Paddy Armyworm or Rice Grain nibbling caterpillar
သိပ္ပံအမည် – Mythimna separata Walker 1865
မျိုးစဉ် – Order : Lepidoptera;
မျိုးရင်း – Family :Noctuidae; Subfamily : Hadenina
လက္ခံပင်များ (Host Range)
အဓိကလက္ခံပင်များအနေဖြင့် စပါး(rice) ၊ ဂျုံ (wheat) ၊ ပြောင်း (maize) ၊ နှံစားပြောင်း (sorghum) ၊ ဘာလီ (barley) ၊ အုတ်(oats) ၊ ဆတ်(finger millet) ၊ ကြံ (sugarcane) ၊ ပဲများ(Peas) ၊ ပဲပုပ်(soya beans) ၊ ပဲစင်းငုံ(pigeon peas) ၊ သကြားမုန်လာ (sugarbeet) ၊ ဂေါ်ဖီထုပ် (cabbages) နှင့် အချို့ပေါင်းပင်များ(Weeds) စသည်တို့ဖြစ်ကြပါသည်။
ကျရောက်ဖျက်ဆီးတတ်သော အပင်၏အဆင့်နှင့် အစိတ်အပိုင်းများ
အပင် ကြီးထွားစဉ်ကာလ (Vegetative growing stage) အရွက်များနှင့် ပန်းခိုင်များပေါ် ကျရောက်ဖျက်ဆီး တတ်ပါသည်။
ဖျက်ဆီးမှု လက္ခဏာ (Damage Symptoms)
စပါးပင် အပင်ပိုင်း ကြီးထွားမှုကာလတွင် စပါးနှံဖြတ်ပိုး ဖျက်ဆီးမှုမှာ ထင်ရှားသည်။ အရွက်များ အများအပြား ကိုက်ဖြတ် စားသောက်ခြင်း ခံရပြီး အချို့အပင်များ၏ အရွက်များမှာ ရွက်ကြောသာ ကျန်နေသည်ကို တွေ့ရနိုင်သည်။ ဤဖျက်ပိုး၏ ပိုးတုံးလုံးများသည် ကြီးထွား နေသော အစေ့၏ လမ်မာ (အပေါ် ဖက်ပွင့် ဖတ်)နှင့် ပလီယာ (အောက်ဖက် ပွင့်ဖတ်) (Lemma and palea) များကို စားသောက် ဖျက်ဆီးကြသည်။ အပွင့်များရှိ ဝတ်ဆံဖိုများ ကိုလည်း စားသောက်တတ်ကြသည်။ ပျိုးခင်းတွင်ကျရောက်ပါက ပျိုးပင်များ၏ အခြေ ပင်စည်ပတ်လည်တွင် ကြီးမားသော ကိုက်ဖြတ်ရာများ ဖြစ်ပေါ်ပြီး အပင်များလဲပြိုနေသည်ကို တွေ့ရနိုင်သည်။ များပြားစွာ ကျရောက်ပါက လယ်ကွက်များတွင် တစ်ပြိုင်နက်တစ်ချိန်တည်း ဖျက်ဆီးခံရမှုများဖြစ်ပေါ် စေနိုင်သည်။ အစေ့ဖြစ်ပေါ်ချိန် ကျရောက်ဖျက်ဆီးပါက စပါးနှံများ ကိုက်ဖြတ်ခံရပြီး မြေကြီးပေါ်သို့ ကျနေတတ်သည်ကို တွေ့ရနိုင်ပါသည်။
ရုပ်သွင်လက္ခဏာ (Morphology)
အကောင်ကြီးအဆင့် (Adults)
ဖလံများသည် ညထွက်အလေ့အထရှိသော အုပ်စု (group of noctuid) တွင် ပါဝင်ပါသည်။ မျက်စေ့များ ပတ်လည်တွင် အမွေးများ ထူထပ်သည်။ ဖလံများ၏ ခန္ဓာကိုယ်သည်(၂၀ မီလီမီတာ)ခန့် အရှည်ရှိပြီး အတောင် တစ်ဖက်မှ အခြား တစ်ဖက်စွန်း ထိ(၄၀ မီလီမီတာ) ခန့်အရှည် ရှိသည်။ ရှေ့အတောင် များတွင် အရောင်ဖျော့ပြီး အဝိုင်းပုံ အပြောက် နှစ်ပြောက်ပါ ရှိကြသည်။ နောက်အတောင်များ ခပ်မွဲမွဲ နို့နှစ်ရောင်ဖြစ်သည်။ အချို့အညိုဖျော့ရောင်ဖြစ်သည်။ ရင်ပိုင်းနှင့် ဝမ်းဗိုက်ပိုင်းမှာ အရောင်ခပ်မွဲမွဲဖြစ်သည်။
ဥအဆင့် (Eggs)
လုံးဝိုင်းပုံဥ များသည် အချင်းဝက် (၀.၆ မှ ၀.၇) မီလီမီတာခန့် ရှိသည်။ ဥ မျက်နှာပြင် ပေါ်တွင် အလွန်နူးညံ့သော
မြောင်းအတန်း ကလေးများ ပါရှိသည်။ ဥ၏ အရောင်မှာ အဝါဖျော့ရောင်မှ အဝါရင့် ရောင်သို့ တဖြေးဖြေး ပြောင်းလဲ သွားသည်။
ပိုးတုံးလုံးအဆင့် (Larvae)
ဥမှ ပေါက်ကာစ ပိုးတုံးလုံးမှာ ခပ်မွဲမွဲ အဖြူရောင် ဖြစ်သည်။ နောက်ပိုင်းတွင် အစိမ်းရောင်သို့ ပြောင်းသွား သည်။ ဦးခေါင်းသည် လိမ္မော်ရောင် သို့မဟုတ် အညိုရောင် ဖြစ်သည်။ ပိုးတုံးလုံး အကောင်ကြီး များ၏ အရောင် များမှာ ကွဲပြားမှု ရှိသည်။ အစိမ်းဖျော့ဖျော့ရောင်မှမရမ်း စေ့အညို ဖျော့ရောင်(mauve-brown) ၊ စကျင်ကျောက် လိမ္မော်ညိုရောင်(marbled orange-brown) စသည်ဖြင့် အမျိုးမျိုး တွေ့ရနိုင်သည်။ ကျောဖက်တွင် ကျဉ်းမြောင်း သည့် အဖြူရောင်လိုင်းတစ်လိုင်း ပါရှိသည်။ ထို့အတူ အဝါဖျော့ရောင်၊ အဖြူရောင် အနားသတ် ဘေးဖက် ဒေါင်လိုက်အတန်းတစ်ခုပါရှိသည်။
ပိုးရုပ်ဖုံး (Pupae)
ပိုးရုပ်ဖုံးမှာ ပယင်းရောင် အဖျော့ (light amber) မှ အမဲရောင်၊ တောက်ပသော အညိုရောင်(shiny brown) ဟူ၍ အသက် ပေါ်လိုက်ပြီး အမျိုးမျိုး တွေ့ရ တတ်သည်။ အရှည်မှာ (၁၅ မှ ၁၉ မီလီမီတာ) ရှိပြီး ၊ အကျယ်မှာ (၅ မှ ၆ မီလီမီတာ) ရှိသည်။ အဖျားပိုင်း တွင် အနက် ရောင်မာကြောသည့် အတက် (cremasters) နှစ်ခု ပါရှိသည်။
စက်ကရိယာများအသုံးပြုခြင်းနှင့် ရုပ်ပတ်ဝန်းကျင် ပြုပြင်ပြောင်းလဲပေးခြင်းအားဖြင့် ကာကွယ်နှိမ်နင်းခြင်း (Mechanical and Physical Control)မြောင်းများ၊ အတားအဆီးများ လယ်ကွက်တစ်ကွက်နှင့် တစ်ကွက်ကြားတွင် တူးပေးထားခြင်းဖြင့် အကွက် ရွှေ့ပြောင်း မည့် ပိုးတုံးလုံးကောင်များကို အခက်အခဲ ဖြစ်စေသည်။ ယင်းမြောင်း ထဲတွင် ရေဖြည့်ထည့်ပြီး ရေနံဆီ ရောထည့် ထားပေးခြင်း ဖြင့် ၎င်း မြောင်းထဲကျလာသော ပိုးတုံးလုံးများကို သေစေနိုင်သည်။ ဥအစုအဝေးများ၊ ပိုး တုံးလုံးများကို လက်ဖြင့်ကောက်ယူပြီး၊ လက်ဖြင့်ချေ ဖျက်ပစ်ခြင်းဖြင့် အကောင်များ ပေါက်မလာ အောင် ကာကွယ် နိုင်ပါသည်။
သက်ရှိများအသုံးပြုပြီး ကာကွယ်နှိမ်နင်းခြင်း (Biological control)
ဤအင်းဆက်ပိုး၏ ပိုးတုံးလုံးများ ကျနေသော အကွက်ထဲသို့ ဘဲများ လွှတ်ကျောင်း ပေးခြင်းဖြင့် ဘဲများက ပိုးတုံးလုံး များကို စားပစ် သောကြောင့် ပိုးအရေ အတွက် များပြား မလာအောင် ကာကွယ်နိုင် ပါသည်။ ပိုးတုံးလုံး များကို ကောက်စား တတ်သည့် ငှက်များနားခိုရန် နေရာများကို လယ်ကွက်ကန်သင်းဘေး၊ ဘောင်များတွင် ပြုလုပ်ပေးခြင်းဖြင့် ငှက်များက ပိုးတုံးလုံးများကို ကောက်စား နိုင်ခြင်းဖြင့်လည်း နှိမ်နင်းမှု ပြုလုပ် နိုင်သည်။
နယူးဇီလန်နိုင်ငံတွင် ပါကစ္စတန်နိုင်ငံမှ တင်သွင်းသော ကပ်ပါးနဂျီများ (Cotesia ruficrus) အရေအတွက် (၂၄၅၀၀) ကို (၁၉၇၉) ခုနှစ်တွင် စိုက်ခင်းထဲသို့ လွှတ်ပေးခြင်းဖြင့် ကပ်ပါးပြုလုပ်မှုနှုန်း (၅၀ မှ ၅၅ %) ထိ တိုးတက်လာသည်ကို တွေ့ရသည်။ အများဆုံး ၈၀% ထိ တိုးမြင့်လာပြီး ပိုးတုံးလုံး အရေအတွက်မှာ သိသိသာသာ လျော့နည်း သွားသည်ကိုတွေ့ရနိုင်သည်။
ခံနိုင်ရည် ရှိသော အပင်များအသုံးပြုခြင်း (Host-Plant Resistance)
လက်ရှိ အခြေအနေ တွင် စပါးနှံ ဖြတ်ပိုးကို ခံနိုင်ရည် ရှိသော စပါးမျိုး အတိအကျ မသိရှိနိုင်သေးချေ။ အချို့ စပါး အရိုင်း ပင်များ(wild rice) သည် လက်ရှိ စိုက်ပျိုး နေသော စပါးမျိုးများ ထက်ခံနိုင်ရည် ပိုရှိကြသည်ကို တွေ့ရသည်။ ဤအင်းဆက်ပိုးကို ခံနိုင်ရည် ရှိပြီး အထွက်နှုန်း ကောင်းမွန်၍ စားသုံးမှု အရသာ ကောင်းသော စပါးမျိုး ရရှိရန် မျိုးစပ်ခြင်းများ ပြုလုပ် ဆောင်ရွက်ရန် လိုအပ် ပါသည်။ ဤကဲ့သို့ ရရှိရန်ဆောင်ရွက်ခြင်းသည် အလွန်ခက်ခဲ လှပြီး၊ အချိန်ကာလလည်း ကြာမည်ဖြစ်ပါသည်။
ဓာတုပိုးသတ်ဆေးများသုံး၍ ကာကွယ်နှိမ်နင်းခြင်း (Chemical Control)
ယေဘုယျ အားဖြင့် စီးပွားရေးကို ထိခိုက်စေ နိုင်သော ဤအင်းဆက်ပိုး၏ အရေအတွက် အီးတီ (ET- Economic thresholds) မှာ အနှံမထွက်မီ အချိန်တွင် အပင်ရုံ တစ်ရုံလျှင် ပိုးတုံးလုံး တစ်ကောင်မှ ၅ ကောင်(၁-၅ larvae/hill ) သို့မဟုတ် တစ်စတုရန်း မီတာဧရိယာ တွင် ပိုးတုံးလုံး အရေအတွက် ၉ ကောင် (9 larvae/m2) တွေ့ရလျှင် အီးတီ ရောက်ပြီဟု သတ်မှတ်နိုင်သည်။ ထိုအချိန် တွင်သင့် တော်သော ဓာတုပိုးသတ် ဆေးများ သုံး၍ ကာကွယ် နှိမ်နင်းခြင်းကို ဆောင်ရွက် ရပါမည်။ အနှံထွက်ချိန် အီးတီမှာ အနှံမထွက်
မီအချိန်ထက်နိမ့်ပါသည်။ အပင်ရုံ တစ်ရုံ(အနှံ ၁၀ နှံ)လျှင် ပိုးတုံးလုံး(၁.၄)ကောင်မှ (၁) ကောင်(၁-၅ larvae/hill = ၁၀ panicles) တွေ့ရလျှင် အီးတီရောက်ပြီဟု သိရှိနိုင်ပြီး ဓာတုပိုးသတ်ဆေးများသုံး၍ ကာကွယ်နှိမ်နင်းခြင်းကို ဆောင်ရွက်ရ ပါမည်။
ဥပမာ-မာလာသီယွန် အေအိုင် (ai-active ingredient) ၀.၀၅ %ကို တစ်ဧကလျှင် ၅၀ ဂါလံနှုန်း ပက်ဖျန်း ပေးနိုင်ပါသည်။ နျူက လီးယားပိုလဟီဒရီုစစ် ဗိုင်းရပ်ဖြင့် ဖော်စပ်ထားသော အဏုဇီဝ ပိုးသတ်ဆေး (Microbial insecticide) များကိုလည်းအသုံးပြုနိုင် ပါသည်။
ကာဗိုဖျူရမ် ၃ ဂျီ၊ ကလိုပိုင်ရီဖေါ့ စသည့် အင်းဆက် ပိုးသတ်ဆေး များလည်း ကာကွယ်နှိမ် နင်းရာတွင် အသုံးပြုနိုင်သည်။
စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)
The post စပါးနှံဖြတ်ပိုး ကာကွယ်နည်းအကြောင်း appeared first on Myanmar Farmers' Portal.