောင် သွေး၍ လည်းကောင်း စိုက်ပျိုးပါက ငါးရက်မှ ဆယ်ရက်အတွင်း အပင်ပေါက်လာမည်။
အစေ့မှ မစိုက်ပျိုးလိုပါက ဆီးရိုင်းများကို အစေ့ပျိုးထောင်ပြီး တစ်နှစ်သား ရှိသောအခါ မျိုးကောင်းဆီးနှင့် အတူမြှုပ်၍ လည်းကောင်း၊ ကိုင်းပူးဆက်၍လည်းကောင်း စိုက်ပျိုးနိုင်သည်။
ဆီးသီးပင်သည် အပင်အရပ်ပုက တစ်ပင် နှင့် တစ်ပင် ဆယ့်ငါးပေခွာ၍ လည်းကောင်း၊ အပင်လတ်မျိုးဖြစ်က တစ်ပင် နှင့် တစ်ပင် ပေနှစ်ဆယ်ခွာ၍လည်းကောင်း၊ အပင်မြင့်မျိုးဖြစ်ပါက တစ်ပင် နှင့် တစ်ပင် နှစ်ဆယ့်ငါးပေခွာ၍ လည်းကောင်း တြိဂံပုံ စိုက်စနစ်အရ စိုက်ပျိုးသင့်သည်။စိုက်ခင်းတွင် စိုက်ကျင်းများကို သုံးပေပတ်လည် နှစ်ပေ အနက်တူး၍ မြေဆွေး၊ သဲ၊ နုန်းတို့ ထည့်ကာ စိုက်ပျိုးနိုင်သည်။ ပြုစုမှုကောင်းသော ဆီးပင်သည် စိုက်ခင်းတွင် တစ်နှစ်ကြာသောအခါ သုံးနိုင်သည်။
ပင်ပိုင်းမျိုးပွား စိုက်ပျိုးထားသော ဆီးပင်ကို အောက်ခံပင်မှ ထွက်သည့် အကိုင်းများကို တစ်ပတ် တစ်ခါ ဖြတ်တောက် ဖယ်ရှားပေးရသည်။ စိုက်ခင်းတွင် တစ်နှစ်သားထက်ကျော်သော ထိုအကိုင်းများကို နှစ်ပတ်တစ်ခါ၊ တစ်လတစ်ခါ ဖြတ်တောက် ဖယ်ရှားပေးရသည်။
ပထမ နှစ်တွင် သီးမည့် အသီးအားလုံးကို မယူဘဲ အပွင့်အားလုံးကို ခြွေပစ်ခြင်း၊ နောက်တစ်နှစ်တွင် အသီး အလုံးငါးဆယ်ခန့်သာ ယူခြင်းဖြင့်နောက်နှစ်များတွင် သီးနှုန်းကောင်းစေပြီး အသီးလည်း ကြီးကာ အရသာလည်း ကောင်းမွန်ပေသည်။
ဓာတ်မြေသြဇာ ကျွေး၍ အပင်အရင်းမှ တစ်ပေခွဲမှ သုံးပေအတွင်း အပင်အရွယ်ကို လိုက်၍ တစ်ပေခန့် နက်သော မြောင်းဝိုင်း သို့မဟုတ် တစ်ပေခန့်စီ နက်သော ကျင်းငါးကျင်းစီ တူးဖော်ပြီး နွားချေး၊ မြေဆွေး၊ တစ်စိတ်မှ တစ်တင်းခန့် ထည့်ပေးရသည်။
အသီးလှိုင်လှိုင် သီးသောအခါ ရင့်မှည့်သော အသီးများကို ရွေး၍ ဆွတ်ခူးနိုင်သည်။ အသီးတုံးသော် အပင် သုံးပေခန့် အကွာမှ ဓားထက်ထက်ဖြင့် တိနေအောင် ဖြတ်ရသည်။ အပင်ပတ်လည်ရှိ ပေါင်းမြက်များကိုနုတ်ယူပြီး အပင်ပတ်လည်တွင် ဖြန့်၍ ပုံထားပေးရသည်။
စိုက်ပျိုးရေးဦးစီးဌာန
The post ဆီးသီး စိုက်ပျိုးနည်း appeared first on Myanmar Farmers' Portal.